ပ၀ါရဏာ (ဖိတ်မန်ခြင်း)

1 comments
17-10-2010
ပ၀ါရဏာ၏ နောက်ခံ သမိုင်းကြောင်းအကျဉ်း

သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည် သာသနာဖြန့်ဖြူးရာ ဗဟိုဌာနချုပ် သဖွယ်ဖြစ်သော သာဝတ္ထိပြည် အနာထပိဏ်သူဌေး + ပုညလက္ခဏဒေ၀ီတို့ စေတနာဖွေးဖြူ ပေးလှူ ဆောက်လုပ် အပ်သော ဇေတ၀န်ကျောင်းတော်၌ သီးတင်းသုံး စံနေတော် မူစဉ်ကာလက ဖြစ်၏၊

သံဒိဋ္ဌ( မြင်ဘူးကာမျှမိတ်ဆွေ ) သံဘတ္တ (အတူနေ အတူစား မိတ်ဆွေ) ဖြစ်ကြသော ရဟန်းတော်တို့သည် ကောသလတိုင်း တစ်ခုသော ဇနပုဒ်၌ ၀ါဆို ၀ါကပ်ကြ၏၊ ၀ါဆိုပြီးကြ သော အခါ ၀ါတွင်းသုံးလ ကာလပတ်လုံး ညီညီညွတ်ညွတ် ငြင်းခုံခြင်းမရှိကြပဲချမ်းချမ်း သာ သာ နေနိုင်ရန်နှင့် ဆွမ်းကိစ္စ မပင်မပန်း ချမ်းသာမည့် နည်းလမ်းကို တိုင်ပင်ညှိနှိုင်းကြ၏။

ဗုဒ္ဓအဆုံးအမ

0 comments
14-7-2010

အားလုံးတို့သည်ဗဟုသုတရရုံမဟုတ်ဘဲလက်တွေ့လေ့ကျင့်ရန်နှင့်အကျိုးရှိအောင်အသုံးချရန် ဖြစ်သည်။


(Buddha’s Teachings are not for Knowledge only but also for Self

Practice & Implementation)


အနှစ်သာရရှိလှခြင်း - ဗုဒ္ဓဘုရားရှင် အဆုံးအမ အားလုံးသည် ဗဟုသုတရရုံပါးစပ်ဖျားလေးမှ ပြောနေ ဟောနေရုံမျှ လမ်းဆုံး နေတာမျိုးတစ်ခွန်းမျှမရှိခဲ့ပါဘူး။ အဆုံးအမတိုင်းသည်ကိုယ်တိုင်လက်တွေ့ ကျင့်ရမယ်ပြီးမှမိမိနှင့်အများအကျိုးအတွက် အကျိုးရှိအောင်လက်တွေ့အသုံးချပြီးမှသာလျှင် အဓိပ္ပာယ် ပြည့်စုံပြီး ပန်းတိုင်(နိဗ္ဗာန်) သို့ မျက်မှောက်ပြုနိုင်ခြင်း သည်သာ အနှစ်သာရဖြစ်ပါသည်။



ချမ်းသာအစစ်

လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ သုံးမျိုးသောချမ်းသာတို့တွင် လူနှင့်နတ်ချမ်းသာတို့သည် ဒုက္ခသစ္စာနယ်(ဖြစ်ပေါ်ခြင်း ချုပ်ပျောက်ခြင်း တို့က အစဉ်ထာဝရနှိပ်စက်သောနယ်) ထဲတွင်သာ ခံစား နေရပြီး သုံးဆယ့်တစ်ဘုံသံသရာလည်စေပြီး ချမ်းသာအတုဖြစ်သည်။

နိဗ္ဗာန်ချမ်းသာ (မဖောက်မပြန် ပြုပြင်စီရင်မှုမရှိ ငြိမ်းအေးမှုအပြည့် ဒုက္ခအားလုံးချုပ်ဆုံးခြင်း သံသရာမှလွတ်မြောက်ခြင်း ) သည်သာလျှင် မဟာသန္တိ သုခ ချမ်းသာအစစ် ဖြစ်ပေသည်။


