ပ၀ါရဏာ၏ နောက်ခံ သမိုင်းကြောင်းအကျဉ်း
သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည် သာသနာဖြန့်ဖြူးရာ ဗဟိုဌာနချုပ် သဖွယ်ဖြစ်သော သာဝတ္ထိပြည် အနာထပိဏ်သူဌေး + ပုညလက္ခဏဒေ၀ီတို့ စေတနာဖွေးဖြူ ပေးလှူ ဆောက်လုပ် အပ်သော ဇေတ၀န်ကျောင်းတော်၌ သီးတင်းသုံး စံနေတော် မူစဉ်ကာလက ဖြစ်၏၊
သံဒိဋ္ဌ( မြင်ဘူးကာမျှမိတ်ဆွေ ) သံဘတ္တ (အတူနေ အတူစား မိတ်ဆွေ) ဖြစ်ကြသော ရဟန်းတော်တို့သည် ကောသလတိုင်း တစ်ခုသော ဇနပုဒ်၌ ၀ါဆို ၀ါကပ်ကြ၏၊ ၀ါဆိုပြီးကြ သော အခါ ၀ါတွင်းသုံးလ ကာလပတ်လုံး ညီညီညွတ်ညွတ် ငြင်းခုံခြင်းမရှိကြပဲချမ်းချမ်း သာ သာ နေနိုင်ရန်နှင့် ဆွမ်းကိစ္စ မပင်မပန်း ချမ်းသာမည့် နည်းလမ်းကို တိုင်ပင်ညှိနှိုင်းကြ၏။
အဖြေကား အချင်းချင်း စကားမပြောပဲ ၀စီပိတ်ကျင့်စဉ်ကို ကျင့်သုံးရန် အားလုံး သဘောတူကြ၏။ သဘောတူထားကြသည့်အတိုင်း တစ်ပါးနှင့်တစ်ပါး စကားမပြောကြတော့၊
( သစေ ခေါ မယံ အညမညံ နေ၀ အာလပေယျာမ၊ န သလ္လပပေယျာမ )
သို့သော် ဆွမ်းခံပြန်လာသောအခါ ဦးဆုံးပြန်ရောက်သော ရဟန်းတော်က ဆွမ်းကျောင်းမှာ ခြေဆေးရေ နှင့် ခြေဆေးအင်းပျဉ်ကို ပြင်ထား နှင့်၏ နေရာ ခင်းထား၏၊ ဆွမ်းမကုန်လောက် က ထည့်ရန် ဆွမ်းဇလုံပြင်ထား၏၊သောက် ရေ သုံးရေ ထည့်ထားနှင့်၏၊
နောက်ဆုံးမှ ပြန်ရောက်သော ရဟန်းတော်က ဆွမ်းမလောက်လျှင် ဆွမ်းဇလုံမှ ဆွမ်းကို ယူဘုဉ်းပေး၏၊ ဘုဉ်းပေးပြီးလျှင် ဆွမ်းကျန်ကို စိမ်းစိုသော မြစ်သစ်ပင်မရှိရာ မြေ၊ ပိုးမရှိရာ ရေ၌ စွန့်ပစ်၏၊ ဆွမ်းဇလုံကို ဆေးကြောပြီး သိမ်း၏ နေရာထိုင်ခင်း သိမ်း၏၊ ခြေဆေး ရေ ခြေဆေးအင်းပျင်းသိမ်း၏ တံမျက်လှည်း၏၊
သောက်ရေ သုံးရေ သန့်သက်ရေအိုးတို့ ရေမရှိလျှင်တွေ့မြင်သော ရဟန်းတော်က ရေခပ်ထည့်၏ တစ်ပါးတည်း မနိုင်လျှင်အဖေါ်ရဟန်းတစ်ပါးကို လက်ဟန်ပြခေါ်ကာ ရေခပ် ထည့်၏၊ ဤနည်း ဤစည်းကမ်း ဤစနစ်ကို တစ်ဝါတွင်းလုံး ကျင့်သုံးကြ၏၊
ဘုရားရှင် လက်ထက်တော်က ၀ါကျွတ်လျှင် ရဟန်းတော်များ ဘုရားးရှင်ကို
သွားရောက် ဖူးမျှော်ခြင်း အစဉ်အလာရှိ၏၊ ယင်းအစဉ်အလာအရ ထိုရဟန်းတော်တို့သည် လည်း ၀ါလကျွတ်သော အခါ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်း
တော်သို့ သွားရောက်ကာ ဘုရားရှင်ကို ဖူးမျှော်ကြ၏
အာဂန္တုက ရဟန်းတို့နှင့် ဘုရားရှင် ၀မ်းမြောက်ဝမ်းသာ အလ္လာပ သလ္လာပစကား
ပြောဆိုခြင်းသည် ဓမ္မတာဖြစ်သည့်အားလျှော်စွာ ထိုရဟန်းတော်တို့အား ၀ါတွင်းကာလ ချမ်း
ချမ်းသာ ညီညီညွတ်ညွတ်နှင့် ဆွမ်းကိစ္စ မပင်မပမ်း ရှိ မရှိ မေးတော်မူ၏။
( ယင်းသို့ မေးတော်မူခြင်းသည် တရားစကားဟောပြောရန်နှင့် တပည့်တို့အား သိက္ခာပုဒ်ပညတ်ရန် အကြောင်းတစ်ခုခုအတွက် မေးတော်မူခြင်းဖြစ်သည် )။
ထိုရဟန်းတော်တို့လည်း သူတို့ကျင့်သုံးသော စကားမပြောဝစီပိတ်ကျင့်စဉ်ကို ကျင့်သုံးကာ ညီညီညွတ်ညွတ် ငြင်းခုံခြင်းမရှိပဲ ချမ်းချမ်းသာသာနေကြခြင်းနှင့် ဆွမ်းကိစ္စ မပင်မပမ်း ရှိသည့်အကြောင်းကို ဘုရားရှင်အား အကြောင်းစုံ ပြန်လည်လျှောက် ထားကြလေသည်။
ထိုအခါ ဘုရားရှင်သည် ထိုရဟန်းတော်တို့၏ အချင်းချင်း စကားမပြောသော ၀စီပိတ်ကျင့်စဉ်ကို ကဲ့ရဲ့တော်မူ၏၊ မဂ်ဖိုလ်မှ အချည်းနှီးယောက်ျားဟု ရှုတ်ချတော်မူ၏၊ နွားတို့၏နေခြင်း ၊ ရန်သူတို့၏နေခြင်းဟု ပြစ်တင်တော်မူ၏၊ ယင်းအကျင့်သည် တိတ္ထိတို့
ကျင့်သုံးသော သူအ ကျင့်စဉ်ဖြစ်၏၊ အကြည်ညိုမဲ့ရန်ဖြစ်၏ဟု ဝေဘန်ထောက်ပြတော်မူ၏၊ ယင်းတိတ္ထိကျင့်စဉ်ကို ကျင့်သုံးလျှင့် “ ဒုက္ကဋ်အာပါတ် ” သင့်ဟု မိန့်တော်မူ၏။
ထို့နောက် ရှင်တော်မြတ်ဘုရားသည် ဆက်လက်၍ “ ရဟန်းတို့ ၀ါမှထသော ရဟန်းတို့
အား မြင်၍ဖြစ်စေ ကြား၍ဖြစ်စေ ယုံမှား၍ဖြစ်စေ သုံးပါးသော အကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း
ပ၀ါရဏာ ပြုခြင်းငှာ ခွင့်ပြု၏ ၊ ထိုသို့ ဖိတ်ကြားခြင်းသည် သင်(ရဟန်း)တို့အတွက် အချင်းချင်း
လိုက်လျောခြင်း ၊ အာပါတ်မှ ထမြောက်စေခြင်း ၀ိနည်းကို ရှေ့ရှု ခြင်းဖြစ်လတ္တံ ” မိန့်တော်မူ
ကာ “ ပ၀ါရဏာကို ” စတင်ခွင့်ပြုတော်မူခဲ့ပေသည်၊
ပ၀ါရဏာပြုပုံ - သံဃံ (အာဝုသော )ဘန္တေ ပ၀ါရေမိ၊ ဒိဋ္ဌေန၀ါ သုတေန၀ါ ပရိသင်္ကာယ၀ါ
ဝဒန္တုမံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ (ဒုတိယမ္ပိ ဘန္တေ သံဃံ - - ၊ တတိယမ္ပိ ဘန္တေ သံဃံ - )
