သူတို့သင်္ကြန်


17-4-2009

သီရိလင်္ကာနိုင်ငံ၏ ဓလေ့ သင်္ကြန်နေ့သည် အတုယူစရာကောင်းလှ၏၊ သင်္ကြန်ဟူသော ဝေါဟာရသည် ‘ကူးပြောင်းခြင်း’ ဟူသော အဓိပ္ပါယ်ကိုရ၏။ ကူးပြောင်းခြင်းဟူသည် ဤ၌ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းခြင်းကိုဆိုလိုပါသည်။ ထိုကြောင့် New Year Day ဟုခေါ်ကြသည်။ နှစ်သစ်ကူးပြောင်းသောနေ့ဟု ဆိုလိုသည်။ မြန်မာ့အခေါ်အဝေါ်အရ နှစ်ဆန်းတစ်ရက်နေ့ဟု ခေါ်၏။ နှစ်သစ်ကူးပြောင်းသောနေ့သည် မြန်မာနှင့်သီရိလင်္ကာ အတူတူပင်ဖြစ်သည်။ တချို့သောနိုင်ငံများလည်း တူညီကြောင်း ကြားသိရသည်။ မည်သည့်နိုင်ငံများတူညီကြသည်ကိုကား မိမိအတိအကျ မသိရသေးပါ။

သီရိလင်္ကာနိုင်ငံ၌ နှစ်ဆန်းတစ်ရက်နေ့မတိုင်မီ တစ်ရက်အလိုနေ့၌ အ၀တ်ဖြူများဝတ်ကြ၍ ဘုန်းကြီးကျောင်းများသို့ ဥပုသ်စောင့်သွားကြပါသည်။ နှစ်ဆန်းတစ်ရက်နေ့၌လည်း ဥပုသ်စောင့်ကြသည်။ ဤ၌ ဥပုသ်စောင့်ကြပုံကို အနည်းငယ်တင်ပြလိုပါသည်။ သီရိလင်္ကာ၌ ဘာသာရေးနှင့် ပတ်သက်သော အမှုကိစ္စမှန်သမျှ အ၀တ်ဖြူကိုသာ ၀တ်ဆင်ကြသည်။ တခြား မည်သည့်အရောင်မျှ မ၀တ်ကြပါ။ သူတို့သည် အ၀တ်ဖြူများဝတ်၍ လာကြပြီးလျှင် ဥပုသ်ဆောင် (ဓမ္မသာလာ) ၌ ဆိတ်ငြိမ်စွာ တရားရှုမှတ်ပြီးနေကြပါသည်။ နံနက် (၈)နာရီခန့်အချိန်၌ ဆရာတော်က ရှစ်ပါးသီလ ပေး၍ တစ်နာရီမျှ တရားဟောပါသည်။ တရားဟောပြီးသောအခါ တရားရှုမှတ်ခိုင်းပါသည်။ နေ့လည်(၁၁)နာရီ အချိန် ထမင်းကျွေးပါသည်။ ထမင်းစား ပြီးသည်နှင့်တပြိုင်နက် ဥပုသ်သည်များထဲမှ စွမ်းနိုင်သောပုဂ္ဂိုလ်များက တစ်ယောက်ပြီး တစ်ယောက် တရားဟောခြင်း၊ တရားဆွေးနွေးခြင်း၊ ဘာသာရေးနှင့်ပတ်သက်သော အမေးအဖြေများပြုလုပ်ခြင်းများကို နေ့လည် (၄)နာရီထိလုပ်ကြပါသည်။ ဤ၌ ‘သူတို့တနေကုန်ထိုင်နိုင်ရဲ့လား ညောင်းညာကိုက်ခဲလို့ တရားအပေါ် အာရုံပြုနိုင်ရဲ့လား’ ဟု မေးဖွယ်ရှိသည်။ သူတို့ကား တရားနာသောအချိန်၌ ရပ်၊ သွား၊ ထိုင်၊ အိပ်၊ မည်သို့သောဣရိယာပုထ် ဖြင့်မဆို နေနိုင်ပါသည်။ မြန်မာပြည်၌ ကဲ့သို့ ကြုံ့ကြုံ့လေး မလှုပ်မယှက် ထိုင်နေရသည်မဟုတ်၊ လွတ်လပ်စွာ နေချင်သလိုနေ၍ တရားကိုနာကြားနိုင်ပါသည်။ တရားဟောသော လူ၊ ဘုန်းကြီး၊ အရှေ့သို့ ခြေဆင်းပြီး ထိုင်နေကြသည်မှာ မြန်မာမျက်စိဖြင့်တော့ လုံးဝ မသင့်တော်လှ။ သူတို့ဓလေ့ကား ပြဿနာမရှိ ထိုင်ချင်သလိုထိုင် အပြစ်မရှိပါ။
