Apr
Wednesday,
29,

စစ်ဘေးဒဏ်သင့် တမီးဒုက္ခသည်များအား မြန်မာရဟန်းတော်များကူညီ


29-4-2009



သီရိလင်္ကာနိုင်ငံ ပါလီမန်အမတ်များဖြစ်တော်မူကြသော ဆရာတော် အသုရုဂိရိယ ရေ၀တထေရ် နှင့် သောဘိတထေရ်တို့၏ အကူညီတောင်းခံ တောင်းပန်မှုကြောင့် မိမိတို့ မြန်မာရဟန်းတော်များ တမီးဒုက္ခသည်များအတွက် သီရိလင်္ကာသံဃာများနှင့်တကွ မြို့ထဲ ဆွမ်းစိမ်းအလှူခံထွက်ခဲ့ကြပါသည်။

ယနေ့ ညနေ(၃)နာရီမှစ၍ မကုဋကျောင်းမှ ထွက်ခဲ့ကြပြီး ညနေ(၆)နာရီခွဲခန့် ပြန်လည်ရောက်ရှိခဲ့ကြပါသည်။ မြို့ထဲ စုရပ်တစ်ခု၌ သံဃာများစုစည်းကြ၏။ ထိုစုရပ်သို့ မိမိတို့ ရောက်ရှိချိန်၌ သီရိလင်္ကာသံဃာများ အစုံအလင်ရောက်နှင့်ကြပြီးဖြစ်၏။ သတင်းထောက်များက ဓာတ်ပုံများ၊ ဗွီဒီယိုများဖြင့် မှတ်တမ်းတင်ရိုက်ကူးကြပါသည်။ သတင်းမီဒီယာသမားတို့သည် ဆွမ်းခံခြင်းနှင့်ပတ်သက်၍ မေးမြန်းကြရာ ဦးဆောင်ဆရာတော်သုံးပါးက အသီးသီးဖြေကြားကြပါသည်။
ပါလီမန်အမတ် ဆရာတော်အသုရုဂိရိယ ရေ၀တထေရ်ကို မေးမြန်းရာ၌“ သောင်းကျန်းသူရဲ့လက်အောက် စစ်ဘေးဒဏ် ဒုက္ခအကြားမှ လွတ်မြောက်လို၍ ထွက်ပြေးလာကြတဲ့ တမီးလူမျိုး ဒုက္ခသည်များကို ကူညီစောင့်ရှောက်ချင်လို့ အခုလို သံဃာများက အလှူခံပေးရခြင်းဖြစ်ပတယ်၊ ဘုန်းကြီးတို့ဟာ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးရယ်လို့ အစွန်းရောက် တယူသန် အစွဲမရှိပါဘူး။ ဒုက္ခရောက်နေသူမှန်သမျှကို တတ်နိုင်တဲ့ဘက်က စောင့်ရှောက်ကူညီရမယ်ဆိုတာ အမြဲတမ်းနှလုံးသွင်းလျက်ပါ။ ဒုက္ခသည်များအတွက် စိတ်မကောင်းဖြစ်ရသော်လည်း ကူညီထောက်ပံ့ စောင့်ရှောက်ခွင့်ရတဲ့အတွက် ကျေနပ်ပီတိဖြစ်မိပါတယ်” စသည်ဖြင့်ပြောသွား၏။
တဖန် သီရိလင်္ကာ ပါလီမန်အမတ် တစ်ပါးဖြစ်သူ ဆရာတော် သောဘိတထေရ်ကိုမေးမြန်းရာ၌ “ဘုန်းကြီးတို့ဟာ သဗ္ဗေသတ္တာ ဘ၀န္တု သုခိတတ္တာ-ဟု ၀စီကံနှင့် မနောကံတို့ဖြင့် နေ့စဉ်နှင့်အမျှ မေတ္တာပို့နေတာပါ၊ အခုတော့ ကာယကံမြောက် ကူညီထောက်ပံ့ခွင့်ရတဲ့အတွက် အတိုင်းမသိ ၀မ်းမြောက်မိပါတယ်။ ဗုဒ္ဓဟာ ပိဏ္ဍာစာရိက၀တ် (ဆွမ်းခံမှု)ကို ချီးကျူးတော်မူပါတယ်။ အခုလည်း ဘုရားချီးကျူးတော်မူတဲ့ ဆွမ်းဝတ်နဲ့ ကူညီထောက်ပံ့ရတာဖြစ်လို့ အင်မတန်မွန်မြတ်လှတဲ့ ကူညီမှုဘဲလို့ ယုံကြည်လက်ခံပါတယ် ”စသည်ဖြင့်ပြောသွား၏။
