ဆိုဆုံးမ၍ လွယ်ကူခြင်းသည် မင်္ဂလာတပါးဖြစ်၏

၅-၆-၂၀၀၉
ဤလောက၌ များစွာသော လူတို့သည် မိမိ၏မှားယွင်းမှုကို အကျိုးလိုလားသူ တစ်စုံတစ်ယောက်က စေတနာကောင်းဖြင့် သတိပေးပြောပြလျှင် ကြည်ကြည်ဖြူဖြူ နာယူလက်ခံလေ့မရှိကြပေ။ မိမိ၏ အမြင်အသိ အယူအဆ၌သာ ကုတ်ကုတ်ကျစ်ကျစ် ဖက်တွယ်ဆုပ်ကိုင်ကာ အစွဲအလမ်းကြီးကြလေသည်။ ဝေဖန်စိစစ်မှု ၀ိဘဇ္ဇဥာဏ်ရှိထားသူ အချို့မှာမူ ယင်းသို့မဟုတ်ပေ။ မိမိ၏ သတိလစ်ဟင်း မှားယွင်းမှုကို တစ်စုံတစ်ယောက်သောသူက ထောက်ပြညွှန်းဆိုလာလျှင် ၀မ်းပန်းတသာ မှတ်ယူလက်ခံ၏။ ``မြုပ်ကွယ်နေသော ရတနာရွှေအိုးကြီးကို ဖော်ထုတ်ပေးလိုက်သည့်အလား ကျေးဇူးများလှပေသည်´´ ဟု ကြည်ဖြူနှစ်ခြိုက်သဘောပိုက်လေ၏။ ထိုသူများသည်သာ မျက်မှောက်သံသရာ၌ ချမ်းသာကောင်းကျိုး စည်ပင်ပွားတိုးမည်ဟု ပညာရှိသူတော်ကောင်းတို့ ကျူးရင့်ညွှန်းဆိုကြလေသည်။ ယင်းသည့်အချက်နှင့် စပ်လျဉ်း၍ အလေးထားမှတ်သားနာယူဖွယ်ရာ ဗုဒ္ဓပိဋကတော်လာ ဖြစ်ရပ်ကို အကျဉ်းမျှ ဖော်ပြလိုက်ရပေသည်။
ကောသလတိုင်း တောအုပ်တစ်ခု၌ သီတင်းသုံးနေလျှက်ရှိသော ရဟန်းတော်တစ်ပါးသည် တစ်နေ့တွင် ဆွမ်းခံရာအပြန် ရေကန်ထဲသို့ဆင်းကာ ကြာပန်းတို့၏ မွှေးရနံ့ကို ရှူရှိုက်နေမိ၏။ မရှေးမနှောင်းကာလမှာပင် ရသေ့တစ်ဦးရောက်လာကာ ထိုကန်ထဲမှ ကြာရိုး ကြာစွယ် ကြာပန်းများကို ချိုးဖြတ်ယူနေ၏။ ထိုအခိုက် တောစောင့်နတ်က ``အို- အရှင်ရဟန်း၊ ကြာပန်းကိုနမ်းရှူဘိ၏။ အရှင်သည် အနံ့သူခိုးပါတကား´´ ဟုပြစ်တင်ပြောကြားလေသည်။ ထိုအခါ ရဟန်းက ``အသင် တောစောင့်နတ် ငါသည် ကြာပန်းကို ထိရုံမျှပင်မထိ၊ အနံ့ကိုရှူရုံမျှဖြစ်ပါလျှက် အနံ့သူခိုးဟု ဘာကြောင့် ဆိုရသနည်း။ ကြာရိုး၊ ကြာစွယ် ကြာပွင့်တို့ကို ချိုးဖြတ်ယူသူကိုတော့ ဘာကြောင့် ကြာသူခိုးဟု မဆိုသနည်း´´ ဟုမေး၏။ ``အရှင်ရဟန်း ၊ ထိုသူသည် ကိလေသာအညစ်အကြေးထူပြောနေသူဖြစ်၏။ တရားကျင့်နေသူမဟုတ်။ ထိုသူကို ကျွန်ုပ်ပြောဆိုရန်မရှိပါ။ အရှင်ရဟန်းသည်ကား အမြိုက်တရားကို ရှာဖွေကျင့်သုံးနေသူဖြစ်ရာ အမွှေးရနံ့၌ သာယာစွဲမက်မိလျှင် ဂန္ဓတဏှာတည်းဟူသော တစ္ဆေသရဲ၏ ခြောက်လှန့်ခြင်းကို ခံရပေတော့အံ့။ အဘယ်သို့လျှင် တရားကျင့်သုံးနိုင်ပါတော့မည်နည်း´´ ဟုတောစောင့်နတ်က ပြန်ပြောလေသည်။ ထိုအခါ ရဟန်းသည် သဘောသက်ဝင် လက်ခံရုံမျှမက နောင်အခါ အပြစ်တွေ့က ပြောပြရန်ပင် ဖိတ်မန္တကပြုလိုက်လေသည်။ ။
ထို့ပြင် မိမိထက် အသက်သိက္ခာ ရာထူး ဂုဏ်သိမ်၊ စည်းစိမ်ဓန ကြီးမားသည့်ပုဂ္ဂိုလ်ကဖြစ်စေ၊ တန်းရည်တူ ပုဂ္ဂိုလ်ကဖြစ်စေ၊ နိမ့်ကျသည့် ပုဂ္ဂိုလ်ကပင်ဖြစ်စေ မိမိ၏ အကျိုးကိုလိုလား၍ မိမိ၏ လိုအပ်ချက်ကို ထောက်ပြဆုံးမလာလျှင် မိမိအနေဖြင့် ကြည်ဖြူစွာလက်ခံရမည်သာ ဖြစ်ပေသည်။ ယင်းအချက်ကို မန်လည်ဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း လမ်းညွှန် ဆုံးမတော်မူခဲ့ပါသည်။
``နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ၀မ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့´´

လင်္ကာဒီပအရှင်

0 comments:

Post a Comment