ဝိပဿနာ အခြေခံ ဆောင်ပုဒ်များ

0 comments
29-10-2009
၁။ မျက်စိ, အဆင်း ၊ အလင်းဆုံရင် ။
မြင်, တွေ့ , ခံစား ၊ မှတ်သားစီရင်။
မရှုမြင်ခိုက် ၊ မြင်ကြိုက် စွဲခင် ။
ကံဘ၀ ၊ ဖြစ်ရ ကောင်းဆိုးပင် ။

၂။ ဘ၀ကံရှိ ၊ ဇာတိဖွားမြင် ။
အို သေ ပူဆွေး ၊ ငိုကြွေး ရှိုက်ငင် ။
ကိုယ်, စိတ် ဒုက္ခ ၊ ပြင်းပြ ပူပင် ။
လောက စက် ၊ ဖြစ် ပျက် ထာဝစဉ် ။

၃။ အသံနှင့်နား ၊ မခြား ဆုံရင် ။
ကြား, တွေ့ ခံစား ၊ မှတ်သားစီရင် ။
မရှုကြားခိုက် ၊ ကြား ကြိုက်စွဲခင် ။
ကံဘ၀ ၊ ဖြစ်ရကောင်းဆိုးပင် ။

၎။ အနံ့ နှာခေါင်း ၊ လေကြောင်းသင့်ရင် ။
နံ, တွေ့ ခံစား ၊ မှတ်သားစီရင် ။
မရှု နံခိုက် ၊ နံ ကြိုက် စွဲခင် ။
ကံဘ၀ ၊ ဖြစ်ရ ကောင်းဆိုးပင် ။

၅။ ရသာ လျှာနှင့် ၊ ရေ သင့်ဆုံလျှင် ။
စား, တွေ့ ခံစား ၊ မှတ်သားစီရင် ။
မရှု စားခိုက် ၊ စား ကြိုက်စွဲခင် ။
ကံဘ၀ ၊ ဖြစ်ရ ကောင်းဆိုးပင် ။

၆။ ကိုယ်နှင့် ဖောဋ္ဌဗ် ၊ မြေဓာတ်ဆုံရင် ။
ထိ, တွေ့ ခံစား ၊ မှတ်သားစီရင် ။
မရှု ထိခိုက် ၊ ထိ ကြိုက်စွဲခင် ။
ကံဘ၀ ၊ ဖြစ်ရ ကောင်းဆိုးပင် ။

၇။ နှလုံး မန ၊ ဓမ္မ ဆုံရင် ။
ကြံ, တွေ့ ခံစား ၊ မှတ်သားစီရင် ။
မရှု ကြံခိုက် ၊ ကြံ ကြိုက်စွဲခင် ။
ကံဘ၀ ၊ ဖြစ်ရ ကောင်းဆိုးပင် ။

၈။ ဘ၀ကံရှိ ၊ ဇာတိဖွားမြင် ။
အို သေ ပူဆွေး ၊ ငိုကြွေး ရှိုက်ငင် ။
ကိုယ် စိတ် ဒုက္ခ ၊ ပြင်းပြ ပူပင် ။
လောက စက် ၊ ဖြစ်ပျက် ထာဝစဉ် ။

၉။ မျက်စိ, အဆင်း ၊ အလင်းဆုံရင် ။
မြင်, တွေ့ , ခံစား ၊ မှတ်သားစီရင်။
ရှုမှတ် မြင်ခိုက် ၊ မြင် ကြိုက် ကင်းစင် ။
ကံဘ၀ ၊ ဥာဏ်က မှတ်သုတ်သင် ။

၁၀။ ကောင်းဆိုးကံဘ၀ ၊ ဥာဏ်က သတ်ရင် ။
ဖြစ်, အိုသေလဲ ၊ ပြတ်စဲ ကင်းစင် ။
ပူဆွေး ငိုကြွေး ၊ ၀ဋ်ဘေး ကုန်စင် ။
လောကစက် ၊ ကျိုးပျက် နိဗ္ဗာန်ဝင် ။

၁၁။ အသံနှင့်နား ၊ မခြား ဆုံရင် ။
ကြား, တွေ့ ခံစား ၊ မှတ်သားစီရင် ။
ရှုမှတ် ကြားခိုက် ၊ ကြား ကြိုက် ကင်းစင် ။
ကံဘ၀ ၊ ဥာဏ်က မှတ်သုတ်သင် ။

၁၂။ အနံ့ နှာခေါင်း ၊ လေကြောင်းသင့်ရင် ။
နံ, တွေ့ ခံစား ၊ မှတ်သားစီရင် ။
ရှုမှတ်နံခိုက် ၊ နံ ကြိုက် ကင်းစင် ။
ကံဘ၀ ၊ ဥာဏ်က မှတ်သုတ်သင် ။

၁၃။ ရသာ လျှာနှင့် ၊ ရေ သင့်ဆုံလျှင် ။
စား, တွေ့ ခံစား ၊ မှတ်သားစီရင် ။
ရှုမှတ် စားခိုက် ၊ စား ကြိုက်ကင်းစင် ။
ကံဘ၀ ၊ ဥာဏ်က မှတ်သုတ်သင် ။

၁၄။ ကိုယ်နှင့် ဖောဋ္ဌဗ် ၊ မြေဓာတ်ဆုံရင် ။
ထိ, တွေ့ ခံစား ၊ မှတ်သားစီရင် ။
ရှုမှတ် ထိခိုက် ၊ ထိ ကြိုက်ကင်းစင် ။
ကံဘ၀ ၊ ဥာဏ်က မှတ်သုတ်သင် ။

၁၅။ နှလုံး မန ၊ ဓမ္မ ဆုံရင် ။
ကြံ, တွေ့ ခံစား ၊ မှတ်သားစီရင် ။
ရှုမှတ် ကြံခိုက် ၊ ကြံ ကြိုက် ကင်းစင် ။
ကံဘ၀ ၊ ဥာဏ်က မှတ်သုတ်သင် ။

၁၆။ ကောင်းဆိုး ကံဘ၀ ၊ ဥာဏ်ကသတ်ရင် ။
ဖြစ် အို သေလဲ ၊ ပြတ်စဲ ကင်းစင် ။
ပူဆွေး ငိုကြွေး ၊ ၀ဋ်ဘေး ကုန်စင် ။
လောကစက် ၊ ကျိုးပျက် နိဗ္ဗာန်ဝင် ။ ။

ကျေးဇူးရှင် ဆရာတော် သုဇာတမထေရ်
ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၊
နာယက ကမ္မဋ္ဌာနာစရိယ၊ သြ၀ါဒါစရိယ

ဆယ့်နှစ်လရာသီပန်း

2 comments
ပန်းကံ့ကော် ရွှေစံကား
ငွေသားနု စံပယ်မှန်။
မုလေး၊ ခတ္တာ နှင့်
ရွှေရင်းမာ* ကြာ ခ၀ဲ
ဖွဲ စ နှင်းလျှံ၊
သဇင် ကျန်
ခွာတန် နှင့် ပေါက်လဲ။
ပွင့်ဝတ်ကယ် ရွှေဖီမင်း
သင်းထုံနံ့ကဲ။

ကင်းဝန်မင်းကြီး

ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာ

1 comments
29-10-2009
အလှူရေစက်လက်နှင့်မကွာ လှူဒါန်းကြသော မြန်မာဗုဒ္ဓဘာသာတို့ နယ်ပယ်၌ “ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသော ဆိုရိုးစကားလေးကို လူတိုင်း ကြားဘူးကြမည်ထင်ပါသည်။ ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်၊အဘယ့်ကြောင့်ဆိုသော် သိမ် ကျောင်းသည် ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကို ပြုလုပ်ခြင်းတို့၌ အကျိုးပြုသောကြောင့် ဖြစ်ပေသည်။ ထို့အတူ သင်္ကန်းလှူတာခြင်း အတူတူ “ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပိုမြတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် ကထိန် သင်္ကန်း လှူဒါန်းရာ၌ ထူးခြားချက်များစွာ (စည်းကမ်း များစွာ)ရှိနေသောကြောင့်ဖြစ်ပေသည်။ ကထိန် သင်္ကန်းအလှူ၏ထူးခြားချက်(စည်းကမ်းတို့ )ကို အနည်း ငယ်မျှ ရှင်းပြပါဦးမည်၊ ကထိန်သည် လှူဒါန်းမှု ဖြစ်ပေါ် လာပုံအားဖြင့်လည်းကောင်း၊ အချိန်ကာလအားဖြင့် လည်းကောင်း၊ အလှူခံအားဖြင့်လည်းကောင်း ၊ လှူဒါန်းဖွယ်ရာ ပစ္စည်းအားဖြင့်လည်းကောင်း၊ လှူနည်းအားဖြင့်လည်းကောင်း၊ (၀ိနည်းသိက္ခာပုဒ် ကင်းလွတ်ခွင့်ရခြင်း )အကျိုး အားဖြင့် လည်းကောင်း ၊ တစ်ခြားသော ဒါနတို့နှင့်မတူ “ မူ”များစွာ ထူးခြားနေ သည်ကို တွေ့ရှိနိုင်ပေသည်။

၁။ တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘကိုသော်လည်းကောင်း ၊ဆွေမျိုးကိုသော်လည်း ကောင်း ၊ဖိတ်မာန်ထားသူ (ရဟန်းဒကာ ရဟန်းအမ စသူ) တို့ကိုသော်လည်းကောင်း နှုတ်မြွက်၍ အလှူခံ ကောင်း (တောင်းကောင်း )၏ ၊ကထိန်သင်္ကန်းကိုကား မိဘကို သော်မှလည်း နှုတ်မြွက်၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မအပ်ပေ၊ တစ်ခြားသူတို့ကိုကား အဘယ်မှာ ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း၊ သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်၍ လှူသော ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ အလှူ ခံကောင်း၏ ၊ ( ကောင်းကင်မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေမိုးပေါက်ကဲ့သို့သဒ္ဓါတရား သန့် သန့် လေးဖြင့်လှူသော “ကထိန်သင်္ကန်း” ဖြစ်ရပေမည်။ ယင်းကဲ့သို့သော ကထိန်သင်္ကန်းကိုပင် “မိုးကျကထိန်” ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ (ကထိနံနာမ အတိဥက္ကဋ္ဌံ ၀ဋ္ဋတိ ၊ မာတရမ္ပိဝိညာပေတုံ န၀ဋ္ဋတိ၊အာကာသတော သြတိဏ္ဏသဒိသမေ၀ ၀ဋ္ဋတိ ၊)

၂။ကထိန်သင်္ကန်းသည်တစ်ခြားသော လှူဖွယ် တို့ကဲ့သို့ လှူချင်သည့်အချိန်လှူခွင့် မရပေ၊ သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့်ရှိ၏။ ( ကထိန်ခင်းခွင့် ရှိ၏ ) ကျန်သော အချိန်များ၌ကား လှူခွင့် လုံးဝ မရှိပေ၊ ထို့ပြင် ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊တစ်လမှ တစ်ရက်၊ တစ်ရက်မှ (တစ်ကျောင်း ) တစ်ကြိမ်သာ လှူခွင့် ရှိလေသည်။

၃။လှူဖွယ်ပစ္စည်းအားဖြင့် ကထိန်ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်းတို့တွင် တစ်မျိုးမျိုး ဖြစ်ရပေမည်။ ( တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ် လှူဒါန်းနိုင်ပါသည် )

၎။ လှူနည်းအားဖြင့်သံဃိကဒါနအဖြစ် သံဃာ အားသာ လှူဒါန်းရမည်ဖြစ်ပေသည်။
(ပုဂ္ဂိုလ်စွဲဖြင့် ပုဂ္ဂလိကဒါနအဖြစ် လုံးဝမလှူကောင်းပေ)၊ သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရ၏ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ လှူဒါန်းရသောကြောင့် ကထိန်ခင်းမည့် သင်္ကန်းကို “ ဉတ်သင်္ကန်း” ဟု ခေါ်ဆိုကြလေသည်။

၅။အလှူခံသော ရဟန်းသည်လည်း ပုရိမ၀ါ ကပ်၍ (၀ါမကျိုး မပျက်သော ) သီတင်းကျွတ် လပြည့် နေ့၌ ၀ါမှကျွတ်သော ရဟန်းတော်များသည်သာအလှူခံ ခွင့် ရှိလေသည်။ (ထိုရဟန်းတို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်းကို ပထမဦးစားပေး၍ လှူဒါန်းရမည်ဖြစ်ပေသည်၊ ထိုရဟန်းမရှိမှ မထေရ်ကြီးစသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်း ရမည် ဖြစ်ပေသည်။

၆။ အကျိုးအားဖြင့် ကထိန်အာနိသင်ရသော (ကထိန်ခံသော ရဟန်းနှင့်အနုမောဒနာပြုသော) ရဟန်းတော်များသည် ၀ိနည်းသိက္ခာပုဒ် နှင့်သက် ဆိုင်သည့် ကင်းလွတ်ခွင့် (၅) မျိုးကို သီတင်းကျွတ်လပြည့်ကျော် - ၁ -ရက်နေမှစ၍ တပေါင်းလပြည့် နေ့ထိ ၅ - လ တိုင်တိုင် ရရှိကြလေသည်။

ရဟန်းတော်များ ရနိုင်သောအကျိုး (၅) ပါး

၁။ မပန်မကြား ၊ လိုရာသွား ၊ ပြစ်များမသင့်ပြီ။
ဒကာ ဒကာမတို့၏အိမ်သို့( မြို့တွင်းရွာတွင်းသို့ ) သွားလို သည့်အခါ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားနိုင် ပါသည် ။ (အကယ်၍ ကထိန်အာနိသင်မရမူ ခွင့်မပန်ပဲ သွားလျှင် အာပတ်သင့်၏ )

၂။ သုံးထည်ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။
တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည်တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည် ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားနိုင်ပါသည်။ (အကယ်၍ ကထိန်အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားလျှင် အာပါတ်သင့်၏ )

၃။လေးပါးတူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။
ပင့်ဖိတ်သူဒကာ၊ ဒကာမတို့က အပင့်အဖိတ်မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊ မုန့်ဟန်းခါးစား ကြွပါဘုရား၊ စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့် ရှိ၏၊(အကယ်၍ ကထိန်အာနိသင် မရပဲ ဘုဉ်းပေးလျှင် အာပါတ်သင့်၏)

၎။ သင်္ကန်းများစွာ ၊ ငါးလမှာ ၊ သိမ်းကာ ထားနိုင်သည်။
မိမိရရှိသောသင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ (သင်္ကန်းကာလ- ၅ -လအတွင်း ) ထားပိုင်ခွင့် ရှိသည်၊
( အကယ်၍ ကထိန်အာနိသင် မရရှိပဲမိမိ ပိုင်သင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ ထားရှိပါက - ၁၀ - ရက်ကျော်လျှင် အာပါတ်သင့်၏)။

၅။သံဃာလှူငြား ၊ သင်္ကန်းများ ၊ သူအားသာ ဖြစ်သည်။
ကထိန်ခင်းသောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်းတို့ ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဘန်ခွင့် ရှိသည်။ (အကယ်၍ကထိန်အာနိသင်မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဘန် လျှင် အာပါတ်သင့်နိုင်၏ )။
ကထိန်နှင့်ပါတ်သက်၍ ရဟန်းတော်များ ထူးခြားသော အကျိုးတို့ကို့ ရရှိနိုင်သကဲ့သို့ ကထိန် သင်္ကန်း လှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးထူး များ ရရှိနိုင်ပါသည်။

လှူသူမှာလဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။

၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
မိမိသွားလိုရာအရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့်အရှက်မရှိ လွတ်လွတ်လပ်လပ် သွားလာ နိုင်သည်။

၂။တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။

၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
မည့်သည့် အစားအစာကိုပဲစားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ် သင့်ခြင်း မဖြစ်နိုင်။ (အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ၀မ်းမီးနှင့် ပြည့်စုံသည် )။

၎။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
မိမိပိုင်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန်များ မကျရောက်နိုင်။

၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိကမပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။ ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။
ထို့ပြင် ကထိန်သင်္ကန်းလှူဒါန်းသော အလှူ ရှင်များမှာ --ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသား အရေရှိခြင်း၊ ခန္ဓာကိုယ်၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း ၊ ( အလှဖျက် အနာအဆာ မရှိခြင်း ) ၊ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း ၊ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း ၊ ညိုရွှေဖြူနီစသော ခေတ်ပေါ် အ၀တ်အထည် အမျိုးမျိုးကို ဆင်မြန်းခွင့် ၀တ်ဆင်ခွင့်ရခြင်း ၊ ကျောင်းအမကြီး ၀ိသာခါစသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာကို ဆင်မြန်းခွင့်ရရှိ ခြင်းတို့နှင့် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်း ဟူသော အကျိုးတရားများစွာ တို့ကိုလည်း ရရှိနိုင် ပေသည်။

ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည် သာသနာပြုရာ၌ ဗဟိုဌာနချုပ်သဖွယ်ဖြစ်သော သာဝတ္ထိပြည် အနာထပိဏ်သူဌေး ( သူဌေးကတော်ပုညလက္ခဏဒေ၀ီ ) ဆောက်လုပ်လှူဒါန်းအပ်သော ဇေတ၀န် ကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူ၏။
ထိုစဉ်အခါ တောရကျောင်း၌ သီတင်းသုံး နေထိုင်ခြင်း အာရညက ဓုတင်၊ဆွမ်း ခံ၍ဘုဉ်းပေးခြင်း ပိဏ္ဍပါတ် ဓုတင်၊ လူတို့ကမသုံးလို၍ အမှိုက်ပုံစသည်၌ စွန့်ပစ်ထားသော မြေမှုန့်အလိမ်းလိမ်းကပ်ငြိနေသော အ၀တ်စုပ်ကို သင်္ကန်းချုပ်ဆိုးကာဝတ်ရုံသုံး ဆောင်ခြင်း ပံသူကူဓု တင်၊ သင်းပိုင် ဧကသီ ဒုကုဋ်ဟူ သောသင်္ကန်း သုံးထည် ကို အမြဲဆောင်ခြင်း တိစီဝရိက်ဓုတင်၊ ယင်းဓုတင် အကျင့်မြတ်တို့ကိုကျင့် သုံးကြသော ဘဒ္ဒ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ရှင်တော်မြတ် ဘုရားကို ဖူးမြင်ရန် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ လာကြ ရာ ၀ါဆိုရက် နီးကပ်နေ၍ သာဝတ္ထိ ပြည်သို့လည်း ၀ါဆိုရန်မမှီတော့သည့်အတွက် လမ်းခရီးအကြား သာဝတ္တိ ပြည်နှင့် ခြောက်ယူဇနာ ဝေးသော (တစ်ယူဇနာ- ၈ -မိုင်နှုန်း ) သာကေတမြို့၌သာ ၀ါဆိုကြရရှာလေသည်။ ထိုရဟန်းတော်သုံးကျိပ်တို့ သည် ရှင်တော်မြတ်ဘုရားနှင့် “နီးလျှက်နဲ့ဝေး” ဖြစ်နေကြသောကြောင့် မပျော်ပိုက်ပဲ တစ်ဝါတွင်းလုံ၊ နေကြရလေသည်။
ဝါကားကျွတ်လေပြီ၊ သို့သော် မိုးကား မလွတ် သေးပေ၊ မိုးလွတ်သည်ထိလည်း အချိန်ကုန်ခံ၍ စောင့် မနေနိုင်တော့ပေ၊ ထို့ကြောင့် ၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်နှင့် တပြိုင်နက် မိမိတို့ ၀ါဆိုရာ သာကေတမှ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိသို့ မိုးထဲရေထဲ ရွှံထဲဗွက်ထဲ မှာပင် ဘုရားရှင်ကို ဖူးမြင်ရန် ဆန္ဒ ပြင်းပြကြသဖြင့် မိုးရေစိုရွှဲ ပင်ပမ်းဆင်းရဲစွာ ကြွတော်မူ ကြရလေသည်။
ဘုရားရှင်ထံမှောက် ရောက်ကြ၍ လက်အုပ် ချီမိုး ရှိခိုးကြပြီး သင့်တော်ရာ၌ ထိုင်နေကြသော ထိုဘဒ္ဒ ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့အား ဘုရားရှင်က “ရဟန်းတို့
အသို့နည်း၊ ကျန်းမာကြကုန်၏လော ၊မျှတကြကုန်၏လော၊ အညီအညွတ် ၀မ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြပါကုန်၏လော၊ ဆွမ်းအတွက် မပင်ပမ်းပဲ ရှိကြပါကုန်၏လော”ဟု မေးမြန်းတော်မူရာ၊ ရဟန်းတော်များက “ ကျန်းကျန်းမာမာ မျှမျှတတ ညီညီညွတ်ညွတ် နှင့် နေခဲ့ကြရပါသည် ၊ ဆွမ်းအတွက် လည်း မပင်ပမ်းပဲ ရှိကြပါသည်။ သို့သော် သာဝတ္ထိသို့ ၀ါဆိုမှီရန် လာကြပါသော်လည်း ၀ါဆိုရက်နီးကပ်လွန်း သဖြင့် လမ်းခရီးအကြား သာကေတ၌သာ ၀ါဆို ခဲ့ကြရ ပါသည်၊၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်ဆိုရင်ပဲ မိုးထဲ ရေထဲရွှဲ့ထဲဗွက်ထဲ စိုရွှဲသောသင်္ကန်း များဖြင့်ပင်ပင် ပမ်းပမ်း လာခဲ့ကြရပါသည်ဘုရားဟု” အကြောင်းစုံကို ရှင်တော်မြတ်ဘုရားအား လျှောက်ထားကြလေသည်။ ထိုပါဝေယျကတိုင်းသား ရဟန်းတော်တို့၏ နှစ်ထပ် သင်္ကန်းကိုယ်စီ ဆောင်ထားကြလျှက် မိုးထဲရေထဲ ရွှံ့ထဲ ဗွက်ထဲ၌ မိုးရေများစိုရွှဲကာ ပင်ပမ်းဆင်းရဲကြီးစွာဖြင့် -လာကြရသည်ကို အကြောင်းပြု၍ “ အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ၀ုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊ ရဟန်းတို့ ၀ါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏” ဟု အစရှိသည်ဖြင့် ကထိန်ခင်းခြင်း (ကထိန်သင်္ကန်း) ကို ရှင်တော် မြတ်ဘုရား ခွင့်ပြုတော်မူပါသည်။

၁။ ဥစ္စာဓန၊ ပေါကြွယ်ဝလည်း၊ လောဘစုံမက်၊
မလှူရက်က၊ တသက်လျှာ လူဖြစ်နာ၏။

၂။ ဘုရားသာသနာ၊ ကြုံတွေ့ပါလည်း၊ ကောင်းစွာ
သီလ၊ မတည်ကြလျှင်၊ ဘ၀တွက်တာ လူဖြစ်နာ၏။

၃။ သူတော်တရား၊ နာရငြားလည်း၊ လေးစားကြိုး
ကုတ်၊ အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ လူဖြစ်နာ၏။

၎။ ဗုဒ္ဓတရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက်
လမ်းလွဲလိုက်က၊ အမိုက်ထိပ်ဆုံး လူဖြစ်ရှုံး၏။

၅။ လက်ရှိဘ၀၊ မရှုံးရအောင်၊ ဒါနသီလာ၊ ဘာဝနာကို၊ မကွာနေ့ည၊ ကြိုးစားကြလော့…. ။

အရှင်ကိတ္တိဇယ(ညောင်ကန်အေး)