ညနေ(၄)နာရီအချိန်တွင် ဘုန်းကြီးက တရားဟောပါသည်။ တရားဟောပြီးသည်နှင့် တပြိုင်နက် တရားထိုင်ရပါသည်။ ညနေ(၆)နာရီခန့်အချိန်တွင် လူပုဂ္ဂိုလ်များထဲမှ စွမ်းနိုင်သူက တရားဟောပြန်ပါသည်။ ထိုပုဂ္ဂိုလ်တရားဟောပြီးနောက် ပရိတ်ကြီးပါဠိတော်များ၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ် စသော ပါဠိများနှင့် ဘုရားကို ရွတ်ဖတ်ပူဇော်ကြပါသည်။ ည(၁၀)နာရီမှ စ၍ မိမိစွမ်းနိုင်သလို တရားမှတ်ခြင်း၊ ဗုဒ္ဓစာပေဖတ်ခြင်း၊ ကျက်မှတ်ခြင်း များကို မည်သည့်အချိန်ထိ ပြုလုပ်ကြသည်ကို မိမိမသိပါ။ ည(၂)နာရီ မိမိတရေးနိုး၍ ထကြည့်သောအခါ တချို့တရားထိုင်နေကြတာကို မြင်ရသေး၏။ သူတို့သည် ဥပုသ်ကာလအတွင်း ကွမ်းစားခြင်းမပြုပါ။ ဆေးလိပ်နှင့် မူးယစ်ဆေးဝါး အရက်ကိုးကား ဥပုသ်စောင့်သည်ဖြစ်စေ၊ မစောင့်သည်ဖြစ်စေ၊ ဗုဒ္ဓဘာသာများ အခါခပ်သိမ်း လုံးဝ မသောက်ကြပါ။ တချို့ ခိုးသောက်တာ ရှိသည်ဟု ဆို၏။ မိမိမတွေ့ဖူးပါ။ ဘာသာခြားများသည် အရက်၊ ဆေးလိပ်ကို သောက်သုံးသူ အလွန်ရှားပါလှ၏။ ဤကား သူတို့ဥပုသ်နှင့် ပတ်သက်သော အတုယူစရာ ဓလေ့တည်း။
သီရိလင်္ကာ၌ နှစ်ဆန်းတစ်ရက်နေ့မတိုင်မီ တရက်အလိုတွင် ဥပုသ်စောင့်ခြင်း၊ ရပ်ကွက်အတွင်း လူကြီးများ ဆရာများ၊ မိဘများအား ကန်တော့ခြင်း အမှုကို မြန်မာနိုင်ငံ သီတင်းကျွတ်လ ကန်တော့ကြသလို ပြုလုပ်ကြပါသည်။ နှစ်ဆန်းတစ်ရက်နေ့၌ ဥပုသ်စောင့်ခြင်း၊ ခေါင်းလျှော်ခြင်း မင်္ဂလာကို ပြုလုပ်ကြပါသည်။ ဤ၌ ခေါင်းလျှော်မင်္ဂလာကို အနည်းငယ်တင်ပြပါအုံးမည်။ နံနက်အချိန်၌ ဒကာတချို့ ကျောင်းသို့ရောက်လာကြပြီး မဏ္ဍပ်ထိုးခြင်း၊ အခမ်းအနားပြင်ဆင်ခြင်း အမှုကိုကြိုတင်ပြုလုပ်ကြပါသည်။ သူတို့ ယူလာကြသော တမာရွက်၊ ကွမ်းရွက်နှင့် တခြားမည်သည့်အရွက်မှန်း မိမိ မသိသော အရွက်များကို ရောပြီး ဆုံဖြင့်ထောင်းကာ သတ္ထုရည်များညှစ်ယူ၍ စတီးအိုးကြီးဖြင့် ထည့်ထားကြ၏။ နေ့လည်အချိန်၌ ကျောင်းသို့ လူကြီးလူငယ် ရှိသမျှအားလုံး နီးစပ်ရာကျောင်းသို့ သွားရောက်ကြ၏။ လူစုံလောက်သောအချိန်၌ ဘုရားရှေ့တွင် ပရိတ်သတ်များ မတ်တပ်ရပ်လျှက် လက်အုပ်ချီကာ ငြိမ်သက်စွာနေကြ၏။ ပရိတ်သတ်ရှေ့တွင် သူတို့ထောင်းထားသော တမာရွက်စသော သတ္ထုရည်အိုးနှင့် အုန်းဆီအိုးကို ခင်းကျင်းတည်ထား၍ အနုပညာသမားများသည် တူရိယာများဖြင့် တီးမှုတ်ကြကာ ကျောင်းသူ ကျောင်းသားများက ဓမ္မတေးဖြင့် ဖျော်ဖြေကြပြီး ဂုဏ်တော်ဘွဲ့တေးဖြင့် ဗုဒ္ဓကို ချီးကျူးပူဇော်ကြ၏။