အရှင်ဘုရားတို့ သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ ကြား၍ဖြစ်စေ ယုံမှား၍ဖြစ်စေ အရှင်ဘုရားတို့သည် တပည့်တော်အာား အစဉ်သနားခြင်းကို အကြောင်းပြု၍ (အပြုသဘော ဖြင့် ) ပြောဆိုကြပါကုန်လော့၊ ( လွန်ကျူးမိသော အပြစ်ရှိခဲ့သော် ) ကုစားပါအံ့။
( မောဟ မကင်းသေးသောလောက၌ တစ်ခါတစ်ရံ အမှားများ လွန်ကျူးမိတတ်၏၊ သို့သော်
မိမိအမှားကို မိမိမမြင်၊ ပါတ်ဝန်းကျင်ကားမြင်၏၊ ယင်းသို့ မြင်သောအခါ အပြုသဘောဖြင့် အမှားထောက်ပြ၍ အမှန်ရောက်အောင် လမ်းညွှန်ပေးခြင်းသည် ကောင်းမြတ်သော လမ်းစဉ်ဖြစ်ပေသည်၊ အမှားကို ပြုပြင်ခြင်းသည်လည်း သူတော်ကောင်းတို့၏ အလေ့ကောင်း တစ်ခုပင် ဖြစ်ပေသည် ၊ အမှားထောက်ခြင်း - အမှန်လျှောက်ခြင်းဖြင့် ငြိမ်းချမ်းသော ဘ၀ကို
တည်ဆောက်နိုင်ကြပါစေ )
ပ၀ါရဏာ နောက်ဆက်တွဲ
ဘာလိုလိုနှင့် ကောသလတိုင်း ဇနပုဒ်တစ်ခုကို အမှီပြုကာ ၀ါဆိုလာခဲ့သည်မှာ သီးတင်းကျွတ်ဖို့ပင် နီးကပ်လာချေပြီး၊ သီတင်းကျွတ်လျှင် (ပ၀ါရဏာပြုပြီးက ) လွတ်လပ်စွာ သွားလာခွင့် ရှိသည့်အတွက် ရဟန်းတော်များခရီးထွက်ကြပေတော့မည်၊ ရဟန်းစုများ ကွဲကွာ၍ ခွဲခွါကြရပေတော့မည်၊ ယင်းသို့ဖြစ်လျှင် ညီညီညွတ်ညွတ် ချမ်ချမ်းးသာသာ နေထိုင်ကာ လက်ရှိခံစားနေကြရသော ( သမထ ၀ိပဿနာ ) ချမ်းသာများမှ အပဖြစ်ကြ ပေတော့မည် ၊ဘယ်လိုများ ကျင့်သုံးကြရပါအံ့နည်းဟု - ကောသလတိုင်း ဇနပုဒ်နေ ရဟန်းတော်များက ရှင်တော်မြတ်ဘုရားကို လျှောက်ထားကြ၏။ ( အညတရော ဖာသုဝိဟာရောတိ တရုဏသမထော ၀ါ တရုဏ၀ိပဿနာ ၀ါ )
ထိုအခါ ယင်းရဟန်းတော်တို့အား ” ပ၀ါရဏာ သင်္ဂြိုဟ် ထောက်ပန့်ခြင်းကို
ပြုခြင်းငှာ ခွင့်ပြု၏ ” ဟု မိန့်တော်မူ၏၊
ထိုရဟန်းတော်တို့သည် သီတင်းကျွတ်လပြည့်နေ့၌ ဥပုသ်ပြု၏ ပါတိမောက်ပြ၏၊
ကုမုဒြာပွင့်ချိန် မိုးလေးလအဆုံး တန်ဆောင်မုန်း လပြည့်နေ့၌ ပ၀ါရဏာပြုခွင့်ရ၏
( ဤကား ဗဟုသုတဖြစ်ဖွယ် အကျဉ်းမျှသာတည်း အကျယ်သိလိုမူ ၀ိနည်းမဟာဝါ
ပ၀ါရဏက္ခန္ဓက၌ ကြည့်ရှုကြပါလေ ) ။
အရှင်ကိတ္တိဇယ
ညောင်ကန်အေးရိပ်သာ၊

1 comments:
ဖတ်သွားပါတယ်ဘုရား မှတ်သားထားပါ့မယ်ဘုရား
Post a Comment