အံ့ဖွယ် (၈) ဖြာ သာသနာ

0 comments
တချိန်သောအခါ မြတ်စွာဘုရားသည် နဠေရုမည်သော တမာပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ အဲဒီအချိန်ခါမှာ ပဟာရာဒလို့ခေါ်သည့် အသူရိန်က မြတ်စွာဘုရားထံသို့ ရောက်လာပြီး “မြတ်စွာဘုရား၏ သာသနာတော်မှာ ရဟန်းတော်တွေ မွေ့လျော်နေကြတာ အဘယ်အံ့ဖွယ်တွေရှိနေလို့ ပျော်မွေ့နေကြတာလဲ” ဟု သိလို၍ မေးလို၍ ရောက်လာခြင်းဖြစ်သည်။
သို့ပါသော်လည်း မြတ်စွာဘုရားထံသို့ ရောက်လာသည့်အခါကြတော့ မြတ်စွာဘုရား၏ ဘုန်းတန်ခိုး အာနုဘော်တွေ၊ မြတ်စွာဘုရား၏ ဘုန်းကံကြီးမားပုံတွေကို တွေ့မြင်ရသောကြောင့် ရှေးဦးစွာ မေးခွန်းများကို မလျှောက်ထားဝံ့ပေဘူး။
အဲဒါကို မြတ်စွာဘုရားသိတော်မူသောကြောင့် မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူပါတယ်။ “ပဟာရာဒ အသူရိန် …အသူရာတို့သည် သမုဒ္ဒရာ၌ ပျော်မွေ့နေကြသည်။ ဘာအံ့ဘွယ်တွေရှိ၍ ပျော်မွေ့နေကြတာလဲ” ဟု မြတ်စွာဘုရားက ရှေးဦးစွာ မေးတော်မူတဲ့အခါကျမှ ပဟာရာဒ အသူရိန်က “သမုဒ္ဒရာမှာ အံ့ဖွယ် (၈)မျိုး ရှိပါတယ်” ဟု လျှောက်ထားပါတယ်။ (၈)မျိုးကို ဖြေပြီးတဲ့အခါ ပဟာရာဒ အသူရိန်က မြတ်စွာဘုရားကို လျှောက်ထားပြန်ပါတယ်။
“မြတ်စွာဘုရား …မြတ်စွာဘုရား၏ သာသနာတော်ကြီးမှာ မြတ်စွာဘုရား၏ တပည့်သားတွေ သာသနာတော်မှာပျော်မွေ့နေကြတာ ဘာအံ့ဖွယ်တွေရှိနေလို့ ယခုလို ပျော်မွေ့နေကြတာလဲ ဘုရား ” ဟု လျှောက်ထားတဲ့အခါ မြတ်စွာဘုရားက “ငါဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ်ရာ (၈)မျိုး ရှိတဲ့အတွက်ကြောင့် ငါဘုရား၏ တပည့်သား ရဟန်းတော်တို့သည် သာသနာတော်မှာ ပျော်မွေ့နေကြတာပဲ” လို့ မြတ်စွာ ဘုရားက ပြန်၍ ဖြေကြားလိုက်ပါတယ်။
သမုဒ္ဒရာမှာ အံ့ဖွယ်(၈) ဖြာရှိသလို မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ် (၈)ဖြာ ရှိတယ်လို့ ဆိုတဲ့ အဓိပ္ပါယ်ကို မြတ်စွာဘုရားပြန်၍ ဖြေကြားတော်မူတာပါဘဲ။
သမုဒ္ဒရာရဲ့ အံ့ဖွယ် (၈)ဖြာနှင့် သာသနာတော်ကြီး၏ အံ့ဖွယ် (၈)ဖြာ တို့ကို ဥပမာနှင့် ဥပမေယျ နှိုင်းယှဉ်၍ ပြထားတဲ့ဆောင်ပုဒ်ကို ရှေးဦးစွာ ဖော်ပြပါမည်။
ဆောင်ပုဒ်
အစဉ်နက်ဝှမ်း ၊ ကမ်းကိုမလွန် ၊
ရွံဖွယ်ဆယ်ပစ် ၊ တမည်ဖြစ်ခြင်း ၊
မယွင်းမတိုး ၊ ဆယ်မျိုး ရတနာ ၊
ရသာဆားတူ ၊ ကြီးသူနေရာ ၊
အံ့ရှစ်ဖြာ ။
၁။ အစဉ်နက်ဝှမ်း
မဟာသမုဒ္ဒရာသည် လက် ၁-သစ်၊ ၂-သစ်က စပြီးတော့ နက်သွားလိုက်တာ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်တိုင်အောင် အစဉ်အတိုင်းနက်သွားပါတယ်။
အဲဒီလိုပါဘဲ မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အကျင့်သိက္ခာတွေဟာ အစဉ်အတိုင်း တဖြည်းဖြည်း နက်နဲ နက်နဲ ၊ သိမ်မွေ့ သိမ်မွေ့ သွားပါတယ်။

၂။ ကမ်းကိုမလွန်
သမုဒ္ဒရာရေတွေဟာ ကမ်းပေါ်လျှံတက်သွား၊ လွန်တက်သွားတယ်လို့ မရှိကောင်းသလို မြတ်စွာဘုရား၏ သာသနာတော်မှာလည်း မြတ်စွာဘုရား ပညတ်ထားတဲ့ သိက္ခာပုဒ်တွေဟာ ကမ်းပါးတွေနဲ့တူပါတယ်။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်တွေက အသက်ဟူသောအကြောင်းကြောင့်ပင် မလွန်ကြူးကြပေ။

၃။ ရွံဖွယ်ဆယ်ပစ်
သမုဒ္ဒရာကြီးထဲမှာ ဆင်သေကောင်ပုပ်၊ မြင်းသေကောင်ပုပ် အစရှိသော အကောင်ပုပ်တွေကျလာတဲ့အခါ သမုဒ္ဒရာလှိုင်း တံပိုးတွေက ကမ်းပေါ်သို့ ပုတ်တင်လိုက်သလို သာသနာတော်မှာလည်း ဆင်သေပုပ်၊ မြင်းသေပုပ်တွေနှင့်တူတဲ့ ဒုဿီလပုဂ္ဂိုလ်တွေကို သာသနာတော်ကြီးက အရှည်မထားပါဘူး။ သံဃာကအပေါင်းအဖော်မလုပ်တော့ပေဘူး။ သာသနာတော်မှ ထုတ်ပစ်လိုက်တယ်။

၎။ တမည်ဖြစ်ခြင်း
သမုဒ္ဒရာ၌ ရေတွေဟာ ဂင်္ဂါမြစ်မှရေ၊ ယမုံနာမြစ်မှရေ၊ အစိရ၀တီမြစ်မှရေ၊ သရဘူမြစ်မှရေ၊ မဟီမြစ်မှ ရေတို့သည် သမုဒ္ဒရာထဲသို့ရောက်သွားတဲ့အခါ ခွဲခြားလို့မရတော့ပေဘူး။ သမုဒ္ဒရာရေပဲဖြစ်သွားကြသလို မြတ်စွာဘုရားသာသနာတော်မှာလည်း မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ ဆင်းရဲသားမျိုး စသည်ဖြင့် အမျိုးပေါင်းများစွာမှ သာသနာ့ဘောင်သို့ ၀င်လာကြတဲ့အခါ ဤရဟန်းက မင်း၊ ဤရဟန်းက ပုဏ္ဏား၊ ဤရဟန်းက ကုန်သည်၊ ဤရဟန်းက သူဆင်းရဲပဲလို့ နာမည်အသီးသီး မခွဲခြားတော့ပါဘူး။
သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းပဲလို့ တမည်တည်းဖြစ်သွားပါတယ်။ အဲဒီလို တမည်တည်းဖြစ်သွားတာလည်း မြတ်စွာဘုရား၏ သာသနာတော်မှာ အံ့ဖွယ်တမျိုးပါပဲ။

၅။ မယွင်းမတိုး
မြစ်တွေမှ ရေစီးဝင်တာများလို့၊ မိုးတွေက သိပ်ရွာလို့ သမုဒ္ဒရာရေတွေ တိုးတက်လာတယ်လို့ မရှိသလို မြတ်စွာဘုရားသာသနာတော်မှာလည်း ရေတွက်လို့မရနိုင်လောက်အောင်များတဲ့ ရဟန္တာပုဂ္ဂိုလ်တွေ နိဗ္ဗာန်သို့စံဝင်သွားကြတဲ့အခါ နိဗ္ဗာန်ကြီးက ကျယ်သွားတယ်လို့လည်း မရှိဘူး။ သာသနာပအခါမှာလည်းပဲ နိဗ္ဗာနဓာတ်သို့ဝင်စံတဲ့ ရဟန္တာပုဂ္ဂိုလ်တွေမရှိတဲ့အတွက်ကြောင့် နိဗ္ဗာန်ကြီးဟာ ပြန်ကျဉ်းသွားတယ်လို့မရှိကောင်းတာလည်း အံ့ဖွယ်ရာတခုပင်ဖြစ်ပါတယ်။

၆။ ဆယ်မျိုးရတနာ
ဆယ်မျိုးရတနာဆိုသည်မှာ မဟာသမုဒ္ဒရာကြီး၌ ရတနာအမျိုးမျိုးတွေ (ဆယ်မျိုးလောက် ရေတွက်လို့ရတယ်) ရှိနေတာလည်းပဲ အံ့ဖွယ်တခုဖြစ်သလို မြတ်စွာဘုရားသာသနာတော်မှာလည်း သတိပဋ္ဌာန်တရား ၄-ပါး၊ သမ္မပ္ပဓာန်တရား ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ ဗိုလ် ၅-ပါး လို့ခေါ်တဲ့ရတနာအမျိုးမျိုး ရှိခြင်းသည်လည်း အံ့ဖွယ်တခုဖြစ်ပါတယ်။

၇။ ရသာဆားတူ
မဟာသမုဒ္ဒရာကြီး၌ ရေတို့၏ အရသာသည် ဆားငံအရသာတစ်မျိုးတည်းပင် ရှိသကဲ့သို့ မြတ်စွာဘုရား၏သာသနာတော်မှာလည်း ကိလေသာတို့မှ လွတ်မြောက်ခြင်း အရသာတည်းဟူသော ၀ိမုတ္တိရသ အရသာတစ်မျိုးတည်း ရှိခြင်းသည်လည်း အံ့ဖွယ်တခုဖြစ်ပါတယ်။

၈။ ကြီးသူနေရာ
ကြီးသူနေရာ ဆိုသည်မှာ သမုဒ္ဒရာအတွင်းက တိမိင်္ဂလ စသည့် အလွန်ကြီးသော ငါးကြီးတွေ နေရာ ဖြစ်ပါတယ်။ ဒါဟာလည်း သမုဒ္ဒရာကြီး၏ အံ့ဖွယ် တခုဖြစ်သလို မြတ်စွာဘုရားသာသနာတော်မှာလည်း မဂ္ဂဋ္ဌာန် ၄-ယောက်၊ ဖလဋ္ဌာန် ၄-ယောက်ဟူသော ကြီးသူတို့နေရာဖြစ်ပါတယ်။ ဒါဟာလည်း သာသနာတော်ရဲ့ အံ့ဖွယ် တခုပင်ဖြစ်သည် ဟူ၍ မြတ်စွာဘုရားရှင် ဖြေကြားတော်မူခဲ့ပါတယ်။ (အံ-၃၊ ၄၂၊ ၄၃)
လင်္ကဒီပအရှင်

မွေးနေ့ဆိုတာ အိုပွဲပါ

0 comments
26-10-2009
၁။ တနှစ်တခါ ၊ မွေးနေ့ပါ ၊ လူမှာခေါ်ရိုးရှိ။

၂။ တကယ်ပြောင်းတာ ၊ ရုပ်နာမ်ပါ ၊ ခန္ဓာမမြဲသိ။

၃။ ရုပ်နာမ် ဓမ္မ ၊ မမြဲကြ ၊ ခဏ ခဏ ပြောင်းနေ၏။

၎။ သေမင်း မှတ်တိုင် ၊ နောက်တစ်တိုင် ၊ ရင်ဆိုင်ရောက်လာ၏။

၅။ မွေးနေ့ဆိုတာ ၊ အိုပွဲပါ ၊ သေချာ ဥာဏ်ဖြင့်ကြည့်။

၆။ အသက် သိက္ခာ ၊ ကြီးစရာ ၊ လူမှာနှစ်မျိုးရှိ။

၇။ အသက်ကြီးရုံ ၊ အားမစုံ ၊ အကုန်ကြောက်ရ၏။

၈။ အသိမကြွယ် ၊ အကျင့်ကွယ် ၊ အိုပယ်ဖြစ်သွား၏။

၉။ အကျင့်သိက္ခာ ၊ ကြီးမှသာ ၊ မှန်စွာ စိတ်အေး၏။

၁၀။ ကြီးလေ လှလေ ၊ အေးမြပေ ၊ လူတွေချစ်ကြ၏။

၁၁။ မွေးနေ့မင်္ဂလာ ၊ ရတနာ ၊ ကောင်းစွာရအောင်ဖြည့်။


တိပိဋက ယောဆရာတော်

တန်ဆောင်မုန်းလဘွဲ့ 

0 comments
လှူကထိန် သင်္ကန်းနှင့်

မဂ်လမ်းတဲ့ ဆုပန်ရွယ်

သည်ချိန်ကို ရွှေမှုံကြဲလို့

ခ၀ဲ ရွှေညှာရင်းမှာ ၊ သင်းရနံ့ကြွယ်။


ကောင်းကင်လယ် ၊ ထက်ဝယ်ဘုံဦး

ရွှေလစန္ဒာနှင့် ....

ကြတ္တိကာ ကြယ်ရောင်စွန်းတယ်

ထွန်းထိမ်လို့မြူး ။



( ဘိုးသူတော် ဦးမင်း )

ဝိပဿနာဆိုင်ရာ ရှစ်လုံးဘွဲ့ကဗျာများ

0 comments
ကောင်းသောအလုပ် ၊ ဥပုသ်စောင့်တာ
ဒါန သီလ ၊ ညီမျှမကွာ
အမျက်မပြု ၊ ပွားမှုမေတ္တာ
မြတ်ဥပုသ် ၊ အဟုတ်စောင့်သင့်တာ။

သီလရနံ့ ၊ မွှေးပျံ့ကြိုင်စွာ
သီလဆင်သိုင်း ၊ ရှုတိုင်းလှပါ
သီလစောင့်ငြား ၊ မလားပါယ်ရွာ
မြတ်သီလ ၊ စိတ်ချ ကိုးကွယ်ရာ။

နက်ဖြန်ရှင်မှု ၊ သေမှု နှစ်ဖြာ
ဘယ်သူမသိ ၊ သတိရှိပါ
ယနေ့တရား ၊ ကြိုးအားထုတ်ပါ
သေမည့်ရက် ၊ ချိန်းချက်မရှိပါ ။

သတိမပွား ၊ အလကားသက်ရှင်
ဒီသက်ရှင်ရုပ် ၊ စက်ဆုပ်ဖွယ်ထင်
သင်သက်ရှင်လဲ ၊ သေဆဲပုံသွင်
အပြစ်ပြ ၊ ဆုံးမ ကဲ့ရဲ့တင် ။

သတိပွားလျှက် ၊ အသက်ရှင်မူ
ကောင်းသောအသက် ၊ ရှင်လျှက်နေသူ
လူစစ်ဘ၀ ၊ ရောက်ရစင်ဖြူ
ကိုယ့်အတွက် ၊ ပွင့်လျှက်သဗ္ဗညူ ။

တရားမှန်များ ၊ ကျင့်ပွားသူမှာ
တရားကပဲ ၊ စောင့်မြဲသေချာ
တရားတော်က ၊ အေးမြချမ်းသာ
ဆောင်ယူပေး ၊ ကင်းဝေးပါယ်ဒုက္ခာ ။

တရားချိုနို့ ၊ သောက်စို့သူမှာ
လျောင်း ထိုင် ရပ် သွား ၊ လေးပါးချမ်းသာ
သူမြတ်ဟောကြား ၊ တရားတော်မှာ
စိတ်ကြည်မျှ ၊ နိစ္စမွေ့လျော်တာ ။

စိတ်အညစ်ကြေး ၊ ကင်းဝေးစေရန်
စိုးရိမ်ပူဆွေး ၊ ငိုကြွေးလွတ်ရန်
ကိုယ်စိတ်ဆင်းရဲ ၊ ချုပ်စဲစေရန်
မဂ်ဖိုလ်ရောက် ၊ မျက်မှောက်ပြုနိဗ္ဗာန် ။

သတိမမေ့ ၊ ချိန်နေ့သိပြန်
မျက်လှန်ကြောဆွဲ ၊ မရှိဘဲနဲ့
သေလဲ မတောင့်တင်း ၊ ပုတ်နံ့ကင်းသည်
ကျမ်းရင်း ၀ိပဿနာအကျိုးတည်း ။

သာသနာခိုက် ၊ ကြုံကြိုက်ခါဝယ်
မဂ်ကျိုး ဖိုလ်ကျိုး ၊ မျှော်ကိုးတကယ်
ရှေးသူကောင်းတို့ ၊ လမ်းဟောင်းကိုကွယ်
ကြောင့်ကြစိုက် ၊ လိုက်မှ တော်လိမ့်မယ် ။

အရာရာစိတ် ၊ အရိပ်သဖွယ်
သူပင်ကောင်းမှ ၊ ကိုယ်ကောင်းရမယ်
အလိုလိုက်တော့ ၊ အမိုက်နယ်ကျယ်
ဆုံးမ မှ ၊ လုံးဝတော်လိမ့်မယ် ။ (သူပင် =စိတ်)

ကိုယ့်စိတ်ကိုယ်ထိန်း ၊ ကိုယ်ငြိမ်းမယ်
ကိုယ်မထိန်း ၊ မငြိမ်းပူရမယ်
ထိန်းနိုင်မှ ၊ ငြိမ်းကြရပေမည်
ယုံကြည်စိတ်ချ ၊ လုံးဝငြိမ်းပါမည် ။ ။

လင်္ကာဒီပအရှင် မှ ရှာဖွေ စုဆောင်းတင်ပြပါသည် ။

ကျချိန်

0 comments
အမှောင်ကိုခွင်း
အရောင်လင်းသည့်
ပူပြင်းထိန်ထိန်
နေသူရိန်လဲ
“၀င်” ချိန်ဆိုတာ ရှိသေးတယ်။

ဝိုင်းစက်လှပ
လွန်အေးမြသည့်
ထွန်းပရောင်လင်း
ဖိုးလမင်းလည်း
“ကွယ်” ခြင်း ဆိုတာရှိသေးတယ်။

“နေ-လ” ပုံပြ
လူ့ဘ၀၀ယ်
မာနတွေထ
သိပ်မ“ကြွ” နှင့်
“ကျ” ချိန်ဆိုတာ ရှိသေးတယ်။ ။
ကောင်းသစ် (ရွှေကန်သာ)

နေ၀င်ချိန်

0 comments
ဒါန သီလာ
ဘာဝနာမြတ်ကောင်းမှု
ကုသိုလ်ပြုအရာရာ
(တစ်ချို့မှာ)
ပကာသနတွေချယ်မှုန်း
အရိုးကိုအရွက်ဖုံးလေတော့
(ရိုးသားမှု ဂုဏ်တွေသုဉ်း)
ပင်လုံးလဲမမြင်
အနှစ်တုံးလဲ မထင်
နှလုံးသား သူ့ဘ၀င်မှာ
အရွက်နှင့်အဖော်မင်
အခက်နှင့်ပျော်ရွှင်
ကုသိုလ်နေ ၀င်ပါလေရဲ့
သံသရာခရီး မဆုံးခင်ပေါ့...။
ကောင်းသစ် (ရွှေကန်သာ)

မွေးမေ့ ဂုဏ်ရည်များ

0 comments
အမေ့နို့ရည် သြဇာဆီကို
ငါသည် သောက်သုံးဘူးပေပြီ။

အမေ့ရင်ခွင် အိပ်ယာပြင်ဝယ်
ငါလျှင် အိပ်စက်ဘူးပေပြီ။

အမေဆင်ငြား ၀တ်ထည်များကို
ငါကားဝတ်ဆင်ဘူးပေပြီ။

အမေပြုစု ယုယမှုကို
ငါ“စု” ခံခဲ့ဘူးပေပြီ၊

အမေ့မေတ္တာ အေးရိပ်သာ၌
ငါဟာခိုလှုံ ဘူးပေပြီ။

အမေ၏သွေး အမေ့ချွေးဖြင့်
စတေးလို့သာ ဖြစ်ပေါ်လာသည့်
များစွာ “ငွေ” ဖြင့် ဂုဏ်ရောင်တင့်ဖို့
ဝေးလတ်မြို့ရွာ ရပ်ဒေသာ၌
ငါဟာ ပညာသင်ဘူးပြီ။

အေးမြကြည်လင် တသွင်သွင်ဖြင့်
အစဉ်မရွေ့ စီးဆင်းမွေ့သည့်
အမေ့မေတ္တာ စမ်းရေသာကို
ငါဟာ သောက်သုံးဖူးပေပြီ။

သြော်.... ငါ့ပေါ်ထားငြား
ကြီးမားပြန့်ကျယ် မေ့ဂုဏ်သွယ်ကား
ပင်လယ်ရေညို မှင်ရည်စိုဖြင့်
မြင့်မိုရ်တောင်ထု ကလောင်ပြုကာ
တိမ်ထုကင်းစင် မိုးကောင်းကင်ဝယ်
စီရင်ရေးသား ဖော်ထုတ်ငြားလည်း
ကုန်သွားလိမ့်မည်မဟုတ်ချေတကား....။

ကောင်းသစ် (ရွှေကန်သာ)

ရဟန်းပြုခြင်းနှင့်စပ်ဆိုင်သောမေးခွန်း

0 comments
10.7.2009
မေး။ ။
၁။ ရဟန်းပြုချင်သူသည် ဆွံ့အနေပါက၊ စကားမပီပါက ရဟန်းပြု၍ရပါသလား အရှင်ဘုရား (စကားမပီသည့်အတွက် ပရိတ်တွေကအစ ရွတ်ဖတ်ရာတွင် မပီပါအရှင်ဘုရား)

၂။ ရဟန်းပြုချင်သောလူတစ်ယောက်တွင် B ပိုးတွေ့ရှိနေရာ ထိုသူကို B ပိုးတွေ့ရှိသောကြောင့် ရဟန်းပြုခွင့်ဆုံးရှုံးပါသလား အရှင်ဘုရား။ B ပိုးရောဂါရှိသူသည် B ပိုးကြောင့် သေချင်မှလဲ သေပါတယ်အရှင်ဘုရား...။ B ပိုးကြောင့် မသေပါသော်လည်း B ပိုးသည် တစ်သက်လုံး ထိုသူ၏သွေးထဲတွင်ရှိနေနိုင်ပါတယ် အရှင်ဘုရား။ B ပိုးတွေ့ထားသူမှာ ရိုးရိုးကျန်းမာရေးဆေးစစ်ရာတွင် ဆေးစစ်ချက်အရ အသည်းကအစ အားလုံးကောင်းနေပါတယ် အရှင်ဘုရား။ B ပိုးရှိသူမှာ B ပိုးသာရှိတာပါ။ အတွင်းကလီစာတွေကို ဘာမှမထိခိုက်သေးပါ အရှင်ဘုရား။ (ဆေးစစ်ချက်တွင် အသည်း၊နှလုံး တွေကအစ အားလုံး A ကြီးပဲ ထွက်လာပါတယ် အရှင်ဘုရား)။ B ပိုးရှိသူမှာ သူများတစ်ကာတွေကဲ့သို့ အိပ်နိုင်စားနိုင်ပါတယ်(သူများထက် ပိုစားနိုင်ပါတယ် အရှင်ဘုရား)။ ကျန်းမာနေသည့် လူတစ်ယောက်အတိုင်းပါပဲ အရှင်ဘုရား။ သူ့ကိုယ်သူ B ပိုးရှိတဲ့လူတစ်ယောက်လို့ တောင်မှတ်ယူထားတာမဟုတ်ပါဘူး အရှင်ဘုရား... အရှင်းဆုံးကတော့ စဉ်းကို မစဉ်းစားတာပါအရှင်ဘုရား။ ထိုကဲ့သို့သောလူမျိုးသည် ရောဂါပိုးရှိသောကြောင့် ရဟန်းပြုခွင့် ဆုံးရှုံးပါသလား အရှင်ဘုရား။

၃။ ရဟန်းပြုချင်သူသည် မိဘကခွင့်ပြုမှ ရဟန်းခံလို့ရပါတယ်လို့ တပည့်တော် သိထားပါတယ်အရှင်ဘုရား... ဒါပေမယ့် မိသားစုကိုလုပ်ကျွေးနေသူမှာ အမဖြစ်သောကြောင့် မိဘက သဘောတူပါသော်လည်း အမ သဘောမတူပါက ရဟန်းပြုခွင့် ဆုံးရှုံးပါသလား အရှင်ဘုရား။

တပည့်တော်ကို ကျေးဇူးပြုပြီး ပြန်လည်ဖြေကြားပေးပါလို့ လျှော်ထားအပ်ပါတယ် အရှင်ဘုရား..။


အဖြေ။ ။
ဒကာကြီးအမေးကို မဖြေခင် ပါဠိတော်မှာ လာရှိတဲ့ ရဟန်းမခံသင့်တဲ့ အပြစ် သို့မဟုတ် ချို့ယွင်းချက်တွေကို ပြောပြပါရစေ။ ရဟန်းခံတယ်ဆိုတာ ဗုဒ္ဓဘာသာမှာ အလွန်ကို အရေးကြီးတဲ့ ကိစ္စကြီးဖြစ်ပါတယ်။ ဒါကြောင့် စည်းကမ်းချက်(ဥပဒေ)တွေက သိပ်များပါတယ်။ ဒါပေမယ့် ဒကာကြီးအမေးနဲ့ သက်ဆိုင်နေတဲ့ အချို့အချက်အလက်တွေကို ခြုံငုံမိအောင် အောက်ပါသတ်မှတ်ချက်လေးတွေကို အရင်ပြောပြရခြင်း ဖြစ်ပါတယ်။ ရဟန်းခံပေးတဲ့နေရာမှာ အောက်ပါ ချို့ယွင်းချက်ရှိတဲ့ ရဟန်းလောင်းကို ရဟန်းခံမပေးသင့်ပါဘူး။ (ရဟန်းခံမပေးသင့်ဆိုတာ ရဟန်းခံလျှင် ရဟန်းမဖြစ်ဟု မဆိုလိုပါ။)။ ချို့ယွင်းချက်ရှိသူကို အပိုင်း (၂) ပိုင်းခွဲခြားပြီး ပြောပါမယ်။