သူတို့ပူဇော်ပြီး မင်္ဂလာချိန်ရောက်သောအခါ လက်အုပ်ချီ၍ ရပ်နေကြသော ပရိတ်သတ်ရှေ့တွင် ဘုန်းကြီးများက မတ်တပ်ရပ်လျှက် ငါးပါးသီလ ဆောက်တည်စေ၏။ ထို့နောက် ပရိတ်များရွတ်ဖတ်ကြ၏။ ပရိတ်ရွတ်ဖတ်ပြီးသောအခါ ဘုန်းကြီးများ တစ်ပါးစီ နှစ်သစ်ကူးဆုတောင်းမှုကို ပြုကြ၏။ သူတို့ တစ်ပါးပြီး တစ်ပါး အလှည့်ကျ ဆုတောင်းရင်း စာရေးသူအလှည့်သို့ရောက်လာ၍ လောကု(ကျောင်းထိုင်) က မိမိအား မိုက်ခရိုဖုန်း ထိုးပေးရာ အကြောင်းမသိ၍ ကြိုတင်စီစဉ်မှုမရှိ သီဟိုဠ်စကားမရသော မိမိအဖို့ အခက်ကြုံရ၏။ ပရိသတ်ရှေ့ မိုက်ကြီးကိုင်ပြီး ဘာပြောရမည်ကို မသိသဖြင့် စိတ်ထဲပေါ်လာသော စည်တော်ကြီးကိုရွတ်ဆိုလိုက်၏။
“အောင်မြန်မာ…..အောင်ဂါထာ….အောင်ရာနိမိတ်ကယ်…ထွန်းပေလို့ဗျာ….။ အောင်ရပ်ကယ် သာသလေး…..အောင်ရာဘိမယွင်း…ရိုင်းပင်းကာ ကူညီပေး..တယ်...ကဗျာဆရာ..ဆွေသုဝဏ်ပါဗျာ..သွင်းဆိုသည့်စာ……” ဟု ရွတ်ဆိုလိုက်ရာ သူတို့နားမလည်ကြသော်လည်း အလွန်နားထောင်၍ကောင်းကြောင်း အခမ်းအနားအပြီး၌ လာရောက်လျှောက်ထားကြ၏။
သံဃာများ အသီးအသီး နှစ်သစ်ကူးဆုတောင်းကြပြီးသောအခါ ပရိသတ်များတန်းစီ၍ ဘုန်းကြီးရှိရာသို့လာကြ၏။ ထိုပရိသတ်ကို ဘုန်းကြီးများက ခေါင်းဆေးမင်္ဂလာပြုလုပ်ပေး၏။ တမာရွက်စသည်ဖြင့် ပြုလုပ်ထားသော သတ္ထုရည်နှင့် အုန်းဆီကို လက်ဖြင့်စိမ်ယူကာ သူတို့ခေါင်းကို ပွတ်ပေးခြင်းဖြစ်၏။ ထိုခေါင်းဆေးမင်္ဂလာပြုပြီးသောအခါ ဘုရားများ၊ ဗောဓိပင်များ၌ှဆီမီးပူဇော်ခြင်း၊ ပန်းပူဇော်ခြင်း၊ ကွမ်းရွက်ပူဇော်ခြင်းများကို အထူးတလည်ပြုလုပ်ကြပါသည်။ ထိုနေ့၌ တနေကုန် (သူတို့ အခေါ် လက်ကီးဒိုင်း) ဗြောက်ဖောက်ခြင်း၊ မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်းများကို ပြုလုပ်ကြပါသည်။ အထူးအားဖြင့် နှစ်သစ်ကူးပြောင်းချိန်၌ တနိုင်ငံလုံး ဆူညံပွက် ဘ၀ဂ်ညံအောင် နားကွဲမတတ် ဗြောက်ဖောက်ကြသည်။ ကောင်းကင်တပြင်လုံး မီးရှူးမီးပန်းများဖြင့် လင်းဖြာလျှက်ရှိနေသည်မှာ အံ့မခန်း ရှုမြင်ရပါသည်။ ဤကား 2008 ခု ကုလားကျောင်း၌ မိမိ၏ မြင်ကွင်းတည်း။