တဖန် မြန်မာရဟန်းတော်များ၏ ကိုယ်စားလှယ် ဦးသောဘနကို မေးမြန်းရာ၌ “မြန်မာရဟန်းတော်များအနေဖြင့် အခုလို စစ်ဘေးဒုက္ခသည်များကို ကူညီခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ အခုလို ကူညီတာဟာ စစ်ဘေးဒုက္ခသည်များကိုမက မြန်မာစာသင်သားများအတွက် အစစ အရာရာ ကူညီပေးလျက်ရှိသော သီရိလင်္ကာဆရာတော်တွေကိုလည်း ကူညီရာရောက်တယ်လို့ ယုံကြည်ပါတယ်။ မိမိတို့ဟာ များစွာသောကုန်ကျမှုဖြင့် စာပေသင်ကြားနေရတာဖြစ်လို့ ကုန်ကျမှုနှင့်တန်အောင် စာကိုပဲမနေမနား အဓိကထားကာ ကြိုးစားနေရတာဖြစ်လို့ ဆရာတော်များအား အထူးတလည် ဘာတစ်ခုမှ မကူညီနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ်။ သီရိလင်္ကာဘုန်းကြီးများဟာ မြန်မာစာသင်ရဟန်းတော်များကို အစစ အရာရာ အဆင်ပြေအောင် ကူညီရုံမျှမက မြန်မာနိုင်ငံ၌ နာဂစ်ဘေးဒုက္ခရောက်စဉ်ကလည်း သီရိလင်္ကာနိုင်ငံသူ နိုင်ငံသားများနဲ့ စုပေါင်းပြီး ကူညီခဲ့ကြတာဖြစ်လို့ များစွာကျေးဇူးတင်ပါတယ်။ မိမိတို့ မြန်မာရဟန်းတော်များအနေဖြင့် အခုလိုကူညီခွင့်ရတာ များစွာဝမ်းမြောက်ပါတယ်” ဟု ပြောသွားပါသည်။
ထိုဆွမ်းစိမ်းအလှူခံပွဲကို ကိုလံဘိုမြို့ရှိ အထက်ပါ ပါလီမန်အမတ်နှစ်ပါးက ဦးဆောင်ပြုလုပ်ကြခြင်းဖြစ်၏။ သတင်းမီဒီယာသမားများ မှတ်တမ်းတင်ပြီးသည်နှင့်တပြိုင်နက် (၄)နာရီတိတိအချိန်မှစ၍ မြို့ထဲ၊ ဈေးထဲ၌ တန်းစီ၍ အလှူခံထွက်ကြပါသည်။ သုံးမိုင်ခရီးမျှ ခြေလျင်သပိတ်ပိုက်ကာ အလှူခံထွက်ကြပါသည်။ များသောအားဖြင့် အ၀တ်အထည်များ၊ စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်များကို တော်တော်များများ လှူဒါန်းနေကြတာကို မြင်တွေ့ရ၏။ ဆွမ်းစိမ်းခံ ကိစ္စအပြီး၌ ဦးဆောင်ဆရာတော်များက မြန်မာရဟန်းတော်များကို အခုလိုကူညီပေးတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း မြန်မာရဟန်းတော်များ အကူညီလိုအပ်ပါက မိမိတို့ အနေဖြင့် ကူညီပေးရန်အသင့်ရှိကြောင်း စသည်ဖြင့် ၀မ်းမြောက်စကား၊ ကျေးဇူးတင်စကား မိန့်ကြားကြပါသည်။
မိမိတို့မြန်မာရဟန်းတော်များသည် အလွန်မွန်မြတ်သောစေတနာသန့်သန့်ဖြင့် ကူညီပေးခဲ့ကြပါသည်။ တခြားမည်သည့်အခွင့်အရေးကိုမျှ မမျှော်လင့်ပါ။ တမီးဒုက္ခသည်များအတွက် ထိုသို့သော ကျေးဇူးတုန့်ပြန် ကူညီမှုမျိုးဖြင့် (25-4-2009)ရက်ကလည်း ကူညီခဲ့ကြပြီးဖြစ်၏။ နောက်ထပ်လည်း အကူညီတောင်းထားတာ ရှိသေးကြောင်းသိရ၏။
စာပေသင်ကြားမှုအကြား၌ ဤသို့သော အပြန်အလှန်ကူညီပေးမှုကား ကင်း၍မရပါ။ ဘုရားဟောတဲ့ တရားသဘောကိုက အညမညပစ္စယောတဲ့။
(တက္ကသိုလ်-ဆွေသုဝဏ်)
MSMA

0 comments:

Post a Comment