ပထမအပိုင်းအနေနဲ့…
၁။ နူနာ၊ အိုင်းအမာနာ၊ ယားနာ၊ ချောင်းဆိုးသွေးပါနာ၊ ရူးသွပ်သော အနာ (ငါးမျိုး)
၂။ မင်းခစားယောက်ျား
၃။ တံခွန်စိုက် (ထင်ရှား) သော ခိုးသူကြီး
၎။ နှောင်အိမ်ကို ဖျက်ဆီး၍ ထွက်ပြေးသော ခိုးသူ
၅။ တွေ့ရာအရပ်၌ သတ်စေဟု ကြော်ငြာထားအပ်သော ခိုးသူ
၆။ (သံပူကပ်၍) အမှတ်ပြုခြင်း အပြစ်ဒဏ်ခံရသော သူ
၇။ ကြိမ်ဒဏ် အပြစ်ပေးခံရသော သူ
၈။ ကြွေးမြီတင်နေသောသူ
၉။ ကျွန်
၁၀။ အသက်နှစ်ဆယ်မပြည့်သေးသော ပုဂ္ဂိုလ်
၁၁။ အမိအဖတို့ ခွင့်မပြုသော သား
၁၂။ လက်ပြတ်သောသူ
၁၃။ ခြေပြတ်သောသူ
၁၄။ နား ပြတ်သောသူ
၁၅။ နှာခေါင်းပြတ်သောသူ
၁၆။ ခြေချောင်းလက်ချောင်း ပြတ်သောသူ
၁၇။ ခြေမလက်မ ပြတ်သောသူ
၁၈။ အကြောမ ပြတ်သောသူ
၁၉။ ခြေချောင်း လက် ချောင်းပူးနေသောသူ
၂၀။ ကုန်းသောသူ
၂၁။ ပုကွသောသူ
၂၂။ ခြေထိုင်းသောသူ
၂၃။ အနာဆိုးရှိသောသူ
၂၄။ ပရိသတ်ကိုဖျက်ဆီးသောသူ
၂၅။ မျက်စိတစ်ဖက်ကန်းသောသူ
၂၆။ လက်ခြေကောက်သောသူ
၂၇။ ခွင်သောသူ
၂၈။ ဖက်သကပ်နာစွဲ 'ကိုယ်တစ်ခြမ်းသေ'သောသူ
၂၉။ နားပင်းသူ
၃၀။ အိုမင်းမစွမ်းသောသူ
၃၁။ (စကားဆွံ့)အသောသူ
၃၂။ ကန်းလည်းကန်း အလည်းအသောသူတို့ ဖြစ်ပါတယ်။

ဒုတိယပိုင်းအနေနဲ့…
၁။ အမိသတ်သူ
၂။ အဖသတ်သူ
၃။ သံဃာသင်းခွဲသူ
၎။ ရဟန္တာသတ်သူ
၅။ ဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်သူ တို့ဖြစ်ပါတယ်။

အဲဒီလို နှစ်ပိုင်းခွဲပြောရတာက အကြောင်းရှိပါတယ်။ ပထမပိုင်းချို့ယွင်းချက် ရှိသူတွေကို ရဟန်းခံပေးမိလျှင် ရဟန်းခံပေးတဲ့ ရဟန်းတော်မှာ `ဒုက္ကဋ်အာပတ်´အပြစ် ဖြစ်ပါတယ်။ `ဒုက္ကဋ်´ဆိုတာ နားလည်အောင်ပြောရရင် `မသင့်တော်ဘူး၊ မလုပ်ကောင်းဘူး´ဆိုတဲ့ အနေအထားသာ ရှိပါတယ်။ လူတွေ ကဲ့ရဲ့စရာဖြစ်အောင် လုပ်တဲ့အပြုအမူမှန်သမျှ `ဒုက္ကဋ်´အပြစ် ဖြစ်ပါတယ်။ လွန်ကြူးရင်ရတယ်လို့ မဆိုလိုပါ။ သဘောတရားကို ပြောပြခြင်း ဖြစ်ပါတယ်။

ဒုတိယပိုင်း ချို့ယွင်းချက်များမှာတော့ အဆိုပါ ချို့ယွင်းချက်ရှိသူကို ရဟန်းခံပေးမိလျှင် အသွင်ကို ဖျက်ပစ်ရမည် (သင်္ကန်းချွတ်ပစ်ရမည်)ဟု မိန့်တော်မူသည်။ ဆိုတော့ ပထမပိုင်း ချို့ယွင်းချက်ရှိသူတွေကို ရဟန်းခံပေးတဲ့နေရာမှာ ရဟန်းခံပေးသူမှာသာ အပြစ်ဖြစ်ပြီး ရဟန်းအသစ်ကို `အသွင်ကို ဖျက်ပစ်ရမည် (သင်္ကန်းချွတ်ပစ်ရမည်)´လို့ မဆိုထားပါဘူး။ ဒါက မှတ်သားစရာ အချက်ဖြစ်ပါတယ်။

ဒကာကြီးအမေးနဲ့ ပြန်ပြီး စပ်ဟပ်ကြည့်မယ်ဆိုရင် နံပါတ် (၁) အမေးဖြစ်တဲ့ စကားမပီသသူ သို့မဟုတ် စကားမပြောတတ်သူ ဆွံ့အသူဟာ ဦးဇင်းအထက်မှာရေးခဲ့တဲ့ (၃၁)ခုမြောက် အချက်နဲ့ ငြိနေပါတယ်။ သူ့ကို ရဟန်းခံပေးရင် ရဟန်းတော့ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ရဟန်းပြုပေးတဲ့ ဆရာတော်မှာ လူအများကဲ့ရဲ့စရာအပြစ် ဖြစ်ပါတယ်။ မြတ်စွာဘုရားက အဲဒီလို စကားမပီသူကို ရဟန်းပြုပေးမိလျှင် ထိုပုဂ္ဂိုလ်ရဲ့ အသွင်ကို ဖျက်ပစ်ရမယ် သို့မဟုတ် သင်္ကန်းပြန်ချွတ်ပစ်ရမယ်လို့ မဟောထားပါဘူး။ (ဒါကြောင့် ရဟန်းဖြစ်ပါတယ်။ ရဟန်းဖြစ်ခွင့် လုံးဝမဆုံးရှုံးတယ်လို့ မဆိုနိုင်ပါဘူး)။

တစ်ခု သတိထားသင့်တာကတော့ ရဟန်းဘ၀ဆိုတာ ၀ိနည်းစည်းကမ်းတွေကို ဂရုတစိုက်လေ့လာရင် နေရထိုင်ရအတော်မလွယ်တဲ့ ကိစ္စပါ။ တာဝန်သိတတ်ရင် တာဝန်တွေကလဲ သိပ်ကြီးပါတယ်။ လူတွေ ပေးတာကျွေးတာ စားရတယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်စရာ မလိုဘူး။ လူတွေက ကောင်းတာပဲ ကျွေးကျွေး၊ မကောင်းတာပဲ ကျွေးကျွေး အဲဒါကိုပဲ စားရပါတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင် ထမင်းကျန်၊ ဟင်းကျန်လေးတွေ အလှူခံ ဘုဉ်းပေးခဲ့ရတဲ့ အနေအထားတွေတောင် ရှိခဲ့ဖူးပါတယ်။ လူတွေကတော့ သူတို့ကိုးကွယ်တဲ့ ရဟန်းသံဃာကို သူတို့ရဲ့ ဦးဦးဖျားဖျားဖြစ်တဲ့ မွန်မြတ်တဲ့အရာတွေကိုပဲ လှူဒါန်းကြတာ များပါတယ်။ အဲဒီတော့ တာဝန်သိတဲ့ ရဟန်းတစ်ပါးရဲ့ တာဝန်ဟာ တကယ့်ကို မလွယ်ကြောပါပဲ။ အင်မတန် ခက်ပါတယ်။ သူတို့အတွက် တရားဟောပြရတယ်။ ကောင်းမွန်ရာတွေ ရဖို့အတွက်၊ ကုသိုလ်တရားတွေ ပွားစီးဖို့အတွက် လမ်းညွှန်ရပါတယ်။

စကားမပြောတတ်သူရဟန်းတစ်ပါးဟာ အဲဒီတာဝန်တွေအတွက် ဘယ်လိုလုပ်မလဲ။ လူတွေကို ဘယ်လိုနည်းနဲ့ ကျေးဇူးပြန်ဆပ်မလဲ။ ဒါကြောင့် စကားမပြောတတ်သူတွေကို ဆရာတော်ကြီးများက ကိုရင်ကြီးပဲ ၀တ်ပေးကြတာများပါတယ်။

မြတ်စွာဘုရားရှင်က သူ့တပည့် ရဟန်းပရိသတ်ကို အလွန်စင်ကြယ်ဖို့ ဆန္ဒရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လူတွေရဲ့ အမြင်မှာ တတ်နိုင်သမျှ ကြည်ညိုဖွယ်ဖြစ်အောင် နေထိုင်ဖို့ အမြဲတမ်း တိုက်တွန်းတော်မူပါတယ်။ ဓမ္မစေတီမင်းလက်ထက်က ရဟန်းအတုအယောင်တွေ အများကြီး ပေါ်ထွက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မင်းကြီးက သာသနာကို သန့်စင်ခဲ့ပါတယ်။ စည်းကမ်းဥပဒေတွေ တင်းတင်းကျပ်ကျပ် သတ်မှတ်ခဲ့ဖူးပါတယ်။ ကိုယ်လက်အင်္ဂါ မစုံသူ စတဲ့ ပုဂ္ဂိုလ်တွေကို ရဟန်းဝတ်ခွင့် မပေးရ၊ ၀တ်ပေးလျှင် ရဟန်းလောင်းကိုလည်း လူချွတ်၊ ဥပဇ္ဈယ်ဆရာ(ရဟန်းခံပေးသူ)ကိုလဲ အပြစ်ပေး(ပြစ်ဒဏ်ကြီးမားတာတော့ သေချာသည်။ မမှတ်မိ)၊ ရဟန်းလောင်းရဲ့ ပစ္စည်းလေးပါးဒါယကာတွေကိုပါ အပြစ်ဒဏ်ပေးတဲ့ မင်းအာဏာတွေ ထားရှိခဲ့ဖူးပါတယ်။ ဒါက စကားစပ်လို့ ပြောတာပါ။ သာသနာမှာ ကြည်ညိုဖွယ်မဖြစ်သူတွေ မရှိစေလိုတဲ့သဘော ဖြစ်ပါလိမ့်မယ်။

နံပါတ် (၂) အမေးဖြစ်တဲ့ B ပိုးရှိသူရဟန်းခံလို့ ရပါသလားဆိုတာကတော့ အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရားခေတ်က ရောဂါအမည်တွေက ဒီနေ့ခေတ်နဲ့ အလွန်ခြားနားနေတယ်။ ဦးဇင်းအမြင်အရတော့ ရဟန်းခံခွင့် မဆုံးရှုံးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ B ပိုးကို ပထမအပိုင်းစာရင်းထဲမှာပါတဲ့ နူနာ၊ အိုင်းအမာနာ၊ ယားနာ၊ ချောင်းဆိုးသွေးပါနာ၊ ရူးသွပ်သောအနာဆိုတဲ့ အနာ (၅)မျိုးထဲကိုလဲ သွင်းဖို့ ခက်ခဲပါတယ်။ တကယ်လို့များ B ပိုးကို အဲဒီအနာရောဂါစာရင်းထဲ သွင်းလို့ရတယ်ဆိုတာတောင်မှ ရဟန်းခံသူမှာပဲ အပြစ်ဖြစ်တယ်ဆိုတော့ မဆုံးရှုံးနိုင်ဘူးလို့ မှတ်ယူနိုင်ပါတယ်။ နောက်ပြီး (၂၃)ခုမြောက် အချက်ဖြစ်တဲ့ အနာဆိုးရှိသောသူဆိုတာကလဲ ရှေးခေတ်က ရောဂါတွေနဲ့ တိုက်ဆိုင်လို့ မရတော့ တိုက်ရိုက်ယူဆလိုက်ဖို့ ခက်ပါတယ်။

ဒီနေရာမှာ အနာ (၅)မျိုး တစ်မျိုးမျိုးရှိသူကို ရဟန်းခံပေးရင် ရဟန်းခံပေးသူဆရာတော်မှာ ဒုက္ကဋ်အပြစ်ဖြစ်စေလို့ ဘုရားရှင်က ဘာဖြစ်လို့ ပညတ်ရသလဲဆိုတဲ့ သမိုင်းကြောင်းလေးလဲ အကျဉ်းချုံးပြီး နည်းနည်း ပြောချင်တယ်။ တကယ်တော့ အနာ (၅)မျိုး တစ်မျိုးမျိုးရှိသူတွေကို အနာတွေ ပေါက်နေလို့ `မသင့်ဘူး´ပြောတာ မဟုတ်ပါဘူး။ ဇာတ်လမ်းက ဒီလိုပါ။ ဒီဇာတ်လမ်းက အတော်မှတ်သားဖွယ် ဖြစ်ပါတယ်။

ဗိမ္ဗိသာရမင်းလက်၊ ဆရာဇီဝကဆိုတာ နာမည်ကြီးတဲ့ ဆေးဆရာကြီးပါ။ ဘုရင်နဲ့ မြတ်စွာဘုရားရှင်သာမက ရဟန်းသံဃာများစွာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်ယူထားရသူပါ။ သူက ဆေးကုရင် အခကြေးငွေလဲ မယူပါဘူး။ အဲဒီအချိန်မှာ လူတွေမှာ အထက်မှာ ပြောခဲ့တဲ့ အနာ (၅)မျိုး ပေါက်နေကြပါတယ်။ ဒါကြောင့် ဆေးဆရာကြီးဖြစ်တဲ့ ဆရာဇီဝကဆီကို လာရောက်ပြီး ဆေးကုပေးဖို့ ပြောပါတယ်။ ဆရာကြီးက မအားတော့ မကုပေးနိုင်ဘူးလို့ ပြောလိုက်တာများပါတယ်။ အဲဒီတော့ လူတွေကလဲ ပါးနပ်တယ်။ `ဒို့တော့ ဒီလို သွားကုခိုင်းလဲ ကုပေးမှာ မဟုတ်ဘူး။ သူ ဆေးကုပေးတဲ့ နည်းလမ်းလေး ရှာကြည့်ရအောင်´ဆိုပြီး နည်းလမ်း ရှာကြပါတယ်။ အဲဒီမှာ အဖြေကတော့ `ရဟန်း´၀တ်လိုက်ဖို့ပါပဲ။ ရဟန်းဝတ်လိုက်တော့ ဆရာကြီးဇီဝကက ဆေးကုပေးပါတယ်။ ရောဂါသည်တွေက ရောဂါပျောက်တာနဲ့ လူထွက်ကုန်ပါတယ်။ အဲဒီတော့ လူတွေက ကဲ့ရဲ့ကြပါတယ်။ ဒီအကြောင်းကို မြတ်စွာဘုရားက သိတော့ `ရဟန်းတို့ အနာရောဂါ (၅)မျိုးရှိသူကို ရဟန်းဝတ်မပေးကြနဲ့၊ ရဟန်းဝတ်ပေးရင် ဒုက္ကဋ်အာပတ်သင့်စေ´ဆိုပြီး ပညတ်ချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

ဒီနေရာမှာ ၀ိနည်းမှာလာတဲ့ ဒုက္ကဋ်အာပတ်ကို ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ပါ။ ဘယ်ကိစ္စမှာမဆို ဘုရားရှင်က လူတွေကို အမြဲတမ်း ဦးစားပေးပါတယ်။ ရဟန်းတွေက မှန်နေရင်တောင်မှ `ငါ့တပည့်တို့ မင်းတို့လုပ်တာ မှန်တယ်၊ ဘယ်သူတွေ ကဲ့ရဲ့ကဲ့ရဲ့ ဆက်လုပ်´လို့ ဘယ်တော့မှ မိန်တော်မမူပါဘူး။ သူ့တပည့်တွေ အလုပ်တစ်ခုခု လုပ်တယ်။ လူတွေက မကြိုက်ဘူး။ ကဲ့ရဲ့ကြတယ်။ အဲဒီလိုဆိုရင် ဘုရားရှင်က `မလုပ်ကြနဲ့၊ လုပ်ရင် ဒုက္ကဋ်´အဲဒီလို ပညတ်လိုက်တာများပါတယ်။

လောကကြောင်းအရ တစ်ခု စဉ်းစားကြည့်နိုင်တာက B ပိုးဆိုတာ မဆင်မခြင်လုပ်ရင် ရောဂါကူးစက်ပြီး တစ်ခြားရဟန်းတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အနာ (၅)မျိုးနဲ့ပတ်သက်ပြီး အဋ္ဌကထာမှာ ဖွင့်ပြထားတာကတော့ အဆိုပါ အနာရောဂါ စွဲကပ်နေသူတွေဟာ ပထမဆုံး ရောဂါကို ပျောက်အောင် ကုသင့်တယ်လို့ အကြံပြုထားပါတယ်။ ရောဂါပျောက်ပြီးမှ ရဟန်းခံလျှင် ပိုပြီး သင့်မြတ်နိုင်စရာ ရှိပါတယ်။
နံပါတ် (၃) အမေးဖြစ်တဲ့ အမ သဘောမတူပါက ရဟန်းပြုခွင့် ဆုံးရှုံးပါသလားဆိုတဲ့အမေးကတော့ ရှင်းပါတယ်။ မဆုံးရှုံးနိုင်ပါဘူး။ မိဘခွင့်မပြုတဲ့သူလို့ပဲ ဆိုပါတယ်။ အစ်မစသည် မပါဝင်ပါဘူး။ မိဘတွေကသဘောတူရင် ရဟန်းပြုနိုင်ပါတယ်။

ဒကာကြီး အမေးကို အကျဉ်းချုပ်ပြန်ပြောရရင် `ဒကာကြီးပြောတဲ့ အပြစ်အနာအဆာတွေဟာ ရဟန်းဖြစ်ခွင့်ကို မဆုံးရှုံးနိုင်ဘူး´လို့ မှတ်နိုင်ပါတယ်။ လိုအပ်တဲ့ ချွင်းချက်တွေကိုတော့ အထက်မှာ ပြောခဲ့ပြီးပါပြီ။
ဒီနေရာမှာ မေးခွန်းနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ အကြောင်းအရာနည်းနည်းကို ဗဟုသုတအနေနဲ့ မှတ်သားထိုက်တယ်ထင်လို့ ပြောပြချင်ပါတယ်။ ဗုဒ္ဓဘာသာမှာရှိတဲ့ ဘုရားပညတ်ထားခဲ့တဲ့ ၀ိနည်းဆိုတာ တရားသေ၀ါဒ (Dogmatic)မဟုတ်ပါဘူး။ ဘုရားရှင်ကိုယ်တော်တိုင် လူတွေရဲ့ တုန့်ပြန်မှုကိုကြည့်ပြီး အမျိုးမျိုး ပြင်ဆင်ဖြည့်စွက်ခဲ့တာတွေ ရှိပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် ၀ိနည်းဥပဒေဆိုတာ ဥပဒေမျှသာ ဖြစ်ပါတယ်။ ဥပဒေဆိုတာ အားလုံးသိတဲ့အတိုင်း အခြေအနေ၊ နေရာဒေသနဲ့အချိန်အခါတို့ရဲ့ တောင်းဆိုမှုကို မလွန်ဆန်နိုင်ပါဘူး။ အခြေအနေ၊ နေရာဒေသနဲ့ အချိန်အခါတွေကို တွန်းလှန်ဖြိုဖျက်နိုင်တဲ့ ပရမတ္ထသစ္စာတရားများ မဟုတ်ကြပါဘူး။ ဗုဒ္ဓဘာသာမှာ ၀ိနည်းဥပဒေထားရှိရတဲ့ ရည်ရွယ်ချက်ကလဲ ကိုးကွယ်သူ ဒကာ၊ ဒကာမတွေ ပိုပြီး ကြည်ညိုစရာတွေ တိုးပွားလာအောင်၊ မကိုးကွယ်သူတွေ အပြစ်ပြောစရာ မဖြစ်စေဘဲ ကြည်ညိုလာအောင် ပညတ်ထားရခြင်း ဖြစ်ပါတယ်။

ဥပဒေအချို့ကို ဥပမာထုတ်ပြောရရင်
(၁) ရဟန်းခံရင် အနည်းဆုံး ရဟန်း(၁၀)ပါးရှိမှ ရဟန်းခံလို့ ဖြစ်နိုင်တယ်၊
(၂) သားရေတစ်ထပ်ထက်ပိုပါတဲ့ ဖိနပ်ကို မစီးရ၊
(၃) နှစ်ပတ်မှာ တစ်ခါသာ ရေးချိုးရမယ်၊
(၄) သားရေဖျာအခင်းကို အသုံးမပြုရ…..လို့ အစက ဘုရားရှင် ဥပဒေထားခဲ့တယ်။ (ဒါက မူလပညတ်ချက်ပါ)။
နောက်ပိုင်းမှာ အ၀န္တိတိုင်းက အရှင်မဟာကစ္စာယနရဲ့တပည့် အရှင်သောဏက မြတ်စွာဘုရားကို လျှောက်ပါတယ်။ ``ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား…
(က) အ၀န္တိတိုင်းမှာ ရဟန်း (၁၀)ပါးရဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် (၁၀)ရမှ ရဟန်းခံပေးနိုင်တယ်ဆိုတဲ့ စည်းကမ်းကို ရဟန်းဦးရေလျှော့ပြီး ဥပဒေကို ပြင်ပေးပါဘုရား။
(ခ) အ၀န္တိတိုင်းက မြေကြီးက အရမ်းကြမ်းတမ်းပါတယ်ဘုရား။ ဒါကြောင့် သားရေအထပ်အများကြီးပါတဲ့ ဖိနပ်ကို စီးခွင့်ပေးတော်မူပါဘုရား။
(ဂ) အ၀န္တိတိုင်းက လူတွေက ခဏခဏ ရေချိုးတာကို သဘောကျကြတယ်ဘုရား။ ဒါကြောင့် ခဏခဏ ရေချိုးခွင့်ပေးတော်မူပါဘုရား။
(ဃ) အလယ်ပိုင်းက လူတွေက ဖျာကို ထိုင်စရာအဖြစ် အသုံးပြုကြသလို အ၀န္တိတိုင်းက လူတွေက သားရေနယ်ကို ထိုင်စရာအဖြစ် အသုံးပြုကြပါတယ်ဘုရား။ ဒါကြောင့် သားရေနယ်အခင်းကို အသုံးပြုခွင့်ပေးတော်မူပါဘုရားလို့ လျှောက်ထားခဲ့ပါတယ်။

ထိုအခါ မြတ်စွာဘုရားက ရဟန်းတော်တွေကို အစည်းအဝေးခေါ်လိုက်ပါတယ်။ (ဘုရားရှင်က အရေးကြီးလျှင် အမြဲတမ်း အစည်းအဝေးခေါ်ပြီး အသိပေးပြီးမှ လုပ်ဆောင်လေ့ရှိပါတယ်)။
(က)ဤဒေသမှတစ်ပါး အ၀န္တိတိုင်းအပါအ၀င် အခြားသောတိုင်းပြည်များတွင် ရဟန်းငါးပါးရှိရုံဖြင့် ရဟန်းခံခြင်းအမှုကို ပြုလုပ်နိုင်သည်။ ထိုငါးပါးတို့တွင် တစ်ပါးက ၀ိနည်းကျွမ်းကျင်လျှင် ပြီးပြည့်စုံသည်။ (၀ိနည်းမကျွမ်းကျင်သူများချည်း ပြုလုပ်လျှင် မဖြစ်နိုင်ဟု ဆိုလိုသည်)။
(ခ) သားရေအထပ်များစွာပါဝင်သော ဖိနပ်ကို စီးနိုင်ခွင့်သည်။
(ဂ) ရေ ခဏခဏ ချိုးခွင့်ရှိသည်။
(ဃ) သားရေနယ်ကို ထိုင်စရာအဖြစ် အသုံးပြုခွင့်ရှိသည်လို့ ဥပဒေကို ပြင်ဆင်ပေးခဲ့ပါတယ်။

ဒါက ဘာကို ပြသလဲဆိုတော့ ဥပဒေမှာ အခြေအနေနဲ့အချိန်အခါအရ ပြောင်းလဲနေနိုင်သလို ဗုဒ္ဓဘာသာရဲ့ ၀ိနည်းဥပဒေမှာလဲ Flexibilityဆိုတဲ့ (ကိုယ်လိုရာ ထင်သလို ပြောင်းလဲခြင်းမျိုး မဟုတ်ဘဲ) ပြင်ဆင်ပြောင်းလဲနိုင်တဲ့အနေအထားတွေ ရှိပါတယ်။ ဒေါက်တာဝါလ်ပိုလာ ရာဟုလာကလဲ သူ့ရဲ့ heritage of Bhikkhus ဆိုတဲ့စာအုပ်မှာ “The Vinaya (the code of Disciplinary Rules for the Sangha) is not an absolute truth; it is only a convention agreed upon for the orderly and smooth life of a social organization. As it should be conducted according to social and economic changes to suit the place and the time, the Buddha laid down appropriate rules and also changed and modified them”လို့ ပြောထားပါတယ်။

ဒီလောက်ဆိုလျှင် ဒကာကြီး သိချင်တဲ့ အဖြေကို ရလိမ့်မယ်လို့ ယူဆပါတယ်။ မေးခွန်းမေးတဲ့ ဒကာကြီးကို ကျေးဇူးတင်ပါတယ်။
http://attalwinpyin.blogspot.com/မှကူးယူဖော်ပြပါသည်။

ဝါဆိုလပြည့်နေ့မှာ...