ဘုရားကန်တော့ခြင်း

ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားကန်တော့ကြစဉ် သြကာသမှစပြီး ရွတ်ဆိုကြသည်။ (သြကာသ ဆိုသည်မှာ ခွင့်ပြုပါဘုရားဟု ခွင့်တောင်းခြင်းသာ ဖြစ်သည်။ လူယဉ်ကျေးတို့၏ အလေ့အထတစ်ခုဖြစ်သည်)

သြကာသရွတ်ပြီး ဘုရားရှိခိုးနေစဉ် ဘုရားရှင်၏ ပုံတော် (အကာ)ကိုကြည့်ပြီး ဘုရားရှင်၏ ဂုဏ်တော် (အနှစ်)ကိုရည်မှန်းပြီးကန်တော့မှသာလျှင် အဓိပ္ပာယ်ပြည့်စုံပေသည်။

နွေရာသီသင်တန်းအမှတ်တရ

0 comments
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပူတွင်းကျေးရွာ၊ အဘယ ခေမိကာရာမကျောင်းတိုက်
နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု နှင့် အခြေခံ English grammar သင်တန်း ကျောင်းသူ ကျောင်းသားများနှင့်အမှတ်တရ

ကုသိုလ်ပြုလျှင် သတိယှဉ်

0 comments
မြန်မာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာ (၅)နိုင်ငံတို့အနက် ကုသိုလ်ကောင်းမှုပြုလုပ်ရာ၌ ထင်ရှား ကျော်ကြားလှသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် အကြောင်းအမျိုးမျိုးရှာ၍ ကုသိုလ်ကောင်းမှု ပြုလုပ်လေ့ရှိကြသည်။ ကုသိုလ်ဟုဆိုရာဝယ် ကုသိုလ်သည် (၁)ဒါနကုသိုလ်၊ (၂)သီလကုသိုလ်၊ (၃) ဘာဝနာကုသိုလ် ဟူ၍ (၃)မျိုးရှိပါသည်။
ဤ၌ ဒါနကုသိုလ်အကြောင်းကို ရှင်းလင်းတင်ပြလိုပါသည်။ ဒါနကုသိုလ်တွင်လည်း ကျောင်းပွဲအလှူ ၊ ဘုရားပွဲအလှူ ၊ သဒ္ဓါဆွမ်းကပ်အလှူ၊ မင်္ဂလာဆွမ်းကပ်အလှူ၊ ရှင်ပြု ရဟန်းခံအလှူ အစရှိသည်ဖြင့် မြန်မာလူမျိုးများသည် ဒါနကုသိုလ်ကို များစွာပြုလုပ်လေ့ရှိ၏။ အလှူရှင်တို့၏စိတ်၌ အလှူပြုလုပ်ရလျှင် ကုသိုလ်အကျိုးကို အပြည့်အ၀ရရှိနိုင်သည်ဟု ယုံကြည်ကြပါသည်။ သို့သော် ဆင်ခြင်သင့်သည့် အချက်များစွာကို ကျွန်ုပ်တင်ပြလိုပါသည်။ တောအရပ်ဒေသများ၌ ရှင်ပြုရဟန်းခံစသည့် အလှူများပြုလုပ်လျှင် ဝက်သားကျွေးခြင်း၊ ကြက်သားကျွေးခြင်း ဟူသော ဧည့်ခံကျွေးမွေးခြင်းဖြင့် ဧည့်ခံလေ့ရှိကြ၏။ ရိုးရိုးကျွေးမွေးဧည့်ခံရလျှင် ဂုဏ်ရှိသည်ဟုပင်မထင်ကြပါ။ ဤသို့ယူဆခြင်းသည်ပင်လျှင် အကုသိုလ်ဖြစ်ဖို့ အကြောင်းဖန်လာခြင်းဖြစ်၏။ ၀က်သားကျွေး၍ အလှူပြုလုပ်မည်ဟုဆိုလျှင် ဝက်သားပေါ်(ဝက်သတ်)မည့် ပုဂ္ဂိုလ်သည် အလှူရှင်ဒကာနှင့်လာ၍ တိုင်ပင်ညှိနှိုင်းကာ လူဦးရေ မည့်မျှဖိတ်မည့်အကြောင်း၊ ဘုန်းကြီးဘယ်နှစ်ပါးပင့်မည့်အကြောင်းကို အလှူရှင်ထံမှ အတိအကျရယူပြီး ဝက်အကောင်ရေမည်မျှသတ်ရမည်ဟုခန့်မှန်း၍ ဝက်သားပေါ်လေ့ရှိပါသည်။ ဤအကြောင်းအရာကို မြို့၌ မရည်ညွှန်းသည်ကား မြို့သည် ပံ့သကူသားပေါများသော အရပ်ဒေသဖြစ်သောကြောင့် တောအရပ်ဒေသဟုရည်ညွှန်းရခြင်းဖြစ်ပါသည်။ နောက်တစ်ချက်ကား အလှူရှင်သည် (၁၀)သိန်းအကုန်အကျခံကာ အလှူပြုလုပ်ပြီး ဖိတ်ကြားထားသော မိတ်သင်္ဂဟများအထံမှ အကူငွေကိုလက်ခံ၍ အလှူပြီးလျှင် ရငွေ၊ ကုန်ငွေ အရှုံးအမြတ်ကို တွက်ချက်လေ့ရှိကြပါသည်။ ဤနှစ်ချက်ကိုထောက်ကြည့်လျှင် သပ္ပုရိသဒါနသုတ်၌ “အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ဒါနံ ဒေတိ။ မိမိကိုလည်းကောင်း သူတပါးကိုလည်းကောင်း မထိခိုက်စေမူ၍ လှူဒါန်းရမည်” ဟု မြတ်စွာဘုရား၏တရားတော်နှင့် အလွန်ပင်ဆန့်ကျင်လျှက်ရှိပါသည်။ မိမိကို မထိခိုက်မနစ်နာစေ၍ လှူခြင်းဟူသည် တစ်ဆယ်တတ်နိုင်လျှင် တစ်ဆယ်ဖိုးသာလျှင်လှူရမည်၊ ဤသိုလှူဒါန်းလျှင် မိမိကို မထိခိုက်စေပါ။ မိမိတတ်နိုင်သည်ထက် ပို၍လှူဒါန်းလျှင် မိမိကို ထိခိုက်နစ်နာစေပါသည်။ သူတပါးကို မထိခိုက်မနစ်နာစေ၍ လှူဒါန်းခြင်းဟူသည် မိမိအလှူကို ရည်ရွယ်၍ သတ်သော အသားကျွေးမွေးဧည့်ခံခြင်းမှရှောင်ကြဉ်ရမည်။ ပဋ္ဌာန်းပါဠိတော်၌ “ ကုသလံ ဥပနိဿာယ ပါဏံ ဟနတိ-ကုသိုလ်တရားကို အမှီပြု(အကြောင်းပြု)၍ သူတပါးအသက်ကိုသတ်ခြင်းတည်းဟူသော အကုသိုလ်ဖြစ်စေတတ်ပါသည်။ ငါသာလျှင်ဤကဲ့သို့လှူနိုင်သည် တခြားပုဂ္ဂိုလ်များမလှူနိုင်ဟု မာနထောင်လွှား၍လှူဒါန်းခြင်းသည်လည်း သူတပါးကို ထိခိုက်စေပါသည်။ ဤအချက်ကိုလည်း ရှောင်ကြဉ်ရမည်။
ပဋ္ဌာန်းပွဲ၊ ကျောင်းပွဲ၊ ဘုရားပွဲများ ပြုလုပ်ရာတွင် ဘုန်းတော်ကြီးများ ဦးဆောင်၍ ပြုလုပ်သောကြောင့် အင်မတန် ဆင်ခြင်သင့်လှပေသည်။ ထိုအကြောင်းအရာများနှင့်ပတ်သက်သော ပုံပြင်တပုဒ်ကို တင်ပြလိုပါသည်။
ဝက်သားအမိပုံပြင်
တစ်ခါက ဝက်အမေကြီးနှင့် ဝက်သားပေါက်ကလေးများ လယ်ကွင်းပြင်တွင် အိပ်နေကြလေသည်။ ထိုအချိန်၌ တောင်သူလယ်သမားမျာသည် ၀က်သားအမိများအိပ်နေသော လယ်ကွင်းပြင်အနီးသို့ ရောက်ရှိလာလေသည်။ ထိုအခါ…..ဝက်ကလေးများသည် အသံကြား၍ လန့်နိုးလာကြ၏။
