ငြိမ်းချမ်းရေးဗိသုကာစတင်တည်ထောင်သောနေ့ (သို့) မဟာသမယအခါတော်နေ့

နယုန်လပြည့်နေ့
ဒီနေ့ဟာ နယုန်လပြည့်နေ့ ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအားလုံးသိကြမှာပါ။ ဒါပေမယ့် နှစ်ပေါင်း(၂၅၀၀)ကျော်လောက်က အဖြစ်အပျက်တခုကိုတော့ ခပ်ရေးရေးမေ့နေလောက်ပြီထင်လို့ ဦးဇင်းတင်ပြလိုက်ပါတယ်။ ဒီနေ့ဟာ မဟာသမယ အခါတော်နေ့ပါ။ ကြီးကျယ်မြင့်မြတ်သောနေ့လို့ခေါ်ရမှာပေါ့။ မြတ်စွာဘုရားရှင်လက်ထက်က ကပိလ၀တ်နဲ့ ကောလိယ နှစ်ပြည်ထောင်တိုင်းသူပြည်သားတွေဟာ ရောဟဏီမြစ်ရေကိုအကြောင်းပြုပြီး တစ်ပြည်နဲ့ တစ်ပြည် စစ်ရေးအရ တိုက်ခိုက်ဖို့ စိုင်းပြင်းနေကြတာပါ။ အဲဒီအချိန်မှာ မိုးခေါင်ရေရှားတဲ့အချိန်ကာလနဲ့တိုက်ဆိုင်လို့ ရောဟဏီမြစ်ရေတောင်ခန်းခြောက်လုနီးပါးဖြစ်နေပါပြီ။ စိုက်ပျိုးရေးအတွက် အလွန်အင်မတန် ရေလိုအပ်နေလို့ အသက်ကိုတောင်ပဓာနမထားဘဲ ရေအတွက်နဲ့ စစ်တိုက်ဖို့ ဆုံးဖြတ်ကြတော့တာပါ။ တကယ်တမ်း ဆန်းစစ်ကြည့်ရင် ကပိလ၀တ်နဲ့ ကောလိယဆိုတာ တကယ့်ဆွေမျိုးတိုင်းပြည်တွေပါ။ ရန်ဖြစ်ကြပြီ ဆိုကတည်းက ဟိုဘက်နဲ့ ဒီဘက် ငယ်ကျိုး ငယ်နာတွေဖော်ပြောပြီး စကားနာထိုးကြတာ သဘာဝပေါ့လေ။ သူတို့လည်း ဒီအတိုင်းပါဘဲ။ သူရသင့်တယ် ငါရသင့်တယ် စသည်ဖြင့် စကားစစ်ထိုးရင်းကနေ စစ်တိုက်ဖို့အခြေအနေထိ ရောက်ရှိလာတော့တာပေါ့။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင် ရောက်ရှိတော်မူလာပြီး ဒုတ် ဓား လက်နက်တွေကို ဘာ့ကြောင့်သယ်ဆောင်လာကြသလဲလို့ မေးတော်မူပါတယ်။ ရေအတွက် စစ်တိုက်ဖို့ သယ်ဆောင်လာကြပါတယ်ဘုရားလို့ဖြေတာပေါ့။ ဒါနဲ့မြတ်စွာဘုရားက ရေ နဲ့ လူ့အသက်ဟာ ဘယ်ဟာက ပိုပြီးတန်ဖိုးကြီးမားသလဲလို့မေးတော်မူပြန်ပါတယ်။ လူ့အသက်ကပိုပြီးတန်ဖိုးကြီးကြောင်းကို လျှောက်ထားတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က တန်ဖိုးမရှိတဲ့ရေအတွက်နဲ့ တန်ဖိုးကြီးမားတဲ့ လူ့အသက်တွေကို မဆုံးရှုံးသင့်တဲ့အကြောင်းကို ဟောပြောပြသ ဆိုဆုံးမတော်မူခဲ့ပါတယ်။ နှစ်ပြည်ထောင်မင်းသားတွေဟာ မြတ်စွာဘုရားဆိုဆုံးမနေချိန်မှာ ဒုတ် ဓား လက်နက်တွေကိုချပြီး ``သူတို့လာပြီးသတ်လဲ ဒို့ အသေခံလိုက်မယ်´´ ဆိုတဲ့စိတ်တွေနဲ့ တရားနာယူကြပါတယ်၊ တဖက်နဲ့ တဖက် အဲဒီလိုအတွေး ကိုယ်စီနဲ့ တရားနာကြတာပါ။ အဆုံးမှာတော့ နှစ်ပြည်ထောင်ငြိမ်းချမ်းရေးရပြီး ကပိလ၀တ်ဘက်မှ မင်းသား (၂၅၀) ကောလိယဘက်မှ မင်းသား (၂၅၀)စီ မြတ်စွာဘုရားအထံတော်မှာ ရဟန်းပြုကြပါတယ်။ ဒါပေမယ့် အဲဒီရဟန်းတော်တွေဟာ သာသနာ့ဘောင်မှာမပျော်ပိုက်ဘူးဆိုတာကို မြတ်စွာဘုရားသိတော်မူတာနဲ့ ဟိမဝန္တာတော အတွင်းက အလွန် မွေ့လျော်ဖွယ်ကောင်းတဲ့ ကုဏ္ဍလာအိုင် သို့ခေါ်ဆောင်ကာ ဂါထာသုံးရာဖြင့်တန်ဆာဆင်အပ်သော--ကုဏ္ဍလငှက်မင်းရဲ့ ဇာတ်ကြောင်းကိုဟောကြားတော် မူခဲ့ပါတယ်။ အဲဒီဇာတ်တော်အဆုံးမှာ ရဟန်း(၅၀၀)ဟာ သောတာပတ္တိဖိုလ်တည်တော်မူကြပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟာ ရဟန်းတော် (၅၀၀)နဲ့အတူ ကပိလဝတ် ပြည်ရဲ့အနီးမှာရှိတဲ့ မဟာဝုန်တော ကို ကြွချီတော်မူခဲ့ပါတယ်။ မဟာဝုန်တောမှာဘဲ သင့်တော်ရာကမ္မဋ္ဌာန်းကိုပေးတော့ မကြာမြင့်တဲ့ကာလအတွင်းမှာ အရဟတ္တဖိုလ် ကို ဆိုက်ရောက် တော်မူကြပါတယ်။ အဲဒီရဟန်း(၅၀၀)တို့ဟာ မိမိ တို့ရရှိထားတဲ့ တရားထူးကို လျှောက်ထားဘို့အတွက် နဲ့ ဘုရားရှင်ကို ဖူးမျှော်ရန်အတွက် နယုန်လပြည့်ညချမ်း မှာ စုရုံးရောက်ရှိ လာကြပါတယ်။ အဲလိုထူးခြားစွာ ကြည်ညိုဖွယ် ရာသံဃာ့ အစည်းအဝေးကို တွေ့မြင် ဖူးတွေ့ ကြည်ညိုလိုကြကုန်သော နတ်၊ ဗြဟ္မာ၊ အသုရာ၊ ဂဠုန်၊ နဂါးတို့ တွေဟာ မဟာဝုန်တော ကို စုရုံးရောက်ရှိလာကြပါတယ်။ အဲလို ပရိသတ်တွေစုဝေးတဲ့အချိန်မှာ မြတ်စွာဘုရားရှင်ဟာ တရားနာရောက်ရှိလာသော နတ်၊ ဗြဟ္မာ တွေရဲ့ အမည် အမျိုးအနွယ်တို့ကို ရဟန္တာ(၅၀၀)နှင့် နတ်ဗြဟ္မာများကို သိစေလိုတဲ့အတွက် အမျိုးတူအလိုက်စုပေါင်းကာ အမျိုးအနွယ်တစ်ခုချင်းစီကို ဖော်ထုတ်ပြီး နှုတ်ခွန်းဆက်စကား မိန့်ကြားတော်မူပြီးမှသာ မဟာ သမယသုတ်တော်ကြီးကို ဟောကြားတော်မူခြင်းဖြစ်ပါတယ်။ နတ်၊ ဗြဟ္မာတွေရဲ့အမည်တွေကို နှုတ်ဆက်စကားမိန့်ကြားတော်မူပြီးတဲ့နောက်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟာ စရိုက်(၆)ပါးနဲ့ စပ်လျဉ်းတဲ့ တရားတော်များကိုဟောကြားတော်မူပါတယ်။ အဲဒီတရားတော်များကတော့…
၁။ရာဂစရိုက်-အားကြီးသူအတွက်---(သမ္မာပရိဗ္ဗာဇနိယသုတ်)
၂။ဒေါသစရိုက်-အားကြီးသူအတွက်---(ကာလဟဝိဝါဒသုတ်)
၃။မောဟစရိုက်-အားကြီးသူအတွက်---(မဟာဗျူဟသုတ်)
၎။ဝိတက်စရိုက်-အားကြီးသူအတွက်---(စူဠဗျူဟသုတ်)
၅။သဒ္ဓါစရိုက်-အားကြီးသူအတွက်---(တုဝဋကသုတ်)
၆။ပညာစရိုက်-အားကြီးသူအတွက်---(ပုရာဘေဒသုတ်) တရားတော်တို့ကို ဟောကြားတော်မူခဲ့ပါတယ်။
တရားတော်ရဲ့အဆုံးမှာ နတ်၊ ဗြဟ္မာပေါင်း ကုဋေတစ်သိန်း ရဟန္တာဖြစ်ကြပြီး အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်ဖြစ်သွားကြတဲ့ နတ်၊ ဗြဟ္မာပေါင်းကတော့ မရေတွက်နိုင်လောက်အောင်ပါဘဲ။ ဒါ့ကြောင့် ဒီနေ့ဟာ အင်မတန်ထူးမြတ်တဲ့ ငြိမ်းချမ်းရေးရရှိသောနေ့ ဆိုရင် မှားမည်မထင်ပါဘူးလို့တင်ပြရပါတယ်။ ။
လင်္ကာဒီပအရှင်

0 comments:

Post a Comment