0 comments
6.7.2009



ဗုဒ္ဓဘာသာတွင် ဗုဒ္ဓဘုရားရှင်နှင့်သက်ဆိုင်သော နေ့ထူးနေ့မြတ်များအဖြစ် သက်မှတ်ထားသော နေ့များအနက် ၀ါဆိုလပြည့်နေ့လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ၀ါဆိုပြီဆိုသည်နှင့် ရဟန်းသံဃာများလည်း ၀ါဆိုဖို့ရန် သင့်တော်ရာ ကျောင်းနေရာများ ရွေးပြီး ၀ါတွင်းကာလနေထိုင်ကြဖို့ စီမံကြရလေသည်။ စာရေးသူတို့ သီရိလင်္ကာနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များကတော့ ဆက်စပ်ပတ်သတ်ရာ ကျောင်းများတွင် ၀ါဆိုကြရသည်။ အမိနိုင်ငံတွင် ၀ါဆိုပွဲကို ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့မှ ကျင်းပကြသည်။ သီရိလင်္ကာတွင်ကား ၀ါဆိုလပြည့်နေ့ညမှာပင် ၀ါဆိုကြသည်။

အမိမြန်မာနိုင်ငံတွင် ရဟန်းသံဃာများ ၀ါဆိုလျှင် ဒကာ၊ ဒကာမများက ကျောင်းသို့ ရောက်လာပြီး သပြေခက်စသော ပန်းများကို ရဟန်းတော်များကို ဆက်ကပ်လေ့ရှိကြသည်။ ဥပုသ်ဆောက်တည်ခြင်းစသော ကုသိုလ်ကောင်းမှုများကို ပြုလေ့ရှိကြသည်။ ဤနိုင်ငံတွင်ကား ၀ါဆိုလပြည့်နေ့တွင် ဥပုသ်နေ့ ထုံးစံအတိုင်း သီတင်းသီလဆောက်တည်လေ့ရှိကြသော်လည်း ရဟန်းတော်များ ၀ါဆိုခြင်းအတွက် မည်သည့်အခမ်းအနားမျှ ပြုလေ့မရှိပေ။ ညအချိန်တွင် ကျောင်းရှိသံဃာလေးငါးပါးစုရုံးပြီး `ဤကျောင်းတွင် ၀ါတွင်းကာလ နေထိုင်ပါမည်´ဟု အဓိဋ္ဌာန်ပြုပေးရုံသာ ဖြစ်ပါသည်။

ကိုလံဘိုမြို့ရှိ၊ မြန်မာကျောင်းသားရဟန်းတော်များ မှီခိုအားထားရာ မကုဋာရာမမြန်မာကျောင်းတော်ကြီးတွင် ၀ါဆိုခွင့်ရသော သံဃာတော်များကတော့ မိမိတို့ မြန်မာ့ရိုးရာအတိုင်း ၀ါဆိုကြလိမ့်မည် ထင်ပါသည်။
ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာနှင့်ပတ်သက်သော ထူးခြားအဖြစ်အပျက် (၃) ခု ရှိပါသည်။ ၎င်းတို့မှာ
(၁) ဘုရားလောင်း ပဋိသန္ဓေတည်ခြင်း= မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့)
(၂) ဘုရားလောင်း တောထွက်တော်မူခြင်း = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့)
(၃) ဗုဒ္ဓမြတ်စွာ ဓမ္မစကြာတရားဦးဟောတော်မူခြင်း = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့) တို့ ဖြစ်ပါသည်။


ဓမ္မစကြာတရားတော်ကို ဗုဒ္ဓဓမ္မအနှစ်ချုပ်ဖြစ်သည်ဟု ဆိုနိုင်သည်။ ယနေ့ ကမ္ဘာ့ပညာရှင်များက ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓမြတ်စွာကို အကဲဖြတ်ရာတွင် ဤဓမ္မစကြာသုတ်တော်က အလွန်အရေးပါလှသည်။ ဗုဒ္ဓမြတ်စွာ၏ စည်းရုံးရေးပညာကို အထင်အရှား ပြနိုင်ခဲ့သော တရားတော်လည်း ဖြစ်သည်။ ပဉ္စ၀ဂ္ဂီငါးဦးက ပထမ ဘုရားလောင်းကို ပြုစုလုပ်ကြွေးခဲ့သည်။ ခြောက်နှစ်ဒုက္ကရစရိယာကျင့်ပြီး ဘုရားမဖြစ်၊ အစားအသောက်ပုံမှန်စားသောက်ပြီး ကျင့်နေသော ဘုရားလောင်းကို `ခြောက်နှစ်လုံးလုံး အပြင်းအထန် ကျင့်တာတောင် ဘုရားမဖြစ်တာ၊ ဒီပုံစံနဲ့တော့ ဘုရားမဖြစ်လောက်တော့ပါဘူး´လို့ ထင်မှတ်ပြီး စွန့်ခွါသွားကြသူများ ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်ပြီးနောက် `ဘယ်သူ့ကို တရားစဟောရပါ့မလဲ´လို့ စဉ်းစားသောအခါ ပထမဆုံး လောကီဈာန်အကျင့်ကို နည်းပြပေးခဲ့သော အာဠာရရသေ့ကြီးက ပထမဆုံး ပေါ်လာပါသည်။ သို့ရာတွင် အာဠာရရသေ့ကြီးက သေလွန်ပြီး ဗြဟ္မာ့ပြည်ရောက်နေခဲ့လေသည်။ ထို့နောက်မှ ပဉ္စ၀ဂ္ဂီငါးဦးကို တရားဟောရန် ဥရုဝေလတောအုပ်သို့ ကြွလှမ်းလာခဲ့သည်။
ပဉ္စ၀ဂ္ဂီငါးဦးသည် သူ့ခေတ်အခါအရ ပညာတတ် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ အဝေးက ဗုဒ္ဓမြတ်စွာကြွလာသောအခါ `အရှင်တို့….ဂေါတမတော့ ငါတို့ဆီ လာနေပြန်ပြီ။ သူ့ကို ဘယ်သူမှ မကြိုဆိုကြနဲ့၊ ခရီးဦးကြိုမပြုကြနဲ့၊ နေရာလည်း မပေးကြနဲ့၊ ခပ်တည်တည်ပဲ နေကြရအောင်´ဆိုပြီး ကတိက၀တ် လုပ်ထားခဲ့ကြသည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာ အနီးအနားရောက်လာသောအခါ မည်သူမျှ ခရီးဦးကြို မပြုဘဲ မနေနိုင်ကြဟု ကျမ်းဂန်များတွင် ဆိုပါသည်။ ဤနေရာတွင် မဟာယာနအယူအဆ၊ ထေရ၀ါဒအယူအဆစသည်ဖြင့် စိတ်ဝင်စားစရာ များစွာရှိသော်လည်း ချန်ထားခဲ့ပါမည်။

ဓမ္မစကြာတရားတော်ဟာ ဓမ္မကြောင်းအရ စိတ်ဝင်စားစရာ ဖြစ်သလို ဟောကြားသွားသည့် `ဟန်´ကလည်း အလွန့်ကို စည်းစနစ်ကျပါသည်။ ဗုဒ္ဓမြတ်စွာသည် တရားဟောရာတွင် ပုဂ္ဂိုလ်အလိုက် နည်းအမျိုးမျိုးဖြင့် ဟောကြားလေ့ရှိပါသည်။ ဤဓမ္မစကြာသုတ်ကို Dialogue Method ဖြင့် ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။ ပထမဆုံး ဓမ္မစကြာကို `ငါ့ရှင်တို့ လူ့ဘောင်မှ စွန့်ခွါခဲ့သူတွေမှာ ရှောင်ရမယ့် အစွန်းနှစ်ပါး ရှိတယ်၊ အဲဒီနှစ်ပါးက ဘာတွေလဲ၊ ကာမဂုဏ်အလွန်အကျွံ လိုက်စားခြင်း (Self-indulgence)နဲ့ မိမိကိုယ်ကို ပင်ပန်းဆင်းရဲစေသောအကျင့် (Self-mortification)တို့ ဖြစ်တယ်၊ အဲဒီ အစွန်းနှစ်ပါးကနေ လွတ်တဲ့ အလယ်အလတ်လမ်းစဉ်(မဂ္ဂင်လမ်းစဉ်)ဆိုတာ ရှိတယ်၊ ရဟန်းဆိုတာ အလယ်အလတ်လမ်းစဉ်ကို လျှောက်လှမ်းရမယ်´စသည်ဖြင့် စီကာစဉ်ကာ ဟောကြားသွားခဲ့ပါသည်။

ဤနေရာတွင် အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ)ကို ဗုဒ္ဓဘာသာများ နားလည်မှုလွဲနေကြသည်ကို ပြောပြလိုသည်။ `အလယ်အလတ်လမ်းစဉ်ဆိုတာ အစွန်းနှစ်ပါးရဲ့ အလယ်မှာ ရှိတဲ့အရာပေါ့´လို့ ဆိုနေတတ်ကြသည်။ သာမန်တွေးရင်တော့ ဟုတ်သလိုလိုတော့ ရှိပါသည်။ ဤသို့ဆိုလျှင် ကာမဂုဏ်ကို အလွန်အကျွံလိုက်စားခြင်းက ကာမသုခလ္လိကာနုယောဂဆိုတော့ အလွန်အကျွံမဟုတ်ဘဲ အသင့်အတင့် ကာမဂုဏ်လိုက်စားလျှင် အစွန်းမရောက်ဟု ဆိုရမလို ဖြစ်နေပါသည်။ အမှန်မှာ အစွန်းနှစ်ပါး၏အလယ်တွင် ရှိသောလမ်းစဉ်က မဇ္ဈိမပဋိပဒါမဟုတ်ပေ။ အစွန်းနှစ်ပါးမှ လွတ်သော သီးခြားလမ်းစဉ်တစ်ခုကသာ မဇ္ဈိမပဋိပဒါ- အလယ်အလတ်လမ်းစဉ် ဖြစ်ပါသည်။

နောက်ထပ် ဓမ္မစကြာသုတ်က ဗုဒ္ဓမြတ်စွာ၏ လေးစားကြည်ညိုဖွယ်ရာ သို့မဟုတ် စကားပြောကျွမ်းကျင်မှု သို့တည်းမဟုတ် အရှည်မြော်မြင်မှုကို မီးမောင်းထိုးပြနေပြန်ပါသည်။ ဓမ္မစကြာတွင် အစွန်းနှစ်ပါး၏ အပြစ်ကို ဖော်ပြထားသည်။ အစွန်းနှစ်ပါး၏အပြစ်ကို ပြောရာတွင် တစ်ခုနှင့်တစ်ခု မတူပါ။

နံပါတ် (၁) ကာမသုခလ္လိကာအစွန်း၏ အပြစ်ကို ပြရာတွင် ``(က) ဟီနော = ယုတ်ညံ့တယ်၊ (ခ) ဂမ္မော = ရွာသူရွာသား(လူများ)၏အလုပ်ဖြစ်တယ်၊ (ဂ) ပေါထုဇ္ဇနိကော = ပုထုဇဉ်တို့၏ အလုပ်ဖြစ်တယ်၊ (ဃ) အနရိယော = အရိယာတို့၏ အလုပ်မဟုတ်၊ (င) အနတ္တသံဟိတော = အကျိုးမရှိဘူး´´ဟု အပြစ်ငါးမျိုး ပြတော်မူသည်။

နံပါတ် (၂) အတ္တကိလမထာနုယောဂအစွန်း၏ အပြစ်ကို ပြရာတွင်ကား ``(က) ဒုက္ခော = ဆင်းရဲတယ်၊ (ခ) အနရိယော = အရိယာတို့၏ အလုပ်မဟုတ်၊ (ဂ) အနတ္ထသံဟိတော = အကျိုးမရှိဘူး´´ဟု အပြစ်သုံးမျိုးကိုသာ ပြပါသည်။ `ဟီနော = ယုတ်ညံ့တယ်´ဟု ဟောတော်မမူခဲ့ပေ။ မဟာစည်ဆရာတော်ကလည်း ဓမ္မစကြာတရားတော် စာအုပ်တွင် စိတ်ဝင်စားစရာကောင်းသော ဤပွိုင့်ကို ထောက်ပြဆွေးနွေးပြထားပါသည်။ ဆရာတော်ကြီးကတော့ အသေးစိတ်ကျမ်းဂန်များညှိပြီး ပြထားပါသည်။ ထိုခေတ်အခါက အတ္တကိလမထနုယောဂအကျင့်ကို လောက၏ အမြတ်ဆုံးအကျင့်အဖြစ် သဘောထားနေကြသောကြောင့် ဖြစ်ဟန်ရှိပါသည်။ တရားနာနေကြသော ပဉ္စ၀ဂ္ဂီငါးဦးသည် နံပါတ် (၂)အကျင့်ဖြစ်သော အတ္တကိလမထာနုယောဂအကျင့်ကို အမွန်အမြတ်ထားပြီး ကျင့်ဆောင်နေကြသူများ ဖြစ်လေသည်။ သူတစ်ပါး တန်ဖိုးထားမြတ်နိုးသော အကျင့်လမ်းစဉ်တစ်ခုကို `မင်းတို့အကျင့်ကြီးက တော်တော် အောက်တန်းကျပါတယ် (ဟီနော)´လို့ ဆိုလိုက်လျှင် ကိုယ့်စကားကို ဆက်လက်နားမထောင်ဘဲ လိုရာခရီးမရောက်နိုင်သည်မှာ သေချာပါသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာက `ဟေ့ ပဉ္စ၀ဂ္ဂီတို့ မင်းတို့ကျင့်နေတဲ့ အကျင့်က အောက်တန်းစားကြီးကွ၊ ယုတ်ညံ့တယ်´ဟု မဟောခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ ဤအချက်သည်လည်း အတုယူမှတ်သားသင့်သောအချက်တစ်ခု ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာက ထိုကဲ့သို့ လိမ္မာပါးနပ်စွာ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးကို မကျဉ်းမကျယ်ဟောကြားနိုင်ခဲ့သောကြောင့် အရှင်ကောဏ္ဍညသည် တရားအဆုံးတွင် သောတာပန်ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါသည်။ ထို့အပြင် သံဃာရတနာလည်း ပေါ်ထွန်းခဲ့ရပါသည်။ ထို့ကြောင့် အချို့က ၀ါဆိုလပြည့်နေ့ကို
(၁) ဘုရားလောင်းပဋိသန္ဓေယူတော်မူသောနေ့
(၂) ဘုရားလောင်းတောထွက်တော်မူသောနေ့
(၃) ဓမ္မစကြာတရားဦးဟောတော်မူသောနေ့
(၄) ပထမဆုံးသောတာပန်ပေါ်ပေါက်သောနေ့
(၅) သံဃာရတနာပေါ်ပေါက်သောနေ့ဟူ၍ မှတ်တမ်းတင်လေ့ရှိကြသည်။
ထူးခြားသော ၀ါဆိုလပြည့်နေမှာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြခြင်းအားဖြင့် ကောင်းမွန်မြင့်မြတ်မှုများနှင့် ပြည့်ဝသော ဘ၀များ ပိုင်ဆိုင်ရရှိကြပါစေ။ ဦးဇင်းတို့ အမိမြန်မာနိုင်ငံလည်း လူသားကျင့်ဝတ်သိက္ခာတရားများ ထွန်းကားပြည့်ဝသော နိုင်ငံတစ်ခု ဖြစ်ပါစေလို့ ၀ါဆိုလပြည့်နေမှာ ဆုတောင်းလိုက်ပါသည်။ ။
http://attalwinpyin.blogspot.com/
မှကူးဖော်ပြပါသည်

မျိုးဆက်သစ်များအတွက် ပညာရေးလမ်း

0 comments
30.6.2009
ဒေါင်လုပ်ယူ၍လည်း ဖတ်နိုင်ပါသည်
မျိုးဆက်သစ်များအတွက် ပညာရေးလမ်း
The Way of Education for New Generation

ဝါဆို ၀ါကပ်ခြင်းအကြောင်း

0 comments
22-6-2009
ယခုခေတ်မှာ လူတော်တော်များများဟာ ဘာ့ကြောင့် ရဟန်းတော်တွေ ၀ါဆိုကြရတယ်ဆိုတာကို မသိကြတော့ပါဘူး။ ဒါ့ကြောင့် ဦဇင်း အနည်းငယ် တင်ပြပေးလိုက်တာပါ။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းက တပည့်ရဟန်းတော်တွေဟာ သာသနာပြန့်ပွားဖို့ နယ်လှည့်ပြီး တရားဟော တရားပြ ပြုလုပ်ကြပါတယ်။ အဲဒီအခါမှာ နေပူမရှောင် မိုးရွာမရှောင် သွားလာလှည့်ပတ်ကြတာဆိုတော့ မိုးတွင်းကာမှာ တောင်သူလယ်သမားတွေ စိုက်ပျိုးထားတဲ့ သစ်ပင်၊ စိုက်ပျိုးပင်တွေကို မတော်တဆ မလွှဲသာမရှောင်သာ နင်းမိကြတာပေါ့။ အဲဒီခေတ် အိန္ဒိယမှာ သစ်ပင်တွေကို သက်ရှိလို့ သတ်မှတ် ကိုးကွယ်နေတဲ့လူတွေလည်းရှိပါတယ်။ အဲဒီလို သစ်ပင်တွေ စိုက်ပျိုးပင်တွေ သေကြေ ပျက်စီးတာတွေကို မြင်ပြီးတော့ သစ်ပင်တွေကိုသက်ရှိလို့ သတ်မှတ်သူတွေက ရဟန်းတော်တွေကို သားသတ် သမားတွေလို့ စွပ်စွဲကဲ့ရဲ့ ရှုတ်ချကြပါတယ်။ ရဟန်းဂေါတမရဲ့တပည့်တွေဟာ စိုက်ပျိုးပင်ငယ်တွေ ပိုးမွှားတွေကိုနင်းချေ သတ်ဖြတ်ပြီးတော့ တနှစ်ပတ်လုံး ဘာ့ကြောင့်သွားလာနေကြတာလဲ။ တိတ္ထိဆရာတွေရဲ့တပည့်တွေတောင်မှ မိုးတွင်းကာလမှာ ခရီးမသွားဘဲ ကြောင့်ကြမဲ့နေထိုင်ကြတယ်။ ယုတ်စွ အဆုံး ကျေးငှက် တိရစ္ဆာန်တွေတောင် မိုးတွင်းကာလမှာ မိမိအသိုက်မှာဘဲ နေထိုင်ကြတယ်တယ်။ ရဟန်းတော်တွေကြောင့် သစ်ပင်ငယ်တွေ ပိုးမွှားတွေ သေကျေပျက်စီးရတယ်လို့ စွပ်စွဲကဲ့ရဲ့ကြပါတယ်။ သစ်ပင်တွေကိုသတ်ရှိအဖြစ်သတ်မှတ်ကိုးကွယ်နေတဲ့သူတွေကတော့ ရဟန်းတော်တွေကို ရန်မူတဲ့အထိဖြစ်လာပါတယ်။ ဒါ့ကြောင့် မြတ်စွာဘုရားက မိုးတွင်း (၃)လ မှာ ခရီးမထွက်ရ မိမိကျောင်းအတွင်းမှာဘဲ နေထိုင် ၀ါဆိုဝါကပ်ရမယ်လို့ ပညတ်တော်မူပါတယ်။ ၀ါဆိုဝါကပ်ပုံမှာ ။
ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံ ဥပေမိ။
ဟူ၍ (၃)ခေါက်ဆိုကာ ၀ါဆို ၀ါကပ်ရပါတယ်။ အဓိပ္ပါယ်ကတော့ မိုးတွင်းသုံးလပတ်လုံး မိမိနေထိုင်သော ဤကျောင်းတိုက်အတွင်းမှာသာ နေထိုင်ပါမည်လို့ ကတိပြောကြားတာပါဘဲ။ ဒါပေမယ့် အကြောင်းတစုံတရာ ပေါ်ပေါက်လာပါက မိုးတွင်းကာလမှာလည်း ခရီးသွားကောင်းတယ်လို့ မြတ်စွာဘုရား အမိန့်ရှိတော်မူပါတယ်။ အဲဒီအကြောင်းတွေကတော့ --
၁။ ဒါတုံ- တစုံတယောက်က အလှူဒါနပြုလုပ်လို၍ ပင့်လျှောက်သောအခါ။
၂။ သောတုံ- တစုံတယောက်က တရားဓမ္မကိုကြားနာလို၍ ပင့်လျှောက်သောအခါ။
၃။ ပဿိတုံ- တစုံတယောက်က ဖူးမြင်လို၍ ပင့်လျှောက်သောအခါ။

ဒီကြောင်း သုံးမျိုးထဲမှာ တမျိုးမျိုးနဲ့ ကိုက်ညီနေရင် ၀ါပန်ပြီးတော့ သွားကောင်းပါတယ်။ ၀ါပန်တယ်ဆိုတာလဲ (၇)ရက်အတွင်းပြန်လာပါမယ်လို့ ကတိပေးတဲ့ သဘောပါဘဲ။
ဝါပန်ပုံကတော့ ---
အန္တော သတ္တာဟေ ပဋိနိဝတ္တေဿာမိ။
ဝါကလဲနှစ်မျိုးရှိပါတယ်
၁။ ပုရိမ၀ါ- ပထမ၀ါကပ်ခြင်း။ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့မှာ ၀ါကပ်ပြီး သီတင်းကျွတ်လပြည့်နေ့မှာ ၀ါကျွတ်ပါတယ်။
၂။ ပစ္ဆိမ၀ါ- ဒုတိယ၀ါကပ်ခြင်း။ ၀ါခေါင်လပြည့်ကျော် (၁)ရက်နေ့မှာ ၀ါကပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့မှာ ၀ါကျွတ်ပါတယ်။
ကဲ ဒီလောက်ဆို ၀ါဆိုဝါကပ်ပုံအကြောင်းလေးကိုတော့ တီးမိခေါက်မိ ရှိလောက်ပါပြီနော်….။
လင်္ကာဒီပအရှင်

“ တမ္ဗပဏ္ဏိမှ မှတ်တမ်း ”