ဝက်ကလေးများ။ ။ အမေ..အမေ..ထ ထ ဟိုမှာ ခမောက်တွေ၊ ပေါက်တူးတွေ သံတူရွင်းတွေနဲ့ လူတွေလာနေပြီ ရန်သူတွေထင်တယ်အမေ သားတို့သမီးတို့ ပြေးကြရအောင်။
ဝက်အမေကြီးသည် ထကြည့်ပြီး….
ဝက်အမေ။ ။အော် ဟိုလူတွေလား အဲဒီလူတွေက ကျေးဇူးရှင်တောင်သူလယ်သမားတွေပါ သားတို့သမီးတို့ရယ် ရန်သူတွေမဟုတ်ပါဘူး အေးအေး ဆေးဆေး စိတ်ချ လက်ချအိပ်ကြသားတို့သမီးတို့ရေ။
အတန်ကြာသော်.. စစ်သားများ သူတို့အနီးသို့ရောက်ရှိလာပြန်လေသည်.။
ဝက်ကလေးများ။ ။ အမေ..အမေ..ထ ထ တော့ ဒီတခါတော့ တကယ့်ရန်သူတွေထင်တယ် သေနတ်တွေရော ၊ လက်ပစ်ဗုံးတွေရော လက်နက်အပြည့်အစုံပါတယ်ဗျ သားတို့သမီးတို့ပြေးကြရအောင်။
ဝက်အမေကြီးသည် ထကြည့်ပြီး….
ဝက်အမေ။ ။အော်… အဲဒီလူတွေက တိုင်းပြည်ကိုကာကွယ်ပေးတဲ့ စစ်သားတွေကွယ့် အမေတို့ရန်သူတွေမဟုတ်ဘူး စိတ်ချလက်ချအိပ်ကြပါကွယ် ဘာမှမဖြစ်ဘူး။
ခဏကြာသော် .. ဘုန်းတော်ကြီးများ လယ်ကွင်းအနီးသို့ရောက်လာပြန်လေသည်။
ဝက်ကလေးများ။ ။အမေ ..ဒီတခါလာတဲ့လူတွေကတော့ ကတုံးတွေနဲ့ အောက်ကလည်း အနီရောင်တွေဝတ်လို့ ဘာလက်နက်မှတော့ ပါမလာဘူး ဒီလူတွေကတော့ သားတို့ရန်သူတွေမဟုတ်လောက်ပါဘူး နော်အမေ။
ဝက်အမေကြီးသည် ထကြည့်ပြီး….
ဝက်အမေ။ ။ ဟေ..ဘယ်မတုံး ဟာ…ပြေးကြ သားတို့သမီးတို့ရေ ပြေးကြ အဲဒီလူတွေကမှ အမေတို့ရဲ့ရန်သူအစစ်ကွဲ့ မင်းတို့အဖေတုံးကလည်း အဲဒီဘုန်းကြီးတွေရဲ့ဘုရားပွဲမှာပဲ အသတ်ခံလိုက်ရတာ ပြေးကြ ..ပြေးကြ။ ဟူ၍ဖြစ်ပါသည်။
ဤပုံပြင်ကား တကယ်မဟုတ်ပါ။ ပုံပြင်သာဖြစ်သည် ။ သို့သော် ဤပုံပြင်သည် အကြောင်းမဲ့ ပေါ်ပေါက်လာခြင်းဖြစ်ဟန်မတူချေ။ အလှူဒါနကုသိုလ်ပြုကြသော အလှူရှင်နှင့် ဘုန်းတော်ကြီးများ သတိထား ဆင်ခြင်စေရန် ဖန်တီးထားဟန်တူပါသည်။ အလှူရှင်များသည် မည်သို့ သတိထားဆင်ခြင်ရဟုဆိုလျှင် မိမိပြုလုပ်သော အလှူဒါနသည် ဖြစ်နိုင်မည်ဆိုလျှင် ရိုးစင်းသော ကျွေးမွေးဧည့်ခံခြင်းဖြင့် ဧည့်ခံသင့်ပေသည်။ ဘုန်းတော်ကြီးများကိုလည်း ပံ့သကူသားဖြင့်သာလျှင် ဆွမ်းကပ်သင့်ပေသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ကိုယ်တွေ့ဖြစ်ရပ်လေးကို အနည်းငယ်တင်ပြလိုပါသည်။ အညာဒေသ ကျေးရွာတရွာ၌ ကျောင်းရေစက်ချပွဲ တခုရှိသည့်အတွက် အလှူရှင်သည် အကျယ်ချဲ့လိုဟန် ရှိပုံမရချေ။ သို့အတွက်ကြောင့် ကျောင်းရှိသံဃာတော်သုံးပါးနှင့်သာ ရေစက်ချတရားနာပြုလုပ်လို၏။ ဘုန်းတော်ကြီးများကို ဆွမ်းကပ်ဖို့အတွက် ကြက်တကောင်သွားဖမ်းရန် ဒကာတယောက်ကို တာဝန်ပေးလေ၏။ တာဝန်ပေးခံရသော ဒကာသည် အကျွနု်ပ်ကို လာ၍တိုင်ပင်ပါသည်။ ကျွန်ုပ်သည် ထိုဒကာကို အကြောင်းစုံရှင်းလင်းပြသရ၏။ “ဘုန်းကြီးဆိုတာ ဒိဋ္ဌ ၊ သုတ ၊ ပရိသင်္ကိတ-လို့ဆိုတဲ့ မြင်သား ၊ ကြားသား ၊ ယုံမှားသံသယရှိတဲ့အသားတွေကို မစားကောင်း မစားအပ်ဘူး ၊ မြင်သားဆိုတာက မိမိရဲ့ရှေ့မှာတင် သတ်ဖြတ်နေတဲ့ အသားကိုလည်းမစားရဘူး ၊ ကြားသားဆိုတာက သတ္တ၀ါတကောင်ကို သတ်ဖြတ်နေတဲ့အသံကြားလျှင်သော်လည်းကောင်း၊ သတ်နေတယ်လို့ သူတပါးက ပြောသံကိုကြားရလျှင်သော်လည်းကောင်း မစားရဘူး၊ ယုံမှားသံသယရှိတဲ့အသားဆိုတာက အသားဟင်းတခွက်ကိုမြင်ကြပြီဆိုပါစို့ ဒီအသားဟင်းတခွက်သည် ငါ့အတွက်များ ရည်ရွယ်၍ သတ်ထားတဲ့အသားလေလားလို့ ယုံမှားသံသယရှိလျှင်လည်း မစားကောင်း မစားအပ်ဘူး လို့ဆိုတယ်၊ ဒါ့ကြောင့် ဒကာအနေနဲ့ အဲဒီသွားဖမ်းမယ့်ကြက်ကို သွားမဖမ်းတော့ပဲ အဆင်ပြေအောင် အလှူရှင်ကို ပြောပြလိုက်ပေတော့” ဟု သေချာစွာရှင်းပြရပါသည်။
ဘုန်းတော်ကြီးများသည် မည်သို့သတိထားဆင်ခြင်ရမည်ဟုဆိုလျှင် မိမိတို့ကျောင်းတွင် ကျောင်းပွဲ ၊ ဘုရားပွဲ၊ ပဋ္ဌာန်းပွဲ စသည်ပွဲများတွင် အတတ်နိုင်ဆုံး အလှူပွဲနှင့်စပ်လျဉ်းပြီး သူတပါးအသတ်ကို မသတ်မိစေဖို့ ဒကာများကို သတိပေးရမည် တရားဟောရမည်။ အလွန်ဆုံးပံ့သကူသား ကိုသာလျှင် ဖြစ်နိုင်သမျှအစီစဉ်ခိုင်းရမည်။ ဤကား ဘုန်းတော်ကြီးများ သတိထားဆင်ခြင်ရမည့် အချက်ဖြစ်ပါသည်။ ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာ အဖြစ်သို့မရောက်စေရန်လည်းသတိထားဆင်ခြင်သင့်လှပေသည်။
အချုပ်အားဖြင့်ဆိုရသော် ကုသိုလ်ပြုလုပ်ကြပြီဟုဆိုလျှင် ဘုရားတရားတော်နှင့်အညီ ပကာသနမဖက်ဘဲ နည်းစနစ်မှန်ကန်စွာဖြင့် ကုသိုလ်ပြုလုပ်ကြစေဖို့ ကုသိုလ်ပြုလျှင် သတိယှဉ်ကြစေဖို့ အကျွန်ုပ်တတ်နိုင်သမျှ သတိပေးနှိုးဆော်တိုက်တွန်းရင်း…….
                                                                                          မေတ္တာများစွာဖြင့်
                                                                                           လင်္ကာဒီပအရှင်