ဒီနှစ် (2009) ၌ လည်း မကုဋမြန်မာကျောင်း၌ မြန်မာရဟန်းတော်များ မြန်မာမှုမြန်မာ့ ဟန်ဖြင့် နှစ်သစ်ကူးပွဲ ပြုလုပ်ကြပါသည်။ မုန့်လုံးရေပေါ်နှင့် ဗူးသီးကြော်များ ပြုလုပ်ကျွေးမွေး စားသောက်ကြခြင်း၊ ကံစမ်းမဲဖောက်ခြင်းတို့ကို နံနက်အချိန်၌ ပြုလုပ်ကြပါသည်။ ကံစမ်းမဲ၌ ပေါက်မဲအနည်းငယ်သာ ထည့်နိုင်သော်လည်း ဟာသ မဲများပါဝင်သဖြင့် အလွန်ပျော်ရွှင်စရာကောင်းလှပါသည်။ ဟာသမဲ၌ “ပြည်တန် ပတ္တမြားလုံး အရွယ် ချိုချဉ်ပါဘုရား၊ ကုလားမကိုကဲချင်တော့ ပေါက်မဲနှင့်လွဲမှာပေါ့၊ ဂုဏ်တော်ပုတီးစိပ်လိုက်ပါအုံး” စသည်ဖြင့် ဟာသမဲကိုဖတ်လိုက်တိုင်း တသောသောရယ်မောကြရ၏။ မဲအစီအစဉ်အပြီး တစ်ဦးနှင့် တစ်ဦး ရေလောင်းကြ အိုးမဲဖြင့်သုတ်ကြ နောက်ကြ ပြောင်ကြနှင့် အလွန်ပျော်စရာကောင်းလှ၏။ တစ်နှစ်တာ ညောင်းညာခဲ့သမျှ တနေ့တာ ပက်ဖြန်းသော သင်္ကြန်ရေဖြင့် မောပန်းမူးဝေ ညောင်းညာကိုက်ခဲ အကုန်ပျောက်သွားရသည်ဟုထင်မိ၏။ မိမိအနေဖြင့် ဤမျှလောက် တစ်ကြိမ်တစ်ခါမှ မပျော်ရွှင်ခဲ့ရဖူးပါ။ မြန်မာပြည်၌ နှစ်ပေါင်းများစွာ ကျော်ဖြတ်လာခဲ့တာ ပြက္ခဒိန်အစောင်လေးဆယ်ခန့်ဆွေးသွားပြီဖြစ်သော်လည်း ငယ်ရွယ်စဉ်မှ စ၍ သင်္ကန်းဝတ်ခဲ့ရပြီး ထိမ်းချုပ်မှုအောက်၌ ကြီးပြင်းလာခဲ့ရတာဖြစ်လို့ ဤပျော်ရွှင်မှုမျိုးကို တခါမှ မရခဲ့ဘူးခြင်းဖြစ်သည်။
“ဘုန်းကြီးအချင်းချင်း ရေပက်ရတာ ပျော်စရာလား” ဟု မေးဖွယ်ရှိ၏။ မြက်နုမရှိသော အညာဒေသ၌ သစ်ရွက်ခြောက်ကိုသာ စားရရှာသော နွားများသည်လည်း အာဟာရဖြစ်၍ ရှင်သန်နိုင်ကြပါသည်။ သူတို့ မြက်နုကို စားချင်ရှာမှာပါ။ သို့သော် ဘ၀ပေးအခြေအနေအရ သူ့နည်းသူ့ဟန်ဖြင့် နေနိုင်ကြရမြဲဟု ဆိုချင်ပါသည်။
ကုသိုလ်၊ ဥစ္စာ၊ ပညာ တခုခုမရရှိသောနေ့သည် လူဖြစ်ရှုံးသောနေ့ဖြစ်၏။ ပညာရှိများ ဆိုစကားနှင့်အညီ ဒီနေ့အဖို့ မိမိတို့ လူအဖြစ်အရှုံးမခံနိုင် ထို့ကြောင့် ကျေးဇူးရှင် မြန်မာပြည်သူ ပြည်သားများကို ကျေးဇူးဆပ်သောအနေဖြင့် သံဃာများကို ဆွမ်းကပ်လှူဒါန်းခြင်း၊ ဘုရားခန်းကိုသန့်ရှင်းခြင်း၊ ဆေးသုတ်ခြင်း၊ ဘုရားကိုရေသပ္ပါယ်ခြင်း၊ ဗောဓိပင်ကိုရေလောင်းခြင်း၊ ဘုရားကိုဆီမီးပူဇော်ခြင်း၊ မြန်မာသံဃာအားလုံးစုပေါင်း၍ ဘုရားအနေကဇာတင်ခြင်း၊ ပရိတ်ရွတ်ဖတ်ပူဇော်ခြင်း၊ မြန်မာပြည်အတွက်ဆုတောင်းခြင်း၊ အမျှဝေခြင်းများကို တညီတညွတ်တည်း စုပေါင်း၍ ပြုလုပ်ကြပါသည်။
သီရိလင်္ကာသင်္ကြန်ပွဲကား လွမ်းမောဖွယ်ကောင်းစွ တကား……………။

တက္ကသိုလ် ဆွေသုဝဏ်
MSMA

0 comments:

Post a Comment