0 comments



သာသနာ့သမိုင်းမှာ အလွန်ထင်ရှားခဲ့တဲ့ သီဟိုဠ်ခေတ် စံတော်ဝင် အရိယာရဟန္တာပုဂ္ဂိုလ် အများအပြား သီတင်းသုံးနေထိုင်ခဲ့ရာ အိန္ဒိယနိုင်ငံတောင်ဘက် အိန္ဒိယသမုဒ္ဒရာအတွင်း၌ တည်ရှိတဲ့ သီရိလင်္ကာနိုင်ငံသို့ ၂၀၀၇ ခုနှစ်ရဲ့ နောက်ဆုံးရက်တစ်ရက်မှာ ရောက်ရှိလာခဲ့ပါတယ်။ ယခင်က သီဟိုဠ်ကျွန်းလို့ ခေါ်ဆိုကြပြီး ပါဠိစာပေတွေထဲမှာတော့ သီဟဠ၊ တမ္ဗပဏ္ဏိ၊ လင်္ကာဒီပ ဆိုပြီး ခေါ်ဝေါ်ခဲ့ကြတဲ့ ဒီနိုင်ငံကိုရောက်တော့ မထင်မှတ်တဲ့ အတွေ့အကြုံလေးတစ်ချို့က ကိုယ့်အတွက် မှတ်တမ်းလေးတွေ ဖြစ်ခဲ့ပါတယ်။ သေချာတာတစ်ခုက အဲဒါဟာ ဘုရားဖူးမှတ်တမ်း မဟုတ်သလို၊ ခရီးသွားလမ်းညွှန်းမှတ်တမ်းတစ်စောင်လည်း မဟုတ်ခဲ့ပါဘူး။ ပြောနိုင်တာကတော့ ကိုယ့်အတွေ့အကြုံလေးတစ်ချို့နဲ့ ခံစားချက်လေးတွေ ထည့်ထားတဲ့ မှတ်တမ်းလေး တစ်ခုပါပဲ။
ဒီနိုင်ငံကိုရောက်တော့ ပထမဦးဆုံး အလွန်စိတ်ဝင်စားခဲ့တဲ့ အကြောင်းအရာက ပန်းကလေးတွေနဲ့တူတဲ့ ကလေးလေးတွေနဲ့ ပတ်သက်နေခဲ့ပါတယ်။ တကယ်တော့ ကိုယ်နေတဲ့ကျောင်းက တရားရိပ်သာ(Meditation Centre)တစ်ခုပါ။ ဒါကြောင့်လည်း တရားလာအားထုတ်တဲ့ ယောဂီတွေကိုသာ အထူးသဖြင့် တွေ့ရလေ့ရှိပါတယ်။ ဒီကိုရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဆွမ်းစားကျောင်း အပြင်ဘက်က ခုံတန်းတွေပေါ်မှာ အဖြူရောင်တူညီဝတ်စုံတွေ ၀တ်ထားတဲ့ ကလေးလေးတွေကို မိခင်ဖြစ်သူတွေနဲ့အတူ စပြီး တွေ့တွေ့ခဲ့ရတယ်။ သူတို့လေးတွေကလည်း ဒီနိုင်ငံသားမဟုတ်တဲ့ကိုယ့်ကို စူးစမ်းနေတဲ့မျက်ဝန်းနဲ့ အမြဲတန်း လိုက်ကြည့်လေ့ရှိကြတယ်။ ဒါတွေက သိပ်မဆန်းပေမယ့် တွေ့လိုက်တိုင်းလည်း ဒီလိုအချိန် ဒီအဖြူရောင် ၀တ်စုံလေးတွေနဲ့ ကလေးလေးတွေကို ဒီလိုနေရာမျိုးမှာ တွေ့တွေ့နေရတာကတော့ နည်းနည်း ဆန်းနေသလိုပါပဲ။ ဒီကလေးတွေ ဒီကျောင်းကို ဘာလာလုပ်တာလဲပေါ့…လို့ ကိုယ့်ဘာသာကိုယ် တွေးနေမိတယ်။
ပြီးတော့ သူတို့က နေ့တိုင်းလာတာလည်း မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကို တွေ့လိုက်ရင်လည်း ဆွမ်းစားကျောင်းက ပြန်လာတဲ့အချိန် ၇း၃၀ လောက်မှာ အဲဒါက ပုံမှန်အချိန်ပဲ။ ဒီလိုနဲ့… တစ်ရက်မှာတော့ အပြုံးချိုချိုလေးနဲ့ မိခင်ဖြစ်သူအမျိုးသမီးက လာပြီးမိတ်ဆက်ပါတယ်။ သူနဲ့ကပ်ရက်မှာတော့ ကိုယ့်ကိုစူးစမ်းနေတဲ့ မျက်ဝန်းတွေနဲ့ ပြုံးပြလေ့ရှိတဲ့ ကလေးလေးနှစ်ယောက်ကိုလည်း တွေ့လိုက်ရပါတယ်။ အဲဒီနောက် မိခင်ဖြစ်သူက သူ့သားနဲ့သမီးအကြောင်းကို ပြောပြရင်း ကလေးတွေနဲ့ မိတ်ဆက်ပေးပါတယ်။ ရှစ်နှစ်အရွယ်သားငယ်နဲ့ ဆယ်နှစ်အရွယ် သမီးလေးကလည်း သူတို့ရဲ့ မိခင်လိုပဲ ယဉ်ကျေးသိမ့်မွေ့ ကြပါတယ်။ အင်္ဂလိပ်စကားကိုလည်း ပြောနိုင်ကြပါတယ်။ ကလေးတွေကို Sunday School လိုက်ပို့ပေးတာ ဖြစ်ကြောင်း အဲဒီအမျိုးသမီးက ပြောပြတော့မှပဲ သူတို့ဒီကိုလာရတဲ့အကြောင်းရင်းကို အပြည့်အစုံ သိလိုက်ရပါတယ်။ တကယ်တော့ သူတို့ အဓိကလာတဲ့နေရာက ကိုယ်နေတဲ့တရားရိပ်သာကို မဟုတ်ပါဘူး။ ဒီကျောင်းဝင်းရဲ့ကပ်ရက် ဘုန်းတော်ကြီးကျောင်းက Sunday School ကို လာတာဖြစ်ပြီး ဟိုဘက်မှာ လူအရမ်းများနေလို့ ကျောင်းချိန်မစခင် ဒီမှာခဏ၀င်ပြီး ကလေးတွေကို မနက်စာမုန့်ကျွေးရင်း လာဝင် နားတာပါ..လို့ ရှင်းပြတော့မှ သဘောပေါက်သွားတော့တယ်။
ဟုတ်ပါတယ်… ကိုယ်နေတဲ့ ကျောင်းဝင်းရဲ့ဘယ်ဘက်ကပ်ရက်မှာ ဒီနိုင်ငံရဲ့သမ္မတကိုးကွယ်တဲ့ဘုန်းတော်ကြီးကျောင်း ရှိပါတယ်။ အဲဒီကျောင်းကို လေးငါးခေါက်လောက် ရောက်ဖူးပြီး ကျောင်းထိုင်ဆရာတော်နဲ့လည်း စကားပြောဖူးပါတယ်။ Buddhist Channel ဆိုပြီး ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်းအရာများကို ရိုက်ကူးထုတ်လွှင့်တဲ့ TV အစီအစဉ်တွေလည်း အဲဒီကျောင်းထဲမှာ ရှိပါတယ်။ ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေကဏ္ဍတွေကိုလည်း ရိုက်ကူးတဲ့ အသံလွှင့် Studio-ခန်းထဲကို ကိုယ်တို့ကို လိုက်ပြပေးဖူးပါတယ်။ ဒါပေမယ့် အဲဒီကျောင်းမှာ ကလေး ၅၀၀ ကျော်လောက်ကို သင်ကြားပေးနေတဲ့ (သူတို့ဘာသာစကားနဲ့ ဆိုရင်) Daham Pasala လို့ခေါ်တဲ့ ဓမ္မကျောင်း သို့မဟုတ် Sunday School အစီအစဉ် ရှိတယ်ဆိုတာကို တကယ်မသိခဲ့ပါဘူး။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကဖွင့်တဲ့ Sunday School ဆိုတာကိုလည်း အဲဒီအမျိုးသမီးနဲ့ စကားပြောတော့မှပဲ ပထမဦးဆုံး ကြားဖူးခဲ့ရတာပါ။ အလွန်လည်း စိတ်ဝင်းစားခဲ့ပါတယ်။ ဒါကြောင့်လဲ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်မိပါတယ်။ ဒီတော့မှ Sunday School ဆိုတဲ့စနစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတစ်ဝှမ်းလုံးက ဗုဒ္ဓဘာသာကျောင်းသားကျောင်းသူအားလုံးနီးပါး တက်ရောက်သင်ကြားကြတယ် ဆိုတာကို အံ့သြစွာနဲ့ သိခွင့်ရခဲ့ပါတယ်။ (ဒေသခံတွေကတော့ သူတို့ဘာသာစကားနဲ့ Daham Pasala ဓမ္မကျောင်းလို့ပဲ ခေါ်ဝေါ်ကြပြီး နိုင်ငံခြားသားတွေနဲ့ ပြောတဲ့အခါလောက်မှ Sunday School ဆိုတာကို သုံးကြတာပါ)
အမှန်တော့ ဒီသင်ကြားရေးစနစ်ကို စတင်ခဲ့တာက ၁၈၉၅-ခုနှစ်ကတည်းကပါ။ သီရိလင်္ကာနိုင်ငံဟာ ၁၅၀၅-ခုနှစ်ကတည်းက ပေါ်တူဂီနယ်ချဲ့အစိုးရလက်အောက်ကို ရောက်ရှိခဲ့တာ ဖြစ်ပြီး၊ ၁၆၃၈ မှာတော့ ဒတ်ခ်ျ နယ်ချဲ့အစိုးရကလဲ ၀င်ရောက်သိမ်းပိုက်ခဲ့ပါသေးတယ်။ နောက်ပိုင်း ၁၈၇၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိတော့ ဗြိတိသျှအစိုးရလက်အောက်ကို ရောက်ရှိခဲ့ပြန်ပါတယ်။ နယ်ချဲ့အစိုးရတွေရဲ့ လက်အောက် ကျရောက်ခဲ့ပြီး နောက်ပိုင်း ဘာသာရေးနဲ့ပညာရေးနယ်ပယ်မှာ ခရစ်ယာန်ဘာသာ ကြီးစိုးလာခဲ့ပါတယ်။ နယ်ချဲ့အစိုးရ လက်အောက်မှာ မှေးမှိန်လာခဲ့တဲ့ ဗုဒ္ဓဘာသာစာပေ ယဉ်ကျေးမှုတို့ကို ပြန်လည်ထိန်းသိမ်းရန်အတွက် ဗုဒ္ဓဘာသာသံဃာတော်များရဲ့ ကြိုးပမ်းဆောင်ရွက်မှုများ ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အထင်ရှားဆုံးလည်းဖြစ် ဓမ္မကျောင်း သို့မဟုတ် Sunday School ကို စတင် တည်ထောင်ခဲ့သူလည်းဖြစ်တဲ့ ဆရာတော်ကတော့ Ven. Migettuwatte Gunananda ဖြစ်ပါတယ်။ ဆရာတော်ဟာ အခက်အခဲမျိုးစုံ၊ အဖိနှိပ် မျိုးစုံကို ကျော်လွှားပြီး ၁၈၉၅ ခုနှစ်မှာ Galle မြို့၊ ၀ိဇယနန္ဒာကျောင်း (Vijayananda Temple) တွင် ဓမ္မကျောင်း သို့မဟုတ် Sunday School ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဒီသင်ကြားရေးစနစ်ကို တစ်နိုင်ငံလုံးရှိဗုဒ္ဓဘာသာဝင်တွေ တညီတညွတ်တည်း ပူးပေါင်းပါဝင်လာအောင် ဆရာတော်သံဃာတော်များနှင့်အတူ ဒကာ၊ဒကာမများကလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ ဦးဆောင်လှုပ်ရှားသူ လူပုဂ္ဂိုလ်တစ်ဦးကတော့ အမေရိကန်နိုင်ငံသား Colonel Steel Henry Olcott ဖြစ်ပါတယ်။
Colonel Olcott ဟာ ၁၈၈၀ ခုနှစ်မှာ ဒီနိုင်ငံကို ရောက်ရှိလာပြီး မကြာခင်မှာပဲ ၀ိဇယနန္ဒာကျောင်း ဆရာတော် Ven. Migettuwatte Gunananda ကို အကြောင်းပြုကာ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်လာရာမှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဓမ္မကောလိပ်တွေ၊ ဓမ္မကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ သင်တန်းတွေကို နိုင်ငံတစ်ဝှမ်းလုံးမှာ အများအပြား ပေါ်ပေါက်လာအောင် ဦးဆောင် လှုပ်ရှားခဲ့သူအဖြစ်လည်း ဒီနိုင်ငံရဲ့သမိုင်းမှာ ထင်ရှားခဲ့ပါတယ်။ သူ့ရဲ့မှတ်စု အတွဲ (၃) စာမျက်နှာ ၁၄၃ မှာ ရေးသားခဲ့သော “ငါ့မှာ အရေးကြီးသော အကြံအစည်တစ်ခုရှိသည်။ ဤသည်ကား ဗုဒ္ဓဘာသာအတွက် အထူးသဖြင့် ကလေးများအတွက် ဗုဒ္ဓဘာသာပညာရေးကို စတင်ရန်” ဟူသော စာသားဟာ ဗုဒ္ဓဘာသာဝင်များအကြားတွင် ထင်ရှားခဲ့တယ်။
၁၈၉၅ ခုနှစ်က Galle မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကနေ ကိုယ့်အား ကိုယ်ကိုးစနစ်နဲ့ စတင်ခဲ့တဲ့ ဓမ္မကျောင်းတွေဟာ ဆယ်စုတစ်ခုအတွင်းမှာပဲ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပျံ့နှံ့ သွားခဲ့ပါတယ်။ နယ်ချဲ့အစိုးရလက်အောက် ကျရောက်နေစဉ် လွတ်လပ်ရေးမရခင် အစောပိုင်းနှစ်တွေ ကတည်းက ဓမ္မကျောင်းလို့ ခေါ်ကြတဲ့ Sunday School စနစ်ဟာ ဒီနိုင်ငံမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေခဲ့ပါပြီ။ ဘာသာခြား တိုင်းတစ်ပါးသား အစိုးရလက်အောက်အတွင်း အဖိနှိပ်အချုပ်ခြယ်ကြားထဲမှာ Private ကျောင်းအသွင်နဲ့ တစ်နိုင်ငံလုံးမှာ အမြစ်တွယ်သွားအောင် လုပ်ဆောင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စရပ်တစ်ခု မဟုတ်တာတော့ သေချာပါတယ်။ ဒီနေရာမှာ ကိုယ်တို့ သတိထားရမယ့်အချက် ၂-ချက် ရှိပါတယ်။ ပထမအချက်က ဒီနိုင်ငံကို ကြည့်မယ်ဆိုရင် ကိုလိုနီနယ်ချဲ့အစိုးရလက်အောက်ကို နှစ်ပေါင်း ၄၀၀ ကျော်ကြာအောင် ကျရောက်ခဲ့ပြီးတဲ့အချိန်မှာတောင်မှ ဗုဒ္ဓဘာသာ ပညာရေးစနစ်တစ်ခုကို ခိုင်ခိုင်မာမာနဲ့ ဦးမော့လာနိုင်အောင် လုပ်နိုင်စွမ်း ရှိခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်တို့နိုင်ငံကို ကြည့်မယ်ဆိုရင် ကိုလိုနီအစိုးရလက်အောက်ကို မကျရောက်ခင်ကတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဟာ နိုင်ငံရဲ့ အဓိကပညာရေး အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ရပ်တည်နိုင်ခဲ့တာပါ။ ဒါပေမယ့် ကိုလိုနီခေတ်လည်းရောက်ရော ဘုန်းတော်ကြီးသင်ပညာရေးစနစ်လည်း အညွန့်ချိုးခံလိုက်ရတာ ပြန်ပြီးနလံမထူနိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။ (ဒီနိုင်ငံနဲ့ ကိုယ်တို့နိုင်ငံ လွတ်လပ်ရေးရတာ တစ်နှစ်ထဲဖြစ်သလို၊ အဲဒီအချိန်တုန်းက အုပ်ချုပ်ခဲ့တဲ့ ကိုလီုနီအစိုးရဟာလည်း တစ်ခုတည်းရယ်ပါ။)
နောက်ဒုတိယအချက်ကတော့ လူမျိုးခြား Colonel Olcott ပါပဲ။ ဗုဒ္ဓဘာသာဟာ သူရဲ့ဘိုးဘွား အစဉ်အဆက်က ကိုးကွယ်ခဲ့တဲ့ဘာသာမဟုတ်သလို၊ သူရဲ့နိုင်ငံတော်ဘာသာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူက ဗုဒ္ဓဘာသာအတွက် ဘယ်လောက်တောင် ကြိုးစားဆောင်ရွက်ခဲ့သလဲဆိုတာကို သူတည်ထောင်ခဲ့တဲ့ ဓမ္မကောလိပ်တွေ၊ ဓမ္မကျောင်းတွေ၊ သူ့ကို အမှတ်ရကြလို့ ဂုဏ်ပြုကာ ထုလုပ်ထားတဲ့ ကိုလံဘိုမြို့လယ်ရှိ သူ့ရဲ့ရုပ်တုကြီးက သက်သေပြနေဆဲပါ။ သူကတော့ သေဆုံးသွားပေမယ့် သူပျိုးထောင်ပေးခဲ့တဲ့ အရာတွေကတော့ ရှင်သန်ကြီးထွားနေဆဲပါ။ ဒီလိုဆိုရင် ကိုယ်တို့ကျတော့ရော… ဗုဒ္ဓဘာသာဟာ ကိုယ်တို့ဘိုးဘွားအစဉ်အဆက် ကိုးကွယ်ခဲ့တဲ့ဘာသာ၊ ကိုယ်တို့နိုင်ငံရဲ့ အဓိကဘာသာ၊ ပြီးတော့ “အမျိုး၊ဘာသာ၊သာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြပါ” ဆိုတဲ့ သြ၀ါဒကို သိတတ်နားလည်စ အရွယ်ကတည်းက ကြားနေခဲ့ရတာ ယနေ့အထိ အကြိမ်ပေါင်းမနည်းတော့ပါဘူး။ ကြားခဲ့ရတဲ့ အချိန်တိုင်းမှာလည်း ကိုယ်တို့ကတော့ ခေါင်းလေးတညိတ်ညိတ်နဲ့ပေါ့။ ခေါင်းညိတ်ရုံကလွဲပြီး ဘာမှမလုပ်ဖြစ်ခဲ့သေးတဲ့ကိုယ့်အဖြစ်ကို တကယ်လို့ Colonel Olcott သာ တွေ့ရင် ကိုယ့်ကို ဟားတိုက်မှာ သေချာပါတယ်။ ဒါ့အပြင် သူက သူ့နိုင်ငံသား မဟုတ်တဲ့ကလေးတွေအတွက် ဒီလောက်တောင် စေတနာထား လုပ်ဆောင်နိုင်ခဲ့တယ်ဆိုရင် ကိုယ်တို့ကတော့ရော ကိုယ်တို့နိုင်ငံက ကလေးတွေအတွက် ဘာတွေလုပ်ပေးခဲ့ကြပြီးပြီလဲ..။ အင်း…. ဒီအချက်ကတော့ ကိုယ့်အတွက် အလေးအနက်ထားစရာ အချက်တစ်ခုပါပဲ။
ဒီလိုနဲ့ အခက်အခဲတွေကြားက ရုန်းထွက်ဦးမော့ခဲ့တဲ့ ဓမ္မကျောင်း သို့မဟုတ် Sunday School စနစ်ဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ သမိုင်းမှာ ထင်ရှားတဲ့ ဝန်ကြီးချုပ်-Bandranaike ကြောင့် ပိုပြီး အရောင်တောက်ပခဲ့ပါတယ်။ သူ ဝန်ကြီးချုပ်ဖြစ်တဲ့ ၁၉၅၆ ခုနှစ်တွင် ဒီ Sunday School လို့ခေါ်တဲ့ ဓမ္မကျောင်းတွေကို သာသနာရေးဝန်ကြီးဌာနလက်အောက်က ဖွင့်တဲ့ အစိုးရကျောင်းတွေအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပါတယ်။ အတန်းတိုင်းအတွက် သင်ရိုးပြဌာန်းစာအုပ်တွေကိုလည်း သာသနာရေး ၀န်ကြီးဌာနက ရိုက်နှိပ်ထုတ်ဝေပြီး တစ်နိုင်ငံလုံးရှိ ဓမ္မကျောင်းမှ ကျောင်းသားကျောင်းသူများ အားလုံးကို အခမဲ့ ဖြန့်ဝေပေးပါတယ်။ စာမေးပွဲတွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပပေးတာဖြစ်ပြီး စာမေးပွဲနဲ့ ပတ်သတ်တာမှန်သမျှကိုလည်း တာဝန်ယူပြီး စီစဉ်ပေးပါတယ်။ ပြီးတော့ ဓမ္မကျောင်း သို့မဟုတ် Sunday School ၀တ်စုံဆိုပြီးတော့ သီးသန့်သတ်မှတ်ပေးခဲ့သေးတယ်။ ယောင်္ကျားလေးတွေအတွက်က ဒီနိုင်ငံရဲ့ အမျိုးသားဝတ်စုံနဲ့ ဆင်တူတဲ့ လည်ကတုံးရှပ်အင်္ကျင်္ီလက်ရှည်အဖြူနဲ့ လုံချည် အဖြူဖြစ်ပြီး မိန်းကလေးတွေ အတွက်ကတော့ ဒီနိုင်ငံရဲ့ ရိုးရာဝတ်စုံဖြစ်တဲ့ Kandyဆာရီနဲ့ အနည်းငယ်ဆင်တဲ့ (သူတို့အခေါ်) Half ဆာရီ ဆိုတဲ့ အထက်အောက် အဖြူရောင်ဝတ်စုံလေးဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရက အထက်တန်းကျောင်း အောင်လက်မှတ်များလိုပဲ ဓမ္မကျောင်းအောင်လက်မှတ်ကိုလည်း ချီးမြှင့်ခဲ့ကြပါတယ်။
ဒီလိုစနစ်တကျနဲ့ သပ်သပ်ရပ်ရပ်ဖြစ်လာတဲ့ Sunday School စနစ်ဟာ ယခု သမ္မတ Mahinda Rajapaksa လက်ထက်မှာတော့ ပံ့ပိုးမှုတွေ အားပေးမှုတွေ ပိုပြီး အားကောင်းလာခဲ့ပါတယ်။ သမ္မတကိုယ်တိုင်ကလည်း ကလေးတွေကို Sunday School တက်ဖို့ သူ့မိန့်ခွန်းတွေထဲကနေရော အပြင်မှာဆုံတွေ့တဲ့အခါမှာရော အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။ သာမန်အောင်လက်မှတ် အဆင့်သာရှိတဲ့ ဓမ္မကျောင်းအောင်လက်မှတ်ကိုလည်း အဆင့်အတန်းမြှင့်တင်ပေးခဲ့ပါတယ်။ အစိုးရဌာနဆိုင်ရာ အလုပ် ခန့်အပ်မှုမှာ ဒီ Sunday School အောင်လက်မှတ်ဟာ အရေးပါတဲ့ ကန့်သတ်ချက်တစ်ခုအနေနဲ့ လိုအပ်နေပြီး အဲဒါကိုလည်း အစိုးရက တရားဝင်ထုတ်ပြန်ထားကြောင်း ကျောင်းသားမိဘတွေက ပြောပြကြပါတယ်။ (ဒီနေရာမှာ.. တခြားဘာသာခြားတွေအတွက်ဆိုရင်တော့ သက်ဆိုင်ရာ ဘာသာရဲ့ အောင်လက်မှတ်ကို ဆိုလိုပါတယ်လို့ ရှင်းပြကြပါတယ်။) “ အခုဆိုရင် Sunday School အောင်လက်မှတ်ဟာ တက္ကသိုလ်ဆက်တက်မဲ့ ဗုဒ္ဓဘာသာကျောင်းသားကျောင်းသူတွေအတွက် အရေးပါတဲ့ လက်မှတ်တစ်ခု ဖြစ်နေပါပြီး” လို့ အဲဒီမှာ စာသင်ပေးနေတဲ့ သီလရှင်ကြီးတစ်ပါးက ဂုဏ်ယူစွာနဲ့ ပြောတုန်းက ကိုယ့်မှာတော့ သူနဲ့အတူရောပြီး (သူတို့အတွက်) ၀မ်းသာဂုဏ်ယူနေမိတယ်။
ဒီနိုင်ငံကိုရောက်ပြီးနောက်ပိုင်း အပြင်သွားစရာကိစ္စပေါ်ရင် အမြဲလိုလိုလိုက်ပို့ပေးတတ်တဲ့ ဒကာမကြီးက တချို့သော သူ့ရုံးပိတ်ရက်တွေမှာ တခြားမြို့တွေက ဘုရားတွေဆီ လိုက်ပို့ပေးလေ့ရှိပါတယ်။ ကိုယ်တို့ ခရီးထွက်ချိန် တနင်္ဂနွေ မနက်စောစောတွေမှာ ဆိုရင် ဖြတ်ကျော်သွားနေတဲ့ မြို့တွေ ရွာတွေရဲ့ လမ်းဘေးတလျှောက်မှာတော့ ဓမ္မကျောင်းက ကလေးများရဲ့ ၀တ်စုံ အဖြူရောင်တွေ လွှမ်းနေတော့တာပေါ့..။ အဖြူရောင်တူညီဝတ်စုံလေးတွေနဲ့ ကလေးတွေရဲ့ ခြေလှမ်းတွေက လန်းဆန်းတက်ကြွစွာ ဘုန်းတော်ကြီးကျောင်းဆီ ဦးတည်လို့ ..၊ သူတို့လေးတွေရဲ့ မျက်နှာမှာတော့ အပြုံးပန်းတွေဝေလို့..၊ သူတို့အာရုံထဲမှာတော့ သူတို့သွားနေတဲ့ ဘုန်းတော်ကြီးကျောင်းဟာ သူတို့အတွက် စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တတွေ အရောင်မြှင့်တင်ပေးတဲ့နေရာ စံပြပုဂ္ဂိုလ်တွေအကြောင်းကို လေ့လာခွင့်ရမဲ့နေရာ…. ဆိုပြီး ယုံကြည်မှုတွေပြည့်လို့..။ ကားပေါ်ကနေ လှမ်းမြင်နေရတဲ့ ဒီမြင်ကွင်းတွေကတော့ ကိုယ့်အတွက် ကျက်သရေရှိလွန်းလှပါတယ်။ မြို့တွေ၊ ရွာတွေ ဖြတ်သွားတိုင်း အဲဒီလိုမြင်ကွင်းမျိုးကို ကိုယ်က မရိုးနိုင်အောင် လိုက်ငေးနေတော့တာပဲ။ ကားက မြို့တွေရွာတွေကို ကျော်လွန်သွားပေမဲ့လည်း ကိုယ့်အာရုံထဲမှာတော့ အတွေးတွေက တ၀ဲလည်လည်ပါပဲ။ အင်း…ဒီလိုအချိန်မျိုးမှာ ကိုယ်တို့နိုင်ငံက ကလေးတွေရော ဘယ်ဆီကိုများဦးတည်သွားနေကြမလဲ….၊ သူတို့တွေကရော ဘုန်တော်ကြီးကျောင်းတွေကို ဘယ်လို သဘောထားကြမလဲ……..။
တစ်ခါမှာတော့ ရှေးဟောင်းဆင်းတုတော်တွေဖူးရန်နဲ့ ရှေးဟောင်းအဆောက်အဦလေးတစ်ခုကို လေ့လာရန် နယ်မြို့တစ်မြို့ရဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို မိတ်ဆွေတွေက ခေါ်သွားပါတယ်။ ဖြစ်ချင်တော့ ကိုယ်တို့ရောက်သွားတဲ့ အချိန်က Sunday School စာသင်ချိန်ဖြစ်နေပါတယ်။ ဒါနဲ့ ကိုယ်တို့လဲ စာသင်နေတဲ့နေရာကို အရင်သွားပြီး လိုက်ကြည့်ကြပါတယ်။ အဲဒီမှာတွေ့ရတာကတော့ အသက်အရွယ်လိုက် အတန်းတွေ ခွဲခြားထားပါတယ်။ သူငယ်တန်း၊ ပြီးတော့ ၁တန်းကနေ ၁၀တန်းအထိရှိတဲ့အပြင် (Finnal 1 ,2) နောက်ဆုံးနှစ် ၂နှစ် အပါအ၀င် အတန်းတွေကို အဆင့်ဆင့် ခွဲခြားထားတယ်လို့ ဆိုပါတယ်။ ဒီဓမ္မကျောင်း သို့မဟုတ် Sunday School အတွက် သင်ရိုးပြဌာန်းထားတာတွေကတော့
1. Pāli language (ပါဠိဘာသာ)၊
2. History of Buddhism (ဗုဒ္ဓဘာသာသမိုင်းကြောင်း)၊
3. Biography of the Buddha (ဗုဒ္ဓ၀င်)၊
4. Biographies of very famous Buddhist monks, nuns and lay people (ဗုဒ္ဓခေတ် သာဝကကြီးများရဲ့ အတ္ထုပ္ပတ္တိများ)၊
5. Fundamental doctrines of Buddhism (ဗုဒ္ဓဘာသာရဲ့ အခြေခံတရားတော်များ)၊
6. Recitation of Pāli passages and stanzas (ပါဠိတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း)၊
7. Abhidhamma (အဘိဓဓ္မာ)၊
8. Buddhist meditation (ဘာဝနာ တရားပွားများခြင်း) တို့ဖြစ်ကြပါတယ်။ အတန်းစဉ်ကို လိုက်ပြီး သင်ရိုးတွေကို တဖြည်းဖြည်းချင်းမြှင့်ထားပါတယ်လို့ ရှင်းပြကြပါတယ်။ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေအပြင် ဆရာ၊ ဆရာမတွေကလည်း ၀ိုင်းဝန်းကူညီသင်ကြားပေးကြတာ တွေ့ရပါတယ်။ သင်ကြားရေးပိုင်းနဲ့ ပတ်သတ်ပြီး သိရှိရတာ နောက်တစ်ခုကတော့ ၁၉၆၀မှာ ဖွဲ့စည်းတည်ထောင်လိုက်တဲ့ Buddhist Theosophical Society (BTS) ဆိုတာပါပဲ။ အဲဒီအဖွဲ့က သင်ကြားမှုနည်းစနစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆရာဖြစ်သင်တန်း ဖွင့်လှစ်ရေးအတွက် ရည်ရွယ်တာပါ။ နောက်ပိုင်းမှာ Sunday School ကျောင်းသားဟောင်းများကိုလည်း ဆရာများအဖြစ် ထိုသင်တန်းများမှ မွေးထုတ်ပေးခဲ့ပါတယ်။ အစိုးရစာမေးပွဲများမှတဆင့် စဉ်ဆက်မပျက် အကဲဖြတ်ခြင်းဟာ အရည်အချင်းပြည့်ဝတဲ့ ဓမ္မကျောင်းဆရာများ မွေးထုတ်ပေးခြင်းအတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်လို့ ရှင်းပြကြပါတယ်။ သတိထားကြည့်မိသလောက်တော့ ဒီ Sunday School စနစ်ကို ဒီနိုင်ငံက ပညာတတ်လူတန်းစားတွေ အထူးအားပေးကြတာတွေ့ရပါတယ်။ အဲဒီအချက်တွေဟာ ကိုယ့်အတွက်တော့ မှတ်တမ်းလေးတွေ ဖြစ်လို့ပေါ့။
ဒီလိုနဲ့.. နိုဝင်ဘာလရဲ့ ရက်တစ်ရက်မှာတော့ မြန်မာ့သမိုင်းမှာထင်ရှားတဲ့ ကန္ဒီစာချုပ် ချုပ်ဆိုခဲ့တဲ့နေရာ၊ ဒီနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ကန္ဒီ(Kandy)မြို့ ကနေ ကီလိုမီတာ ၂၀လောက်ဝေးတဲ့ နေရာက ခြံကြီးတစ်ခြံသို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီခြံကြီးထဲမှာ ကိုယ်နဲ့ အလွန်ရင်းနှီးတဲ့ မိသားစုတစ်စုနေထိုင်ကြပါတယ်။ သူတို့မိသားစုက စီစဉ်ပြုလုပ်တဲ့ အလှူအတွက် လာဖိတ်ကြတာနဲ့ အဲဒီကိုရောက်ဖြစ်သွားရတော့တယ်။ လာကြိုတဲ့ကားက အလှူလုပ်တဲ့အိမ်ကိုရောက်တော့ မနက် ၉နာရီခွဲလောက်ရှိပါပြီ။ အဲဒီနေ့က တနင်္ဂနွေနေ့ပါ။ ကိုယ်တို့လဲရောက်တော့ အိမ်ရှင်တွေက ထွက်ကြိုနှုတ်ဆက်ကြတာပေါ့။ အဲဒီအိမ်မှာက သားသမီးဆိုလို့ ၁၃နှစ်အရွယ် သမီးလေးတစ်ယောက်ပဲရှိပြီး ကိုယ်နဲ့လဲ အလွန်ရင်းနှီးပါတယ်။ ကိုယ်ရောက်တော့ အဲဒီကလေးမလေးရဲ့ မိဘတွေကို နှုတ်ဆက်ရင်း သူ့ကို မတွေ့တာနဲ့ မေးကြည့်လိုက်တော့ “ဒီနေ့ Sunday School ရှိတယ်လေ..၊ အဲဒီမှာ အစမ်းစာမေးပွဲလေးလည်း ရှိလို့ပါ..၊ ၁၁နာရီ မထိုးခင် တရားပွဲအမီ ပြန်လာပါလိမ့်မယ်” လို့ပြန်ဖြေပါတယ်။
ပုံမှန်အချိန်ဆိုရင်တော့ ဒါက မထူးဆန်းပေမဲ့ အခုလိုအချိန်မျိုးမှာ ဒီစကားကို ကြားရတော့ နဲနဲဆန်းနေသလိုပါပဲလို့ ထင်မိတယ်။ တကယ်တော့ ဒီအလှူက သူတို့မိသားစုအတွက် အလွန်ကြီးကြီးကျယ်ကျယ်နဲ့ ပြုလုပ်ထားတဲ့ အလှူပါ။ ကိုလံဘိုက ဆရာတော်တွေနဲ့ လူတွေတချို့ကိုတောင် ဖိတ်ကြားထားတာပါ။ ပြီးတော့ သူတို့မိသားစုအတွက် ၀မ်းနည်းစရာအကောင်းဆုံး ဖြစ်ခဲ့တဲ့နေ့ကို အမှတ်တရ ပြုလုပ်တဲ့ အခမ်းအနားလေးပါ။ ဒီလိုနေ့မျိုးမှာတောင် အိမ်ရှင်ဖြစ်တဲ့ ကလေးမလေးက Sunday School ကို သွားဖို့ မပျက်ကွက်ခဲ့ဘူး။ မိဘတွေဘက်ကလည်း အားပေးတိုက်တွန်းပြီး ကြည်ကြည်ဖြူဖြူနဲ့ လိုက်ပို့ပေးတာပဲ။ ကိုယ်ကတော့ ဒီအခြေအနေလေးတွေကိုကြည့်ပြီး မိဘတွေဘက်ကရော ကလေးတွေဘက်ကပါ Sunday School အပေါ်ထားတဲ့ လေးနက်မှုတွေကို သိလိုက်ရတော့တယ်။ တကယ်တော့ သင်ကြားရေးစနစ်တစ်ခုမှာ သင်ကြားပြသပေးတဲ့သူတွေသာမက တက်ရောက်သင်ကြားကြတဲ့သူတွေဟာလည်း အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သင်ကြားရေးစနစ်တစ်ခု အောင်မြင်ဖို့ အတွက် ကလေးတွေဘက်က စိတ်ပါဝင်စားမှု အလေးအနက်ထားမှုတွေ လိုအပ်သလို မိဘတွေဘက်လဲ တိုက်တွန်းအားပေးမှု ၊ ပံ့ပိုးမှုတွေလုပ်ပေးဖို့လည်း အထူးလိုအပ်ပါတယ်။
ရောက်ရောက်ချင်း သူ့ကို မတွေ့လိုက်ရပေမဲ့ ဓမ္မကျောင်းကို လေးလေးစားစားနဲ့ မပျက်မကွက်သွားခဲ့တဲ့သူ့အတွက် ကျေနပ်နေမိတယ်။ ပီတိလည်းဖြစ်ရတယ်။ အခမ်းအနားစခါနီးမှာပဲ အဲဒီကလေးမလေး ပြန်ရောက်လာပြီး Sunday School ၀တ်စုံလေးနဲ့ တရားဝင်နာနေတာ တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ အခမ်းအနားပြီးတော့ ကိုလံဘိုလိုက်ပြန်မဲ့ ဆရာတော်တပါးက ခဏလောက်နားချင်သေးတယ် ဆိုတာနဲ့ ချက်ချင်းမပြန်ဖြစ်သေးဘဲ ခေတ္တနားဖြစ်ကြပါတယ်။ ဒါနဲ့ပဲ ကိုယ်နားဖို့အတွက်ပေးထားတဲ့ အခန်းထဲမှာပဲ ပြန်နားရင် တက္ကသိုလ်သင်ရိုးညွှန်းတမ်းထဲက စာတချို့ကို ဖတ်နေလိုက်ပါတယ်။ ဒီလိုနေရင်း တအောင့်လောက်ကြာတော့ အလှူကိုလာတဲ့ (အသက်၁၃နှစ်အရွယ်) ဒီအိမ်ရှင်ရဲ့ တူမလေးက အခန်းထဲဝင်လာပြီး ကိုယ့်ဘေးနားကို ရောက်လာပါတော့တယ်။ ကလေးတွေကလဲ ကိုယ်နဲ့ဆို အတော်ဓာတ်တည့်ကြပါတယ်။ တော်တော်လဲ ခင်ကြတယ်။ (ဒီက ကလေးတွေ အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်ကြတယ်။ တချို့ဆို ကိုယ့်ထက်တောင်သာသေး..။) အခုလဲ ကိုယ့်အနားကို ကပ်လာတဲ့ ကလေးမလေးကလဲ ကိုယ်ဘာစာတွေ ဖတ်နေတယ်ဆိုတာ စပ်စုချင်လို့လေ၊ သူက ကိုယ့်ဘေးနားကနေ စာရွက်ထိပ်က ခေါင်းစဉ်တစ်ခုကို ကြည့်ပြီး Mahasanghika Sect (မဟာသံဃိကဂိုဏ်း) ဆိုပြီး အသံထွက်ဖတ်လိုက်တယ်။ ဒါနဲ့ ကိုယ်က လက်ထဲကဖိုင်ကိုပိတ်ပြီး သူ့ကိုနောက်ချင်တာနဲ့ အဲဒါဘာလဲ..သိလားဟင် လို့ မေးလိုက်ပါတယ်။ ကလေးမလေးကလည်း ချက်ချင်းပဲ သိတာပေါ့လို့ ပြန်ဖြေတယ်။ ဒါဆိုရင် နဲနဲလောက်ပြောပြပါလားလို့ ဆိုတော့ ကလေးမလေးကလည်း အဲဒီဂိုဏ်းနဲ့ ပတ်သတ်တဲ့ အဓိကအကြောင်းအရာတချို့ကို တခါတည်း တတွတ်တွတ်နဲ့ ကိုယ့်ကို ပြောပြပါလေတော့တယ်။
ဒီလိုပြန်ကြားရလိမ့်မယ်လို့ လုံးဝမထင်ထားပါဘူး။ အမှန်တကယ်တော့ အဲဒီကလေးမလေးကို နောက်လိုက်တာပါ။ ဒီဂိုဏ်းအကြောင်း သူဒီလောက်အထိ သိနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ကိုယ်ဆိုရင်လေ သူ့အသက်အရွယ်လောက်တုန်းက မဟာသံဃိကဂိုဏ်းအကြောင်းမပြောနဲ့ အဲဒီနာမည်ကို ကြားတောင် မကြားခဲ့ဖူးဘူး။ မဟာယာန ဆိုတာကိုတာတောင် ဖားအောက်တောရရောက်တော့မှ စပြီးကြားဖူးတာ.. အော်.ဒီလိုလဲရှိပါလားပေါ့… ဒါတောင် အဲဒီတုန်းက မဟာယာနဂိုဏ်းအကြောင်း သေချာမသိခဲ့ဘူး။ (ကိုယ်ကတော့ အဲဒီလောက်ထိကို ညံ့ခဲ့တာပါ။ အင်း….ခုနေများ ကိုယ်တို့နိုင်ငံက သူ့အရွယ်ကလေးတွေကို အဲဒီလိုမေးကြည့်ရင် ဘယ်လိုဖြေကြမလဲ မသိဘူး…။)
အခု ကိုယ့်ရှေ့က ကလေးမလေးက မြို့ကြီးတွေ ကျောင်းကောင်းကောင်းကြီးတွေမှာ နေခဲ့ရသူတစ်ဦးလည်း မဟုတ်ပါဘူး။ ကန္ဒီအလွန် ရွာမြို့လေးတစ်ခုကနေ ကြီးပြင်းလာတဲ့ သာမန်အရပ်သူလေးတစ်ဦးပါ။ ဒါနဲ့ကိုယ်ကလည်း သူ့ကို ဘယ်လိုလုပ်ပြီး ဒီအကြောင်းအရာတွေကို သိနေရတာလဲလို့ မေးလိုက်တော့.. ကလေးမလေးက “ Sunday School မှာသင်ပေးတာလေ” ဆိုပြီး ပြန်ဖြေပါတယ်။ အဲဒီစကားကတော့ ကိုယ့်ရင်ဘတ်ထဲကို တည့်တည့်ကြီး ၀င်သွားသလိုပါပဲ။ ကြည့်ပါဦးလေ..ဒီလိုသာမန်ကလေးတစ်ယောက်ရဲ့ အသိဉာဏ်ထဲကို ဘာသာရေး ဗဟုသုတတွေ စွဲနေအောင် အများကြီး ထည့်သွင်းပေးနိုင်တဲ့ သူတို့ ရွာကျောင်း Sunday School က ဘုန်းတော်ကြီးတွေရဲ့ အရည်အချင်းတွေကို အလွန်လေးစားမိပါတယ်။ ဒီကလေးတွေအတွက် သူတို့ရပ်ရွာက ဘုန်းကြီးတွေ အလွန်တာဝန်ကျေကြတယ်လို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲခံစားရလိုက်ရတယ်။
မွန်းလွဲ၂နာရီကျော်လောက်မှာတော့ ကိုယ်တို့လဲ အဲဒီခြံကြီးကနေ ကိုလံဘိုကို ပြန်လာခဲ့ပါတယ်။ ခြံထဲကမထွက်မီ ကားပေါ်မတက်ခင်လေးမှာတော့ အိမ်ရှင်သမီးလေးက ခြံထဲကပန်းတွေခူးပြီး ပန်းလေးတွေနဲ့ နှုတ်ဆက်ကန်တော့ပါတယ်။ အပြန်လမ်းမှာတော့ လက်ထဲမှာကိုင်ထားတဲ့ ပန်းလေးတွေကိုငေးရင်း နေ့ခင်းက တွေ့ခဲ့တဲ့ စကားပြောခဲ့တဲ့ ပန်းလေးတွေအကြောင်း သတိရနေမိတယ်။ ဒီကပန်းလေးတွေကတော့ လောကကြီးအတွက် အလှဆုံးဖူးပွင့်ကြဖို့ တာစူနေကြပါပြီ။ ကိုယ်တို့နိုင်ငံက ပန်းကလေးတွေကရော……….။ “ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ အဲဒီနိုင်ငံရဲ့ မျိုးဆက်သစ်တွေ လက်ထဲမှာရှိနေပါတယ် ” ဆိုတဲ့စကားကို စာအုပ်တွေထဲမှာ မကြာခဏ ဖတ်ခဲ့ရဖူးပါတယ်။ မျိုးဆက်သစ် ပန်းပွင့်လေးတွေ ခွန်အားအပြည့်နဲ့ လန်းဆန်းမှုအပြည့်နဲ့ ဖူးပွင့်နေတာတွေ့ရရင် တကယ်ကြည်နူးရတယ်။
တစ်ခါတုန်းကတော့ နယ်က ကလေးမလေးတစ်ယောက် သူ့မိသားစုနဲ့ အတူ ကိုလံဘိုကို လာရင်း ကိုယ့်ဆီ အလည်ဝင်လာပါတယ်။ သူလည်း အသက်၁၃နှစ်လောက်ရှိပါပြီး။ (ဒီနိုင်ငံက ကိုယ်ရင်းနှီးတဲ့ ကလေးတွေ ၁၀ယောက်၁၅ယောက်လောက် ရှိတဲ့အထဲမှာ အသက် ၁၃နှစ်အရွယ်က ၄ယောက်ပါတယ်။) ဖြစ်ချင်တော့ အဲဒီကောင်မလေး ကိုယ့်ဆီ လာလည်တဲ့ အချိန်ကလည်း အမေရိကန်သမ္မတလောင်း Barack Obama ရဲ့ ဓာတ်ပုံတွေက သတင်းစာတွေ၊ ဂျာနယ်တွေ၊ အင်တာနက်စာမျက်နှာတွေမှာ ပလူပျံနေတဲ့ အချိန်ပေါ့။ အဲဒါတွေကိုတွေ့တော့ ကလေးမလေးက ကိုယ့်ကိုဘာပြောသလဲဆိုတော့ သူက “ Obamaကို မကြိုက်ဘူး ”တဲ့။ Obama ကို ထောက်ခံသံတွေ ကျွက်ကျွက်ညံနေတဲ့ အချိန်မှာ ဒီကလေးမလေးက မကြိုက်ဘူးလို့ ပြောလိုက်တော့ ကိုယ့်မှာ စိတ်ထဲဇဝေဇ၀ါဖြစ်သွားတယ်။ ဒါနဲ့ ဘာဖြစ်လို့ မကြိုက်တာလဲလို့ သူ့ကိုမေးတော့ သူက “ Hillary Clinton ကို ပိုကြိုက်လို့ပေါ့ ” တဲ့။ ပြီးတော့ သူက Hillary Clinton စကားပြောတဲ့ ပုံစံကို သူအလွန် သဘောကျကြောင်း ကိုယ့်ကိုပြောပြပါသေးတယ်။
အဲဒီလို သူပြောနေတဲ့ ပုံစံကလေးကို ကြည့်ပြီး ကိုယ်ကတော့ ပြုံးနေမိတယ်။ ဒါပေမဲ့ သူဆက်ပြောတဲ့ စကားတွေကြောင့် ကိုယ့်မှာဖြင့် အားရပါးရရီလိုက်မိတယ်။ အဲဒါကတော့ သူက Dr. Kondoliza Rice စကားပြောဟန်ကို ကြိုက်ပါတယ်တဲ့..၊ ဒါပေမဲ့ Dr. Rice က နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ခြေထောက်ကို အမြင့်ကြီး ချိတ်ထိုင်တာကိုတော့ သူကမကြိုက်ဘူးတဲ့။ အဲဒီစကားကိုကြားတော့ ကိုယ့်မှာဖြင့် သဘောကျလိုက်တာ။ စဉ်းစားကြည့်လေ ကလေးမလေးတစ်ယောက် (သို့မဟုတ်) လူငယ်လေးတစ်ယောက်ဟာ TV အစီအစဉ်တွေထဲက ကြော်ငြာမင်းသမီးတွေကို စိတ်ဝင်စားတာထက် လူထုကို ဦးဆောင်နေတဲ့ ပြဿနာတွေဖြေရှင်းပေးနေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို စိတ်ဝင်စားတာ ပိုမကောင်းဘူးလား..။ ရုပ်ရှင်ထဲက မင်းသမီးတွေ ပြောတဲ့ စကားလုံးတွေထက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ ပြောတဲ့ မိန့်ခွန်းတွေကို စိတ်ဝင်စားတာ ပိုမကောင်းဘူးလား…။ စတိတ်ပေါ်က မော်ဒယ်လေးတွေရဲ့ လှုပ်ရှားပုံကို စိတ်ဝင်စားတာထက် ကမ္ဘာကျော်ခေါင်းဆောင်ကြီးတွေရဲ့ လှုပ်ရှားပြုမူပုံကို စိတ်ဝင်စားတာ ပိုမကောင်းပေဘူးလား။ ကိုယ့်တူလေး၊ တူမလေးတွေက TV ဇာတ်လမ်းတွဲတွေထဲက မင်းသား၊ မင်းသမီးတွေကို သဘောကျနေချိန်မှာ ကိုယ့်ရှေ့က ကောင်းမလေးကတော့ ကမ္ဘာ့ခေါင်းဆောင် အမျိုးသမီးကြီးတွေကို အားကျလို့နေတယ်။ ဝေတောင်ဝေဖန် လိုက်သေး။ ကိုယ့်မှာတော့ သူတို့နဲ့ တွေ့လိုက်ရင် စဉ်းစားစရာတွေက ပေါ်ပေါ်လာတော့တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ.. သူတို့လေးတွေနဲ့ တွေ့ဆုံခဲ့ရတာဟာ ကိုယ့်အတွက်တော့ အမှတ်ရစရာကောင်းခဲ့ပါတယ်။
ဒီနိုင်ငံရဲ့ လူဦးရေ ၆၉%က ဗုဒ္ဓဘာသာဝင်၊ ၁၅%က ဟိန္ဒူဘာသာဝင်၊ ၈%က ခရစ်ယာန်ဘာသာဝင်၊ ၇%က မွတ်ဆလင်ဘာသာဝင်တွေ ဆိုပြီးဖော်ပြထားတာ တွေ့ရပါတယ်။ ဒီနိုင်ငံမှာက လပြည့်နေ့တိုင်းကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပေးပြီး အဲဒီနေ့ဆိုရင် ဘုန်းကြီးကျောင်းတွေ ရိပ်သာတွေမှာ ဥပုသ်သီတင်းစောင့်တည်သူတွေ ပြည့်လို့ပေါ့။ ကိုယ်နေတဲ့ ရိပ်သာမှာတော့ ပုံမှန်လပြည့်နေ့ဆိုရင် ဥပုသ်စောင့်တည်သူ ၁၀၀၀ ပတ်ဝန်းကျင်လောက်ရှိပြီး Wesak Poya Day လို့ခေါ်တဲ့ ကဆုန်လပြည့်နေလိုမျိုးမှာဆိုရင်တော့ ၂၀၀၀လောက်ရှိတတ်ပါတယ်။ မနက်၆နာရီလောက်ကတည်းက ရောက်လာကြပြီး ညနေ၅နာရီလောက်မှ ပြန်ကြတာပါ။ တရားပွဲတွေကလဲ ဆက်တိုက်ပါပဲ။ နာမည်ကြီးဆရာတော်တွေကိုလည်း တရားပွဲအတွက် ပင့်ထားလေ့ရှိပါတယ်။ အဓိကကတော့ သီလယူပြီး တရားနာကြပါတယ်။ အဲဒီသူတွေထဲမှာလည်း ကလေးတွေက အမြဲပါလေ့ရှိပါတယ်။ ဧည့်သည်လာတာ အလွန်ရှားတဲ့ ကိုယ့်အခန်းထဲမှာတော့ လပြည့်နေ့တွေဆိုရင် အထူးဧည့်သည်အဖြစ်နဲ့ ကလေးတွေကို တွေ့ရပါလိမ့်မယ်။ တဘက်ကလေးတွေပတ်ထားပြီး အထက်အောက် အဖြူရောင်ဝတ်စုံလေးတွေနဲ့ပေါ့။
လွန်ခဲ့တဲ့ ၆နှစ်လောက်တုန်းက ပြောခဲ့ဖူးတဲ့ ကိုယ့်မိတ်ဆွေရဲ့ စကားလေးတစ်ခွန်းကို ပြန်ကြားယောင်နေမိတယ်..“ ဗုဒ္ဓဘာသာကို ဘာသာရေးတစ်ခုလို ပုံစံမျိုးနဲ့ ကလေးတွေကို သင်ပေးနေလို့ ဘယ်လိုမှ မဖြစ်ဘူး။ ဘာသာရပ်တစ်ခုလို သင်ပေးရမှာ ” လို့ သူ အားရပါးရနဲ့ပြောတုန်းက ကိုယ့်မှာတော့ အဲဒီစကားကို အလွန်သဘောကျပြီး အပြည့်အ၀ထောက်ခံခဲ့ဖူးတယ်။ အခု ဒီနိုင်ငံကို ရောက်ပြီး ဒီက သင်ကြားရေးစနစ်အခြေအနေတွေကို တွေ့လိုက်ရတော့မှ ကိုယ့်ကိုယ်ကိုလည်း အတော်ရှက်မိပါရဲ့။ ကိုယ်တို့မှာတော့ ထောက်ခံလို့ကောင်းတုန်း ၊ ဆွေးနွေးလို့ကောင်းတုန်း ဖြစ်နေတဲ့ အကြောင်းအရာကို ဒီနိုင်ငံက ဘုန်းတော်ကြီးတွေ ၊ ဘာသာရေးခေါင်းဆောင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀လောက်ကတည်းက လက်တွေ့လုပ်ပြခဲ့ကြတာပါ။ ကိုယ်ကတော့ အဲဒီပုဂ္ဂိုလ်တွေကို ဦးညွှတ်ရင်း စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ စကားလေးတစ်ခွန်းကို ကြားယောင်နေမိတယ်.. “ လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” ။။

ဒေါ်ကေတုမာလာ (ဖားအောက်တောရ)
Feb 9 , 2009
(ကမ္ဘာအေးတက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းအတွက် အမှတ်တရ)
ကျမ်းကိုး-
၁။ “Buddhism in Sri Lanka A Short History” By H.R. Perera
၂။ “Educating Buddhist Children in Sri Lanka” Ven. R. Gnanaseeha
၃။ http:// www.localhistories.org/srilanka.html
၎။ http:// www.law.emory.edu/ifl/legal/ srilanka.html
၅။ http:// www.wbf.net.cn/english/BuddhistStudies/844.html

ယခင် ဓမ္မစကူးလ်နှင့် ယခု ဆန်းဒေးစကူးလ်

0 comments
12-6-2009
From Pictures

ဘလော့လာ မိတ်ဆွေအပေါင်းကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ကျင်းပသော ဗွီဒီယိုမှတ်တမ်းများကို တင်ပြ မျှဝေပေးလျှက်ရှိရာ ကျန်သေးသည့် မှတ်တမ်းများကိုလည်း ဆက်လတ်တင်ပေးသွားမည်ဖြစ်ပါသည်။ယခုလော လောဆယ်တွင် ဗွီဒီယိုဖိုင်များ ဖြတ်တောက်ကာ အပ်ပလုပ်လုပ်နေရသောကြောင့် အဆက်ပြတ်သလိုဖြစ်သွား သည်ကို တောင်းပန်ပါရစေ.... ကြားဖြတ်အနေဖြင့် မနက်ဖြန်၏ နောင်တော်ကြီး နိုင်ငံကျော်ဓမ္မကထိဆရာ တော် ယခု သီရိလင်္ကာနိုင်ငံ၌ ဘာသန္တရစာပေများ လေ့လာနေသည့် အရှင်ဒေ၀န္ဒာဘိဝံသကိုယ်တိုင် ခံစား ရေးသားထားသည့် ဗဟုသုတစာပေဆောင်းပါးနှစ်ခုကို ဘလော့လာ စာဖတ်ပရိသတ်များကို မျှဝေခံစားလိုက်ပါ သည်။

``ဣတိပိသော ဘဂ၀ါ ´´ ``သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ´´ (ဘုရားရှိခိုး)

``လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ၊ မမှီဝဲနှင့် ကင်းအောင်နေ´´ (မင်္ဂလသုတ်)

``အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ ကိုက်ဝါးကိုမျို၊ ကညာယူထား သက်ကြားဖိုးအို၊ မယားဆဲ အမြဲအော်ငေါက်သကို´´(ကောသလအိပ်မက်) မိမိတို့ ကျောင်းသားပေါက်စအရွယ်က ညနေ ၇-နာရီ ဘုရားဝတ်တက်အပြီးမှာ ရွာဦးကျောင်း ဘုန်းကြီးကို ၀တ်ဖြည့်ပေးရင်း ဘုန်းကြီးက အထက်ပါအတိုင်း စာတို ပေစများ၊ ကဗျာများ နှုတ်တိုက် ချပေးသည်ကို မိမိတို့ကျောင်းသား ကိုရင်များက အလွတ်လိုက်ဆိုခဲ့ရပါသည်။ တခါတရံ အဖွဲ့လိုက်၊ တခါတရံ တစ်ယောက်ချင်း ဆိုရ၏။ ပြီးမှ ဘုန်းကြီးက ဆိုင်ရာဆိုင်ရာ အဓိပ္ပါယ်များကို ကလေးများ သဘောပေါက်အောင် ရှင်းပြ၏။ ရှေးဟောင်း နှောင်းဖြစ်များ၊ ငါးရာ့ငါးဆယ် လာ ဖြစ်တော်စဉ်များ၊ ရိုးရာပုံပြင်များကိုလည်း စိတ်ဝင်စားမှုရှိအောင် ပြောပြ၏။ အချိန်ကား ၁-နာရီ/ ၁-နာရီကျော် ၀န်းကျင်လောက် ကြာမြင့်ပေသည်။ ဤသည်ကား တစ်ညတာ မဟုတ်၊ အလုပ်မရှုတ်လျှင် ညစဉ်ညတိုင်းတည်း။ ထို့ကြောင့် ရွာဦးကျောင်းက ညဉ့်ဦးယာမ်သည် မိမိတို့ ကျောင်းသား ကိုရင်လေးများအတွက် ယနေ့ခေတ်အနေနှင့် ပြောရလျှင် ``ဓမ္မစကူးလ်´´ (Dhamma School) ပင် ဖြစ်ပေတော့သည်။

ရွာဦးကျောင်းက ဓမ္မစကူးလ်မှာ သင်ယူခဲ့သည့် ဗုဒ္ဓ၀င်ဆိုင်ရာ အခြေခံစာတိုပေစများက စာပေကို တတ်ချင်၊ ပညာကိုလိုချင်သည့် စိတ်များ ဖြစ်ပေါ်အောင် နှိုးဆော်ပေးဟန်တူလေ၏။ စာဖတ်ဝါသနာပါသည့် ဖခမည်းတော်ကြီးက လည်း မင်းကွန်းဆရာတော်၏ မဟာဗုဒ္ဓ၀င်စာအုပ်ထဲက ဆရာတော်၏ ဓာတ်ပုံနှင့် ဘွဲ့ထူးဂုဏ်ထူးများကို ဖတ်ပြပြီး မိမိကို ပြောပြ၏။ ထို့ကြောင့်ထင်၏။ ၁၀-နှစ်သားအရွယ်မှာ ရှင်သာမဏေ၀တ်ပြီး ၁၃-နှစ်အရွယ်မှာ စာပေများ သင်ကြားဖို့အတွက် မုံရွာမြို့ ဇောတိကစာသင်တိုက်ကြီးသို့ ပျော်ပျော်ပါးပါးပင် သွားခဲ့လေသည်။

စာသင်တိုက်ကြီးဆီသို့ မယောင်မလည်

စာသင်တိုက်ကြီးသို့ရောက်ပြီးသည့်နောက်၌ သဒ္ဒါကြီးစာအုပ်၊ အဘိဓမ္မတ္ထသင်္ဂဟစာအုပ်တို့ကို ကိုင်ဆောင်ပြီး အလွတ် ကျက်မှတ်ရလေသည်။ ထိုသို့ကျက်မှတ်ရင်း အဘိဓမ္မတ္ထသင်္ဂဟစာအုပ်မျက်နှာဖုံးမှာ ရေးသားထားသည့် ``သီဟိုဠ်ကျွန်း အရှင် အနုရုဒ္ဓါမထေရ် စီစဉ်ရေးသားအပ်သော အဘိဓမ္မတ္ထသင်္ဂဟ``ဟူသော စာကိုတွေ့မိသောအခါ ``မိမိတို့နယ်မြို့လေးမှ မုံရွာကို သွားသည့် ကတ္တရာလမ်းလေးကိုပင် အာရှတိုက်၏ အကြီးဆုံးလမ်းမကြီး´´ဟု ထင်ခဲ့သော မိမိသည် ``သီဟိုဠ် ကျွန်းဆိုတာ ဘယ်မှာလဲ၊ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟု မယောင်မလည်နှင့် ၀ိုးတ၀ါး တွေဝေ စဉ်းစားမိခဲ့သည်။ ယင်းသို့စဉ်းစားမိရင်းနှင့်ပင် စာသင်တိုက်မျိုးစုံသို့ သွားရောက်၍ ပရိယတ္တိ စာပေများကို သင်ယူခဲ့သည်။ ထို့နောက် သူ့အရွယ်နှင့်သူ သတ်မှတ်ထားသည့် စာမေးပွဲမျိုးစုံကို ကြိုးစားပြီး ၀င်ရောက်ဖြေဆိုခဲ့ရင်း အသက် ၂၇-နှစ်သို့ ချဉ်းနင်းရောက်ရှိခဲ့လေသည်။ ``သာမဏေကျော်၊ ဓမ္မာစရိယ၊ သကျသီဟ´´ဟူသော ဘွဲ့များကို လည်း ရရှိခဲ့ပါသည်။

အသက် ၂၇-နှစ်သို့ရောက်သောအခါ ထိုက်သလောက် လေ့လာထားသည့် ဗဟုသုတ၊ ရင်ဆိုင်ကျော်လွှားခဲ့သည့် အတွေ့အကြုံ၊ အရာရာကို စူးစမ်းတတ်သည့် အတွေးအခေါ်များ သူ့ အရွယ်နှင့်သူ ရင့်ကျက်လာပြီဖြစ်သည်အား လျော်စွာ`` သီဟိုဠ်ကျွန်းဆိုတာ တနင်္သာရီတိုင်းမှာလား၊ ရခိုင်ပြည်နယ်မှာလား´´ဟူသော ၀ိုးတ၀ါး အတွေးများ စုန်းစုန်း မြုပ် နိဂုံးချုပ်သွားခဲ့လေပြီ။

အတွေးသစ်တို့မွေးဖွား

အတွေးဟောင်းများ ဆွေးမြေ့သည့်အခါ အတွေးသစ်များ သန္ဓေတည်လာရမြဲဖြစ်ရကား ``ဒီပနီကျမ်းပေါင်းများ စွာကို ပြုတော်မူခဲ့ပြီး နွားသားမစားရေးကို တိုက်တွန်းလှုံ့ဆော်ခဲ့သော ကမ္ဘာကျော် လယ်တီဆရာတော်(D.Litt)၊ သီဟိုဠ်ဖြစ် ဋီကာကျမ်းတစ်ဆောင်၏ အမှားကို ရဲရဲဝံ့ဝံ့ထောက်ပြ သည့် ပရမတ္ထဒီပနီဟုခေါ်တွင်သည့် မြန်မာပြည်ဖြစ် ဋီကာကျမ်း၊ သူနာပြုအလုပ်ကို လုပ်ရင်း သာသနာပြုခဲ့သည့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု အရှင်သေဋ္ဌိလ၊ သိရီလင်္ကာနိုင်ငံ သမိုင်း၏ ခေတ်တက္ကသိုလ် ကျောင်းသားအဖြစ် ပထမဆုံး ပေါ်ထွက်လာသည့် ရဟန်းတစ်ပါးဟု တနိုင်ငံလုံး ဟိုးဟိုး ကျော်သွားခဲ့ သော ဒေါက်တာ ၀ါလ်ပိုလာရာဟုလာ၊ နယ်ချဲ့တို့ပေါက်ဖွားရာ ဥရောပ၊ နေမ၀င်အင်ပါရာဟု လက်မ ထောင် ခဲ့သည့် အင်္ဂလန်၊ သင်ယူချင်သည့် အတတ်ပညာများကို သင်ယူနိုင်သည့် အောက်စဖို့ဒ် တက္ကသိုလ်၊ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တည်ရှိရာ အမေရိကန်၊ ပညာရှင်အမြောက်အမြား ထုတ်လုပ်နေသည့် ဟားဗတ်တက္ကသိုလ်၊ အဏုမြူဖခင် သိပ္ပံပညာရှင် အိုင်းစတိုင်း၊ ကျွန်စနစ်ကိုဖျက်သိမ်းသည့် သမ္မတ လင်ကွန်း၊ ကိုယ့်ဘာသာ ကိုယ့်လူမျိုးအတွက် အသက်ကိုပင် စတေးခဲ့သည့် ဂန္ဓီ၊ သန်းပေါင်း များစွာသော အိန္ဒိယနိုင်ငံသားများကို ဗုဒ္ဓဘာသာဝင်ဖြစ်အောင် စည်းရုံးနိုင်ခဲသည့် ဒေါက်တာ အမ်ဘေဒကာ´´စသည့် ပုဂ္ဂိုလ်ထူး၊ ဂန္ထ၀င်စာပေ၊ ကမ္ဘာကျော်တက္ကသိုလ်၊ နိုင်ငံတကာ သမိုင်းဝင် ဖြစ်စဉ်များနှင့်အတူ B.A M.A Ph.D စသော ဘွဲ့ဒီဂရီများကို ခွဲခြမ်းစိတ်ဖြာသည့် အတွေးများသည် ရင်မှာ မသိမသာ ခိုအောင်းမိလေပြီ။

ထို့ကြောင့် ``အရှင်သုမနပါလ B.A (ကိုလံဘို) အရှင်ရေ၀တဓမ္မ M.A (ကေလနိယ) အရှင်ရာဟုလာနန္ဒ Ph.D (ဘုံဘေ)´´ဟု စသည်အားဖြင့် ရေးသားထားသည်များကို တွေ့ရသောအခါ ယင်းနိုင်ငံတကာသုံး ဘွဲ့ဒီဂရီများကို လိုချင်သည့်စိတ်များ ဖြစ်မိလေသည်။

``သာသနဓဇ၊ သိရီပ၀ရ၊ ၀ိဒူ၊ မဟာဝိဒူ၊ ပါရဂူ၊ နိကာယုဇ္ဖောတက၊ ဂန္ထ၀ါစက၊ ဇောတိက ဓဇ´´ စသည့် မြန်မာနိုင်ငံ၏ သာသနာတော်ဆိုင်ရာ ဘွဲ့ဒီဂရီများကား လူပုဂ္ဂိုလ်များ နားလည်ဖို့ မဆိုထားဘိ၊ မိမိတို့ ရှင်ရဟန်းများပင် နားလည်အောင် မနည်းကြိုးစားရပေ၏။ လူအများ နားလည်ဖို့အတွက်မှာမူ ``ဘွဲ့တံဆိပ်ဒီပလိုမာတန်း´´ တစ်ခုကိုပင် ဖွင့်ဖို့လိုပေလိမ့်မည်။ B.A M.A Ph.D စသောဘွဲ့ဒီဂရီများက နိုင်ငံတကာသုံး ဘွဲ့ဒီဂရီများဖြစ်သောကြောင့် ကျေးတော သားပင်ဖြစ် စေဦးတော့ ထိုက်သလောက်တော့ နားလည်ပေသည်။ ထို့ကြောင့် ယင်းနိုင်ငံတကာသုံး ဘွဲ့ ဒီဂရီများကား လူ့လောကတွင် ရေပန်းစားလှ၏။

ယင်းဘွဲ့ဒီဂရီများကို လိုချင်သည့်အတွက် သီဟိုဠ်ကျွန်းခေါ် သိရီလင်္ကာနိုင်ငံသို့ သွားရောက်၍ ပညာသင်ယူ ချင်သည့်ဆန္ဒများ ဖြစ်မိလေသည်။ သို့သော် နွားကျောင်းသား တစ်ယောက်အတွက် မြို့တော်ကြီးသည် အလှမ်းကွာဝေး လှသကဲ့သို့ မိမိမှာလည်း အစစအရာရာ အင်အားနည်းနေရကား သီရိလင်္ကာရှိ တက္ကသိုလ်ကြီးများသည် မိမိနှင့် အလှမ်း ကွာဝေးလျက်ပင် ရှိပေသည်။ သို့သော် နိုင်ငံတကာတက္ကသိုလ်အိမ်မက်များက မက်နေဆဲ။ ယင်းသို့သောအိပ်မက်များမှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀က နားစွင့်ခဲ့ရသော ရွာဦးကျောင်း ခေါင်းလောင်းသံက စခဲ့ပေသည်။

ရွာဦးကျောင်းကခေါင်းလောင်းသံများ အိပ်မောကျနေပြီ

ယနေ့ အမိမြန်မာပြည်ကြီး၌ ရွာဦးကျောင်းက ခေါင်းလောင်းသံများ မြည်ကြပါသေး၏လော။ နားစွင့်ကြစေချင် ပါသည်။ ယင်းခေါင်းလောင်းသံများကို ဘာသာခြားတို့၏ ဂစ်တာသံများနှင့် ၀တ်ပြုသံများက လွှမ်းမိုးစ ပြုနေပေပြီ။ သတိမူလျှင် မြူတောင် မြင်နိုင်ပေ၏တကား။ နိုင်ငံ့ကျက်သရေ ဆောင်ဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးသာ စကားပြောနိုင်ခဲ့လျှင် ``အော် မြန်မာနိုင်ငံသူ နိုင်ငံသားများ မိစ္ဆာဒိဋ္ဌိများ ကျောချနေတာတောင် ဓားပြမှန်း မသိကြဘဲကိုး၊ ဒါတောင် သာကီမျိုးဟေ့ တို့ဗမာလို့ အော်ကြတုန်းရှိသေးတယ်၊ ဗုဒ္ဓဘာသာဝင်များ တဖြေးဖြေးနဲ့ ပရုတ်လုံးကဲ့သို့ လုံးပါး ပါးနေသည်ကို မသိကြသည်မှာ လက်ဖျစ်ခတ်တီး အံ့ချီးထိုက်ပေစွာ့´´ဟု ငြီးတွားပေလိမ့်မည်။

ဘာသာရေးခေါင်းဆောင်များဖြစ်ကြသည့် မိမိတို့ရဟန်းတော်များသည် ``ကျောင်းသင်္ခန်း´´ မှာပင် ကိန်းအောင်း မနေဘဲ အခြားသူတို့၏ လုပ်ကွက်ကိုလည်း ကျော်၍ ကြည့်တတ်ဖို့ လိုပေသည်။ တစ်ကွက်နောက်ကျလျှင် မိစ္ဆာကျားတို့၏ ၀ါးမျိုခြင်းကို ခံရမည်သာတည်း။ အကြိမ်ပေါင်းများစွာ ၀ါးမျိုခံရသည်ကိုပင် ကျားစွယ်ကို ကြောက်ရကောင်းမှန်း မသိသေး။ ထို့ကြောင့် ၀ံသာနုစိတ်ဓာတ် ပြင်းထန်လှသည့် ဆရာတော်တစ်ပါးက ``ငါတို့က ခံစစ်နှင့် ကစားနေရတာပါ၊ ဂိုးသွင်း မခံရအောင် မနည်းကြိုးစားနေရတယ်`` ၀မ်းနည်းသံနှင့် ပြာခဲ့ဖူးပါသည်။ မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်များ ကင်းဝင်သွားလျှင်တော့ မိမိတို့အားလုံး လည်စင်းခံကြဖို့သာ ပြင်ကြပေတော့။ ကိုယ့်ခြံစည်းရိုးကို လုံအောင်ကာဖို့ ကြိုးပမ်းကြပါစို့။

ယင်းအမြင်ကြောင့်ပင် မိမိသည် ကလေးသူငယ်များအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများကို မုံရွာ၊ ပခုက္ကူစသည့်မြို့များ၌ ဖွင့်လှစ်ပို့ချခဲ့ပါ၏။ ကလေးတရားပွဲများကိုလည်း ဟောကြားပေး ခဲ့၏။ ကချင်ပြည်နယ် နမ္မတီးမြို့သို့ သွားရောက်ပြီး ကလေးများကို တရားဟောသည့်အခါ တရုတ်ကြီး တစ်ယောက်က ``လူငယ်ကောင်းမှ လူကြီးကောင်းမှာ၊ လူကြီး ကောင်းမှ တိုင်းပြည်ကောင်းမှာပေါ့၊ ဒါကြောင့် ကလေးများကို တရားဟောသင့်တယ်ဘုရား´´ လျှောက်ထားပြီး ကလေးများအတွက် မုန့်ပဲသွားရေစာနှင့် ဘောလ်ပင် ဗလာစာအုပ်များကို လှူဒါန်းခဲ့လေသည်။ ဤ သည်ကား မိမိဦးစီးပြီး ဟောပြောပို့ချပေးခဲ့သည့် ရက်တို ``ဓမ္မစကူးလ်´´ များပင်တည်း။ အမှန်တကယ်ကား ရေရှည် စီမံကိန်းရေး ဆွဲပြီး ``ဓမ္မစကူးလ်´´များကို ရက်ရှည် ပို့ချသင့်ပေသည်။

တရားဟောသည့်အခါ၌လည်း ဘာသာခြားများနှင့် နှိုင်းယှဉ်ပြီး လူမျိုးကိုချစ်သည့်စိတ်၊ ဘာသာကို ချစ်သည့် စိတ်များ ထားရှိကြဖို့လိုအပ်ကြောင်းကိုလည်းကောင်း၊ အမျိုး ဘာသာ သာသနာကို ထောက်ပံ့နိုင်ဖို့အတွက် စီးပွားရေး ဖြစ်ထွန်းအောင်လုပ်ဖို့ လိုအပ်ကြောင်းကိုလည်းကောင်း လောကီကြီးပွားရေးတရားများကို ဦးစားပေးဟော၏။ ရှင် ရဟန်းများ သင်ယူနေကြသည့် ပရိယတ္တိ ပညာရေးစနစ်ကိုလည်း ခေတ်နှင့် အညီ ပြုပြင်သင့်ကြောင်း ဝေဘန်အကြံပြု၏။ ရေး၏။ ယင်းသို့သော လုပ်ရပ် များကြောင့်ပင် ပတ်ဝန်းကျင်၏ အားပေး ထောက်ခံမှုများကို ထိုက်သလောက် ရရှိခဲ့ပါသည်။ သို့သော် မပြောပ လောက်သေးပါ။

ဆန်းဒေးစကူးလ် (Sunday School)

မိမိသည် အသက် ၃၅-နှစ်ကျော်သောအခါမှသာ အနှစ်နှစ်အလလက အိပ်မက်မက်ခဲ့သည့် သီဟိုဠ်ကျွန်းခေါ် သီရိလင်္ကာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပါတော့သည်။ ကိုလံဘိုနိုင်ငံတကာလေဆိပ်သို့ ရောက်ရောက်ချင်း လေဆိပ်အတွင်း၌ ဘုရားဆင်းတုတစ်ဆူကို ဖူးမျှော်ရ၏။ ထို့နောက် လမ်းတလျှောက် လမ်းဆုံလမ်းခွများ၌လည်း ဘုရာဆင်းတုများ၊ ဗောဓိပင်များကို တွေ့ရပြန်၏။ ဗောဓိပင်များကိုလည်း အထူးတလည် အမြတ်တနိုးထားကြ၏။ သီရိလင်္ကာနိုင်ငံသားများ၏ မြတ်ဗုဒ္ဓအပေါ် တလေးတစား တန်ဖိုးထားသည့် စိတ်ကို အားရ ကျေနပ်မိပါသည်။

အစိုးရရုံးးများ၌လည်း ရဟန်းတော်များကို အထူးဦးစားပေး၍ လုပ်ပေးကြ၏။ တခါတရံ အစိုးရရုံးသို့ နေ့ဆွမ်း စားချိန် ရောက်သွားလျှင် ဆွမ်းတောင် ကပ်လှူလိုက်သေးပါသည်။ ဘတ်စ်ကားများ၌လည်း ရဟန်း သံဃာတော်များ အတွက် အမြဲတန်း ၂-နေရာစာ ပေးထားသည်ကို တွေ့ရပြန်၏။ ဂိတ်စောင့် ရဲဘော်များသည် ဘုန်းကြီးရဟန်းများကို တွေ့လျှင် ပရိတ်ချည်ကို တောင်းလေ့ရှိ၏။ ရဟန်းတော်များ ပါဝင်သောကားများကို စစ်ဆေး မေးမြန်းခြင်း မလုပ်ဘဲ အလွယ်တကူပင် ခွင့်ပြု၏။ အစိုးရရုံးများကလည်း ဗုဒ္ဓဘာသာဝင် များကို ဦးစားပေး နေရာချ၏။ ဥပုသ်စောင့်ချင်သူများ ဥပုသ်စောင့်နိုင်ဖို့အတွက် လပြည့်နေ့တိုင်းကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထား၏။ ညနေခင်းဆိုလျှင် ဘုန်းကြီး ကျောင်းများ၌ ဗောဓိပင်ကို ပန်းဆီမီးတို့ဖြင့် ပူဇော်ကြ၏။ ဤသည့်ဖြစ်စဉ်များက သီရိလင်္ကာနိုင်ငံ၏ မြတ်ဗုဒ္ဓအပေါ် အလေးအနက်ထားကြောင်း ဖေါ်ပြလျက်ရှိပေသည်။

ထို့အပြင် ဗုဒ္ဓဘာသာဝင်နိုင်ငံတိုင်း နမူနာယူသင့်သော စည်းမျဉ်းတစ်ခုရှိပါသေးသည်။ ယင်းမှာအခြားမဟုတ်။ သီရိလင်္ကာနိုင်ငံ၏ အာဏာ အရှိဆုံးဖြစ်သော သမ္မတတစ်ယောက်သည် သမ္မတဖြစ်သည်နှင့်တပြိုင်နက် သမ္မတအဖြစ် ``ကျမ်းသစ္စာ´´ ကျိန်ဆိုရ၏။ ကျမ်းသစ္စာကျိန်ဆိုပြီးသော သမ္မတအသစ်သည် အနုရာဓပူရမြို့ရှိ မဟာဗောဓိပင်နှင့် ကန္ဒီမြို့ရှိ စွယ်တော်တို့ကို ဦးတိုက်ပူဇော် ရခြင်း၊ သံဃာ့ဂိုဏ်း ၃-ဂိုဏ်းမှ ဂိုဏ်းချုပ်ဆရာတော်ကြီးတို့ကို ဦးတိုက်ပူဇော်ရ ခြင်းတို့ပေတည်း။ ဤကား မဖြစ်မနေ လုပ်ကိုလုပ်ရမည့် စည်းမျဉ်းတစ်ခု ဖြစ်ပါသည်။

``အရင်းစစ်လျှင် အမြစ်မြေက´´ ဆိုသကဲ့သို့ ယင်းသို့လျှင် နိုင်ငံတစ်နိုင်ငံလုံးက မိမိတို့ ဗုဒ္ဓဘာသာကို အသက် တမျှ တန်ဖိုးထားခြင်း၏အကြောင်းမှာ သိရီလင်္ကာနိုင်ငံအစိုးရ၏ ဆန်းဒေးစကူးလ်များကြောင့်ပင် ဖြစ်ပေသည်။ ယင်း ဆန်းဒေးစကူးလ်ကို ၁၈၈၁-ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၃-ရက်နေ့တွင် အမေရိကန်နိုင်ငံသား Henry Olcott ဟင်နရီအောလ်ကော့ (သာသနာ့အလံကို တီထွင်သူ)က အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး ကိုယ့်အားကိုယ့်ကိုးဖြင့် စတင်၍ တည်ထောင် ခဲ့ပါသည် (On 13th February 1881, the first Buddhist Sunday school was started at the Society’s premises in Maliban Street )။ နောက်ပိုင်းကျမှ နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက်လေသည်။ ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀-ကျော် သွားပေပြီ။ ယနေ့တိုင်းပြည်၌ အုပ်ချုပ်နေကြသည့် သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများသည်ပင် ယင်းဆန်းဒေးစကူးလ် ကျောင်းဆင်းများ ဖြစ်ကြပေသည်။

ဆန်းဒေးစကူးလ် ဟူသည်မှာ တနင်္ဂနွေနေ့ တိုင်း ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှုစသည်များကို အထူးသင်ပေးသော ကျောင်းဖြစ်ပေသည်။ ယင်းကျောင်းများသည် ပုဂ္ဂလိကပိုင် မဟုတ်ကြ၊ နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို သတ်မှတ်ပေးပြီး စည်းမျဉ်းဥပဒေနှင့်အညီ ဖွင့်လှစ်ထားသော ကျောင်းများ ဖြစ်ပေသည်။ နေရာကား ဘုန်းကြီးကျောင်းများ ပင်တည်း။ အချို့ဘုန်းကြီး ကျောင်းများ၌ စွမ်းနိုင်သော ကျောင်းထိုင်ဘုန်းကြီးများသည် ဆန်းဒေးစကူးလ်၏ ကျောင်းအုပ် ဖြစ်ပြီး အနည်းငယ်သောကျောင်းများမှာတော့ ကျောင်းထိုင်ဘုန်းကြီးများက ပံ့ပိုးမှု အပိုင်းလောက်သာ တာဝန်ယူ ကြပါ သည်။ ဤအချက်ကို ထောက်ဆ၍ ကလေးသူငယ်များကို သင်ပေးနိုင်ဖို့အတွက် ဘုန်းကြီးများကိုယ်တိုင်က လောကီ လောကုတ် စွယ်စုံတတ်ဖို့လိုသည်ဆိုသည်ကို သတိမူသင့်၏။

ယင်းဆန်းဒေးလ်ကျောင်း၌ လူပုဂ္ဂိုလ်များ ဆရာ, ဆရာမ ဖြစ်ဖို့အတွက် ဆရာဖြစ်သင်တန်းဟူသော သီးသန့် စာမေးပွဲတစ်ခုကို ဖြေဆိုကြရသေး၏။ ယင်းစားမေးပွဲကို အောင်မြင်မှသာ များသောအားဖြင့် ဆရာဖြစ်ကြပါသည်။ ဆန်းဒေးစကူးလ်၌ သင်ပေးကြသော ဆရာ/ ဆရာမတို့သည်ကား စေတနာ့ဝန်ထမ်းတို့သာတည်း။

ယင်းဆရာဖြစ်သင်တန်း၌ -----

၁။ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးတရား၊

၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊

၂။ ပဋိစ္စသမုပ္ပါဒ် ၊ သမထ ၀ိပဿနာတို့ဖြစ်ပါသည်။

သိရီလင်္ကာနိုင်ငံရှိ ကလေးသူငယ်များသည် အစိုးရကျောင်းများ၌ ၅-နှစ်အရွယ်မှ စတင်ပြီး ပညာသင်ယူရ သကဲ့သို့ ဆန်းဒေးစကူးလ်၌လည်း (၅)နှစ်အရွယ်မှပင် စတင်ပြီး ပညာသင်ယူကြရပြီး ဆန်းဒေးစကူးလ်ကို အစိုးရကျောင်း များနှင့် တူညီစွာပင် အတန်းများကို သူ့အဆင့်နှင့်သူ ခွဲခြားထားပါသည်။ အစိုးရကျောင်းများက သူငယ်တန်းဆိုလျှင်လည်း ဆန်းဒေးစကူးများမှာလည်း သူငယ်တန်းပင်ဖြစ်သည်။

ဆန်းဒေးစကူးလ်ကို - - -

၁။ သူငယ်တန်း (primary)၊

၂။ ၁-တန်းမှ ၁၀-တန်း (Grade 1 to Grade 10)၊

၃။ နောက်ဆုံးအဆင့် ၁၊ အဆင့်၂ (final 1. 2) ဟု အတန်းပေါင်း ၁၃-တန်း ခွဲခြားပြီး သင်ကြားပေးပါသည်။

ပြဋ္ဌားန်းထားသည့် စာပေများမှာ ငါးရာ့ငါးဆယ်လာ ဇာတ်တော်များ၊ ဓမ္မပဒလာ ဘုရားလက်ထက်က အဖြစ် အပျက်များ၊ ယင်းအကြောင်းကို ရေးထားသည့် ကဗျာများ၊ ပါရမီ ၁၀-ပါး အကြောင်း၊ ဒါန သီလစသော ပုညကိရိယ၀တ္ထု ၁၀-ပါးတို့၏ အဓိပ္ပါယ်၊ ဘုရားဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်း၊ ပရိတ်ကြီးပါဠိနှင့် အဓိပ္ပါယ်၊ အဘိဓမ္မာ သဘောအဓိပ္ပါယ်၊ သုတ္တနိပါတပါဠိလာ မှတ်သားဖွယ်တရားများ၊ သီရိလင်္ကာ ဗုဒ္ဓဘာသာသမိုင်း၊ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ရှေးဟောင်း ယဉ်ကျေးမှု ဗိသုကာအကြောင်း၊ ရှေးဘုရင်တို့၏အောင်ပွဲနှင့် စစ်သူကြီးများ၏ အစွမ်းသတ္တိစသည်တို့ကို ဖေါ်ပြထားသည့် ရာဇ၀င်များ ၊ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာတို့၏ ကွဲပြားခြားနားပုံတို့ ဖြစ်ပါသည်။ ယင်းပြဋ္ဌာန်းစာတို့ကို အတန်း အားလျော်စွာ သူ့အဆင့်နှင့်သူ ခွဲခြားပြီး သင်ကြားပေးပါသည်။

ယင်းပြဋ္ဌာန်းစာတို့ကို မိခင်ဘာသာဖြစ်သည့် ဆင်ဟာလဘာသာနှင့် သင်ကြားပေး၏။ အင်္ဂလိပ်စာကိုလည်း သင်ပေး၏။ တချို့ဆန်းဒေးစကူးတို့၌ အင်္ဂလိပ်စာဒီပလိုမာတန်းကိုပင် ဖွင့်လှစ်ထား၏။ အတန်းတိုင်းအတွက် သင်ရိုးပြဌာန်း စာအုပ် တွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ရိုက်နှိပ်ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေ၏။ ယင်းဆန်းဒေး စကူးလ်စာမေးပွဲကို သာသနာရေးဝန်ကြီး ဌာနကပင် တာဝန်ယူပြီး ဒီဇင်ဘာလ ပထမပတ်မှာ ကျင်းပပေးပါသည်။

ကျောင်းတက်ပုံအစီအစဉ်

ကျောင်းသူ/ကျောင်းသားများသည် တနင်္ဂနွေနေ့ရောက်ပြီဆိုလျှင် နံနက် (၇) နာရီလောက် မှစပြီး ကျောင်းသို့ လာကြ၏။ ကျောင်းတက်သည့်အခါ အထက်အောက် နှစ်ခုစလုံး အဖြူရောင်ဝတ်စုံများကို ရိုးရာဓလေ့အတိုင်း ၀တ် ဆင်ကြရ၏။ အကြောင်၊ အကျား အရောင်မျိုးစုံနှင့် ခေတ်ဆန်ဆန်အ၀တ်အစားများကို မ၀တ်ကြရပါ။ နိုင်ငံတော် အစိုးရကလည်း SundaySchool ၀တ်စုံဆိုပြီးတော့ သီးသန့်သတ်မှတ်ပေးထား၏။ ယောက်ျားလေးများအတွက် လည် ကတုံး လက်ရှည် ရှပ်အင်္ကျီအဖြူနှင့် လုံချည်အဖြူဖြစ်ပြီး မိန်းကလေးများအတွက်မှာ Halfဆာရီဆိုသည့် ရိုးရာ အဖြူဝတ်စုံ ဖြစ်ပါသည်။

ဘုန်းကြီးကျောင်းသို့ ရှေးဦးစွာ ရောက်ရှိလာကြသော ကျောင်းသူကျောင်းသားများက ကျောင်းဝင်းအတွင်းရှိ ပန်းပင်များမှ ပန်းများကို ခူး၊ ပြီးတော့ ရေးဆေးကြ၏။ တချို့က မိမိတို့အိမ်မှပင် ပန်း၊ အမွှေးတိုင်၊ ဖယောင်း တိုင်တို့ကို ယူဆောင်ခဲ့ကြ၏။ ယင်းပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ သောက်တော်ရေစသည်တို့ကို ဗောဓိပင်အနီးရှိ ပန်းတင်ခုံပေါ်မှာ စီထားကြသည်။

စာသင်ခန်းသို့ မ၀င်မီ နံနက် ၈-နာရီ ၃၀ မိနစ်မှာ သြ၀ါဒခံယူပွဲကို ကျင်းပသေး၏။ ကျောင်းသူကျောင်းသား အားလုံး ဗောဓိပင်ရှေ့မှာ စီတန်းပြီး အတန်းလိုက် ရပ်ကြရ၏။ အလှည့်ကျဖြစ်သည့် ကျောင်းသူ ကျောင်းသား ၁၀-ယောက်၊ ၁၅-ယောက်ခန့်က အမွှေးတိုင်၊ ပန်းခြင်းတို့ကို တန်းစီ ယူဆောင်လာပြီး ကျောင်းသူကျောင်းသားတို့အား တစ်ယောက်ချင်း လက်နှင့် ထိစေ၏။ ပြီးမှ ဗောဓိပင်ရင်းရှိ ရုပ်ပွားဆင်းတုတော်ရှေ့မှာ ပူဇော်ကြပါသည်။

ထိုသို့ ဘုရားကို ပူဇော်ပြီးသောအခါမှသာ ကျောင်း၌ သီတင်းသုံးနေသည့် ရဟန်းတစ်ပါးပါးထံ ငါးပါးသီလကို ခံယူဆောက်တည်ကြပါသည်။ ထို့နောက် ရဟန်းတော်နှင့် ကျောင်းအုပ်ဆရာက ကျောင်းသူကျောင်းသားများကို သြ၀ါဒ စကားများကို ပြောကြားပါသည်။ (ယင်းသြ၀ါဒခံယူသည့် အခန်းအနားမှာ အချိန် ၄၅-မိနစ်ခန့်လောက် ကြာ၏။) ပြီးမှ စာသင်ခန်းအတွင်းသို့ ၀င်၍ စာသင်ကြရပါသည်။

နေ့မွန်းတည့်ခါနီး ၁၁- နာရီအချိန်မှာ အားလပ်ချိန် ၁၀-မိနစ်ခန့် အနားပေးပြီး ပေါင်မုန့်၊ လက်ဘက်ရည်စသော မုန့်ပဲသွားရေစာတို့ကို ဝေငှပါသည်။ ထိုမုန့်ပဲသွားရေစာများကို အလှူရှင်ရှိလျှင် အလှူရှင်က၊ အလှူရှင်မရှိလျှင် ကျောင်း ထိုင်ဘုန်းကြီးများက ကျွေးမွေးကြပါသည်။ ထို့နောက် စာသင်ခန်းသို့ ပြန်ဝင်ကြပြီး နေ့လည် ၁၂-နာရီ မိနစ် ၃၀-အချိန်ကျမှ သင်ကြားမှုအစီစဉ်အားလုံး ပြီးဆုံးသွားပါသည်။

သင်တန်းပြီးဆုံးချိန်မှာ ကျောင်းသူကျောင်းသားများသည် စာသင်ခန်းထဲမှပင် ဗောဓိပင်ရှိရာဘက်ကို မျက်နှာမူပြီး ရှေးဦးစွာ မေတ္တာပို့၊ ထို့နောက်မှ ဗောဓိပင်ကို ပူဇော်ကြရပါသည်။ ယင်းသို့ ပူဇော်ပြီးသောအခါမှသာ စာသင်ခန်းတွင်းမှ အားလုံး ထွက်ခွါကြရပါသည်။

ခိုင်မာသည့် အခြေခံအုတ်မြစ်

သိရီလင်္ကာရှိ ကလေးများသည် ဤကဲ့သို့ ဘုရားရှိခိုး၊ သြ၀ါဒခံယူ၊ ဗုဒ္ဓစာပေများကို သင်ကြရသည်မှာ တစ်ပတ် မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ် မဟုတ်၊ နှစ်ပေါင်း ၁၃- နှစ်။ ယင်းကဲ့သို့ နှစ်ပေါင်းများစွာ ဗုဒ္ဓတရားနှင့် ထိတွေ့ နေကြရကား ကလေးများ၏ ဘာသာကိုချစ်တဲ့စိတ် လူမျိုးကိုချစ်တဲ့စိတ်မှာ ဦးခေါင်းထဲမှာ သံမှိုနှက်သကဲ့သို့ ဆွဲမြဲသွား ပါတော့သည်။ ဗုဒ္ဓ၀ါဒ၏ အခြေခံ အုတ်မြစ်မှာလည်း ခိုင်မာသွားပါတော့သည်။

ကလေးများသည် ဘုန်းတော်ကြီးများနှင့် ဆရာများ၏ သြ၀ါဒများကိုလည်း နာယူကြရကား ဗုဒ္ဓဘာသာဝင် ကျင့်ဝတ်ကိုလည်း ကျွမ်းကျင်၏။ ဗုဒ္ဓ၀င်ကို သင်ကြားထားကြရကား ဘုရားဖြစ်စဉ်နှင့် ဘုရားလောင်း စိတ်ဓာတ်ကိုလည်း ခရေစေ့တွင်းကျ သိ၏။ သမိုင်းဖြစ်စဉ်တို့ကိုလည်း မှတ်သားကြရ သောကြောင့် အမျိုး ဘာသာ သာသနာကိုလည်း ချစ်၏။ ထိုအကြောင်းများကြောင့် ကလေးသူငယ်များ၏ ဘာသာသွေးကား ရဲရဲတောက် နေပေပြီ။ အဘယ်ကဲ့သို့သောသူမှ ဘာသာကူးပြောင်းအောင် မစွမ်းနိုင်တော့ပေ။

ထို့ကြောင့် သီရိလင်္ကာ၌ နှစ်ပေါင်းများစွာနေဖူးသော မြန်မာဘုန်းကြီးတစ်ပါးက ဤကဲ့သို့ ပြောဖူးလေသည်။ ``သိရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာ ဘာသာပြောင်းတယ်ဆိုတာ မရှိဘူး၊ ဘာကြောင့်လဲဆိုရင် ကလေး ဘ၀က စတင်ပြီး အခြေခံ ဗုဒ္ဓစာပေများကို စနစ်တကျ သင်ယူခဲ့ရသည့်အတွက် ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို ကိုယ် ကိုယ်တိုင် သိရှိနေကြပြီလေ၊ ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့´´တဲ့။

နိုင်ငံတော်အစိုးရကလည်း ဗုဒ္ဓဘာသာဝင် ကျောင်းသူကျောင်းသားများကို ဆန်းဒေးစကူးလ်သို့ မဖြစ်မနေ တက်ရောက် သင်ကြားကြရမည်ဟု စည်းမျဉ်းထုတ်ထား၏။ အလွန်ကောင်းသော စည်းမျဉ်းတည်း။ ယင်းဆန်းဒေးစကူးလ် ကို နိုင်ငံ့အကြီးအကဲ သမ္မတတိုင်းက အားပေးကြပါ၏။ ယခုလက်ရှိ သမ္မတ Mahinda Rajapaksha က ပို၍ အားပေး၏။

ယင်းဆန်းဒေးစကူးလ် အောင်လက်မှတ်ကိုလည်း အထူးဦးစားပေး၏။ အစိုးရရုံးများ၌ အလုပ်လျှောက် သူတို့ သည် ထိုဆန်းဒေးစကူးလ် အောင်လက်မှတ်ကို ပြကြရပါသည်။ အကယ်၍ မပြနိုင်လျှင် အလုပ်ရရှိဖို့ မလွယ်ကူပေ။ တချို့ ပုဂ္ဂလိက ကုမ္ပဏီများသည်ပင် ယင်းအောင် လက်မှတ်မရှိလျှင် လုံးဝ လက်မခံပေ။ ဆန်းဒေးစကူးလ် အောင်လက်မှတ်မှာ ဤမျှလောက် အရေးပါလှပါသည်။



လှည်းဝင်ရိုးသံ တညံညံ၊ ဓမ္မစကူးလ်ပေါင်း

``လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း``ဟုကြွေးကြော်နေသည့် အမိမြန်မာပြည်ကြီး၌ စနစ်တကျ ပို့ချနေသော ဓမ္မသင်တန်းကျောင်းများ မည်မျှလောက်ရှိသနည်း၊ အကဲခတ်ကြည့်စေချင်ပါသည်။ တချို့နေရာများ၌ ရက်တိုသင်တန်းကျောင်းများကတော့ ထင်ထင်ရှားရှား ရှိပေသည်။ သို့သော် ရက်ရှည်သင်တန်းကျောင်းများကား နည်းပါးလှ၏။ ယင်းသို့နည်းပါးလှသည့်အတွက် တချို့ဗုဒ္ဓဘာသာဝင် ရင်သွေးငယ်များသည် ဘာသာရေး အခြေခံ အားနည်းကြရကား ဘာသာခြားနှင့် အိမ်ထောင်ပြုပြီး ဘာသာခြားဘက်သို့ ကူးပြောင်းသွားကြသည်ကို ၀မ်းနည်းစွာ တွေ့ခဲ့ရဖူးပါသည်။

စေတီပုထိုးများ၌ ညောင်ပင်ပေါက်လျှင် စေတီပုထိုးများ ပြိုပျက်ကြသကဲ့သို့ မိမိတို့မြန်မာ ပြည်ကြီး၌ ဘာသာ ခြားများ တိုးပွားလာလျှင် စေတီပုထိုးများ မျက်နှာတော် ညှိုးတော်မူရမည့်အခြေ အနေနှင့် ရင်ဆိုင်ရပေမည်။ ဤဖြစ်စဉ်ကို အစဉ်တွေးလျက် ယခုအချိန်မှစပြီး ဓမ္မသင်တန်းကျောင်း (သို့မဟုတ်) ဓမ္မစကူးလ်များကို မိမိတို့ တတ်စွမ်းသမျှ ဖွင့်လှစ် တည်ထောင်သင့်လှပေသည်။

ရန်ကုန်မြို့ရှိ ၀ံသာနုစိတ်ဓာတ် ကိန်းအောင်းနေသည့် ဒကာကြီး တစ်ယောက်က ``တပည့်တော်တို့ရပ်ကွက်မှာ တပည့်တော်တို့ ငယ်ငယ်တုံးက ဗုဒ္ဓဘာသာဝင်က ရာခိုင်းနှုန်း ၈၀- လောက် ရှိတယ်၊ အခုကြတော့ ဗုဒ္ဓဘာသာဝင်က ရာခိုင်းနှုန်း ၃၀-လောက်ပဲ ရှိပြီး ဘာသာခြားတွေက ပိုများနေတယ်ဘုရား``ဟု မိမိကို လျှောက်ထားဖူးပါသည်။ ရန်ကုန်မြို့ တော်ကြီး၌ ဤကဲ့သို့ဖြစ်နေသော ရက်ကွက်များ မည်၍မည်မျှလောက် ရှိနေဦးမည်မသိ။ သေချာမှုရှိသည်ကတော့ ဘာသာခြားများ တိုးပွားလာနေခြင်းပင်တည်း။

ထို့ကြောင့် ဤအချက်ကိုကောင်းကောင်းသိရကား မြန်မာပြည်အနာဂတ်အရေးကို သွေးအေးအေး မနေတတ် သည့် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက ဤကဲ့သို့ မှာတမ်းတော် ခြွေခဲ့ပါသည်။

`` ဒို့မြေဌာနီ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း၊ စံရာကျောင်းမှ၊ ငြိမ့်ညောင်းသာယာ၊ မိန့်အာဏာ ကို၊ ရပ်ရွာလူများ၊ လွန်လေးစားခဲ့၊ ခုကားသို့နှယ်၊ မဟုတ်ကွယ်၍၊ နယ်ပယ်ပေါက်ဖွား၊ အမျိုးသားတို့၊ ဘုန်းဘုရား ကျောင်းတွင်၊ စာမသင်တော့။

ဤသည့်တိုင်းသာ၊ နှစ်ပေါင်းကြာလျှင်၊ မြန်မာတိုင်းဖွား၊ အမျိုးသားတို့၊ ဘုရားကိုစွန့်၊ တရားစွန့် ၍၊ စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း၊ သို့အတွက်များပြား၊ ဘုန်းဘုရားတို့၊ တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍၊ မလင့်စေရ၊ ကိုယ့်ဒေသ၌၊ သိပ္ပ၀ိဇ္ဇာ၊ ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင်၊ ပြသနိုင်မှ၊ ဘုန်းလှိုင်ဟောပြ၊ သြ၀ါဒကို၊ စိတ်ကကြည်ဖြူ၊ လိုက်နာယူလျက်၊ ကိုယ်မူနှုတ်ပြောင်း၊ စိတ်လည်း ကောင်း၍၊ နောက်နှောင်းသာသနာ၊ ပြည်မြန်မာသည်၊ ရှည်ကြာနေသို့၊ ထွန်းမည်ကို့´´။

အကြင်အခါ၌ မြန်မာပြည်အ၀ှမ်းမှာ ``လှည်းဝင်ရိုးသံ တညံညံ၊ ဓမ္မစကူးလ်ပေါင်း´´ဟု ကြွေးကြော်နိုင်၏။ ထို အခါ၌ နတ်ရွာစံသွားလေပြီဖြစ်သော ဘုရင်မင်းမြတ် အနော်ရထာက အထက်ကောင်းကင်ယံ နတ်ပြည်မှတဆင့် ဗြဟ္မာ့ပြည်တိုင်အောင် ``အိုသူတော်ကောင်းတို့ မြန်မာပြည်ကြီးကို ကြည့်ကြကုန်လော၊ အရှင်အရဟံရဲ့သြ၀ါဒကိုခံယူပြီး ငါကိုယ်တော်တိုင် ချခဲ့တဲ့ ဓမ္မအုတ်မြစ်ပေါ်မှာ ရဟန်းရှင်လူပြည်သူများဟာ ကြီးမားသော ဓမ္မအဆောက်အဦးကြီးကို အဆင့်ဆင့် တည်ဆောက်နေကြတယ်ကွယ်၊ ငါကိုယ်တော် အားရကျေနပ်လှပါဘိ၊ ဒါမှ ဒို့တိုင်း ဒို့ပြည်၊ ဒို့မြန်မာပြည် ဖြစ်ပေသကွယ်``ဟု အားရပါးရ ကောင်းချီးနုမော် သာဓုခေါ်နေမည်မှာ မြေကြီး လက်ခတ် မလွဲသာတည်း။



အရှင်ဒေ၀ိန္ဒာဘိဝံသ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

(၀၁၊ ၀၆၊ ၂၀၀၉)


(မိမိသည် ဤဆောင်းပါးကို ကိုလံဘိုမြို့ SriJayatiladaramayaကျောင်းမှ သီရိလင်္ကာနိုင်ငံသား အရှင်ဓမ္မနန္ဒကို မေးမြန်း၍လည်းကောင်း၊ http://en.wikipedia.org/ wiki/ Buddhism_in _Sri_Lanka/ နှင့် http://www.bps.lk/wheels_library/wh_281.html#_Toc159679743 ဟူသော Website ကို ကြည့်၍လည်းကောင်း မှတ်တမ်းတင်ပြီး ရေးထားခြင်းဖြစ်ပါသည်။ ဤဆောင်းပါးကို မည်သည့်စာစောင် မဂ္ဂဇင်း၌မဆို ထည့်နိုင်ပါသည်။)
http://manatphyan77.blogspot.com/မှပြန်လည်ခံစားပါသည်။