မေတ္တာသံတမန်

လောကမှာ မေတ္တာဆိုတာ သာမန်အနေနဲ့မမြင်ရပေမယ့် အချင်းချင်းဆက်သွယ်မှုလေးတော့ရှိတယ်ဆိုတာ လက်ခံရမယ်လေ။ မေတ္တာဟာ အဆင်း၊ အနံ့၊ သဏ္ဌာန်မရှိပေမယ့် ငြိမ်းချမ်းမှု၊ စိတ်ကြည်နူးမှုတွေကို လက်တွေ့ပေးဆပ်နိုင်ပါတယ်။ လူသားအချင်းချင်းမဆိုထားနဲ့ တိရစ္ဆာန်နဲ့ လူသားကြားမှာတောင်မှ မေတ္တာဟာ အန္တရာယ်ကင်းမှု၊ ငြိမ်းချမ်းမှု၊ ကြည်နူးမှုတွေကို ပေးတတ်တာတွေကို ကျွန်ုပ်တင်ပြလိုပါတယ်။
ကျွန်ုပ် သီရိလင်္ကာသို့ရောက်ပြီး တစ်လကျော်ကျော်လောက်မှာ ကျောင်းစဖွင့်လို့ လိုင်းကားနှင့် ကျောင်းသို့သွားခဲ့ပါတယ်။ ရောက်စမို့ လိုင်းကားစီးရတာ တော်တော်အခက်အခဲတွေ့ရပါတယ်။ ကျောင်းချိန်နှင့် လိုင်းကားစီးချိန်ကို ချိန်ဆလို့ မရသေးတာမို့ စိတ်ထဲမှာတော့ တထင့်ထင့်နဲ့ပေါ့။ လမ်းတစ်ဝက်လောက်အရောက်မှာ ဘရိတ်အုပ်သံနှင့်အတူ ကားရပ်သွားပါတယ်။ ကျွန်ုပ် ကားပျက်သွားတယ်ထင်လို့ ကားသမားကိုကြည့်မိတဲ့အခါ လေချွန်၍ ဒူးနန့်နေသော ကားသမားအမူအရာကြောင့် ကားပျက်တာမဖြစ်နိုင်လို့ ယူဆမိပါတယ်။ ဘေးဘယ်ညာကိုလှည့်ကြည့်တော့ အခြားကားများလည်း ရပ်နေတာကိုတွေ့ရပါတယ်။ ဒါဆိုမီးပွိုင့်မိနေတာသေချာပြီပေါ့ဟု တွေးထင်ကာ ရှေ့တူရူသို့ကြည့်လိုက်ပါတယ်။ ရှေ့မှာ မီးပွိုင့်နှင့်တူတာဆိုလို့ ခရမ်းချဉ်သီးတောင်မရှိပါဘူး။ ကျောင်းနောက်ကျပြီဆိုတဲ့ အသိစိတ်ဖျက်ကနဲ ခေါင်းထဲကိုဝင်လာပါတယ်။ ဒါ့ကြောင့် ကျွန်ုပ် နည်းနည်းစိတ်ပူလာပါပြီ။ ကားသမားကိုဘာ့ကြောင့်ရပ်တာလဲလို့ စိတ်တိုတိုနှင့်မေးပစ်လိုက်ချင်ပါတယ်။ ဒါပေမယ့် သူတို့ဘာသာစကားကို ကျွန်ုပ်မပြောတတ်ပါ။ အင်္ဂလိပ်လိုပြောရအောင်လည်း မတောက်တခေါက်သာပြောတတ်ပါတယ်။ ဒါနဲ့ ကားရဲ့ရှေ့ကို အသေအချာ ကြည့်မိတဲ့အခါ ပေါင်လုံးနီးပါးရှိတဲ့ ဖွတ်တစ်ကောင်ဟာ တရွေ့ရွေ့နဲ့ ကားလမ်းကိုဖြတ်ကူးနေတာကိုတွေ့ရပါတယ်။ တစ်ယောက်ယောက်ကဆင်းပြီး ဖွတ်ကိုမောင်းထုတ်ဖို့ကောင်းပါတယ် ခရီးမကြာသင့်ဘဲ ကြာမှာစိုးလို့ပါ(ကျွန်ုပ်အမြင်)။ ဆင်းမောင်းဖို့နေနေသာသာ ယုတ်စွအဆုံး ကားဟွန်းကိုတောင် မတီးကြပါဘူး။ မောင်မင်းကြီးသား လမ်းတဖက်ကို ရောက်မှ ကားများမောင်းထွက်ခဲ့ကြပါတယ်။ အဲဒီနေ့က ကျောင်းနောက်ကျခဲ့ရတယ်။ ကျောင်းကိုပြန်ရောက်လို့ စိတ်တိုတိုနှင့် သူငယ်ချင်းတွေကို အဲဒီအကြောင်း ပြောပြမိတာပေါ့။ စိတ်မတိုနဲ့ကိုယ့်လူရေ ဒါဟာ သီရိလင်္ကာ က လူတွေရဲ့ တိရစ္ဆာန်တွေအပေါ်မှာထားတဲ့ မေတ္တာတရားဘဲလို့ သူငယ်ချင်းတွေပြောပြတဲ့အခါ ကြည်နူးမိသလိုလိုနဲ့ ကြက်သီးမွှေးညှင်း ဖြန်းကနဲထမိပါတယ်။ ကားလမ်းပေါ်မြွေဖြတ်သွားလဲ ကားရပ်ပေးကြတယ်။ လမ်းလယ်မှာ နွားတွေအိပ်နေလဲ ရှောင်ကွင်းပြီးမောင်းသွားကြတယ်လေ။ ဘယ်လိုသတ္တ၀ါကိုမှ ညှင်းဆဲ သတ်ဖြတ်တာကိုမတွေ့ရဘူး။ အထူးဆန်းဆုံးကိုပြောပြမယ်ကိုယ့်လူ မီးရထားသံလမ်းဆိုတာ အခွင့်အရေးအပြည့်ရရှိထားတဲ့ လမ်းတခုပဲ။ တိရစ္ဆာန်မပြောနဲ့ လူတစ်ယောက် သံလမ်းပေါ်မှာရပ်နေလည်း ရထားလာရင် တိုက်ခွင့် နင်းခွင့် အပြည့်ရှိတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ သံလမ်းပေါ်နွားရောက်နေရင် ရထားရပ်ပေးတာကို ကိုယ်တွေ့ကြုံဖူးတယ်ကိုယ့်လူရေ။ ဒို့ မြန်မာကျောင်းသားတွေကတော့ အဲဒီနွားကို ရထားတိုက်ပြီလို့ ကြည့်ပြီး စိတ်ပူနေကြတာပေါ့။ ဒါပေမယ့် အနီးရောက်တော့ ရထားက ရပ်ပေးတယ်လေ။ ဒါဟာ အံ့သြစရာဘဲပေါ့ကွာ။ ဥပဒေနဲ့ အခွင့်အရေးနဲ့ဆုံးဖြတ်တာမဟုတ်ဘဲ မေတ္တာနဲ့ဆုံးဖြတ်လိုက်တာလို့ ကိုယ်တော့ယူဆတယ်ကိုယ့်လူရေ လို့ သူငယ်ချင်းများက ထပ်မံရှင်းပြကြပါတယ်။ သီရိလင်္ကာမှာ တိရစ္ဆာန် သတ္တ၀ါတွေကို သတ်ဖြတ်တာ ညှင်းဆဲတာတို့ လုံးဝ မလုပ်ကြပါဘူး။ တိရစ္ဆာန်တွေကလဲ လူတွေကိုကြောက်ပြီး ထွက်မပြေးကြတော့ပါဘူး။ အနေကြာလာတော့လဲ ဖွတ်တွေ၊ မျောက်တွေ၊ ဥဒေါင်းတွေက လူတွေကိုမကြောက်ရွံ့ပဲ အနီးကပ်မြင်တွေ့နေရတော့ ကျွန်ုပ်ရင်ထဲမှာ အမည်ဖော်ပြလို့ မရနိုင်တဲ့ ခံစားမှုတမျိုးဖြစ်ပေါ်လာမိတာပေါ့။ စေတုပါဝဲ(ယခုအခေါ်) စိတ္တလ ပဗ္ဗတ(ယခင်အခေါ်) တောင်ကို ကျွန်ုပ်တို့ ပဋ္ဌာန်းရွတ်သွားကြတုံးကပေါ့ လမ်းဘေးဝဲယာမှာ ဥဒေါင်းတွေ သမင်တွေ တောဆင်ရိုင်းတွေကိုတွေ့နေရတာပါပဲ။ ကားလမ်းရဲ့တဖတ်တချက်မှာတော့ လျှပ်စစ်ကြိုး ၃-၄ချောင်းကို စီပြီး ကားလမ်းတလျှောက်လုံး ကာထားတာကိုတွေ့ရပါတယ်။ အန္တရာယ်ပြုနိုင်မည့် တောရိုင်းသားကောင်တွေ လူတွေကို ရုတ်တရက်အန္တရယ်မပြုနိုင်အောင် ကာကွယ်ထားတာလို့ သိရပါတယ်။ စိတ္တလပဗ္ဗတ တောင်ပေါ်က တောရကျောင်းကိုရောက်တော့ ပထမဆုံးတွေ့ရတာက မျောက်အုပ်ပါပဲ။ ကားလာပြီဆိုတာနဲ့ ကားပေါ်ကိုအတင်းပြေးတက်ပြီး အစာတောင်းတော့တာပါပဲ။ နောက်ပြီးတော့ ရွှေသမင်လေးတစ်ကောင်ကိုတွေ့ရပြန်ပါတယ်။ တောရိုင်းသတ္တ၀ါလေးပါပဲ။ အားလုံးကို ယဉ်ပါးနေပါဘီ။ ဒါပေမယ့် ဒီရွှေသမင်လေးက လူတွေထက်ဘုန်းကြီးတွေကို သိပ်သံယောဇဉ်ရှိတဲ့ပုံပါပဲ။ ဘုန်းကြီးတွေနောက်ကို တကောက်ကောက် လိုက်နေတော့တာပဲ။ ဓာတ်ပုံတွဲရိုက်လဲ ထွက်မပြေးပါဘူး။ ရွှေသမင်လေးအကြောင်းကတော့ ပြောပြရင်ဆုံးမယ်မထင်ပါဘူး။ ပဋ္ဌာန်းရွတ်နေလဲ ရွတ်တဲ့ဘုန်းကြီးဘေးမှာ လာပြီးဝတ်နေတတ်တယ်။ ဘုန်ကြီးတွေ တရားထိုင်သွားရင်လဲ လှိုဏ်ဂူတွေဆီကိုရောက်အောင်လိုက်သွားတတ်ပါတယ်။ ညရောက်တော့ စွယ်စုံ တောဆင်ရိုင်းကြီးတစ်ကောင် ကျောင်းကိုအစာလာတောင်းတာ တွေ့ရပြန်ပါတယ်။ မြန်မာဘုန်းကြီတွေရော သီရိလင်္ကာဘုန်းကြီးတွေပါ အဝေးကနေ အစားအသောက်တွေ ၀ိုင်းကျွေးကြတာပေါ့။ အန္တရာယ်ပြုမည့် အရိပ်အယောင်မတွေ့ရပေမယ့် အဝေးကနေ ကျွေးဖို့ ကျောင်းထိုင်ဘုန်းကြီးက ပြောထားပါတယ်။ ဒီဆင်ရိုင်းကြီးက ညတိုင်းအစာလာတောင်းတတ်တယ်လို့ သိရပါတယ်။ ခဏတဖြုတ်ပဲ လာပြီး ပြန်သွားတတ်ပါတယ်။ ဒါပေမယ့် ဒီညမှာတော့ တော်တော်နဲ့မပြန်တော့ဘူး။ ည-၂-နာရီကျော်လောက်မှ ပြန်သွားပါတော့တယ်။ နောက်ပြီးတော့ ဆတ်သားအမိနှစ်ကောင်ကိုလည်း တွေ့ရပြန်ပါတယ်။ တောရိုင်းဆိုပေမယ့် လူတွေနဲ့ယဉ်ပါးနေပါပြီ။ အနီးအနားသွားပြီး အစာကျွေးလို့ရတယ်။ ခန္ဓာကိုယ်ကို ပွတ်သပ်ပေးလို့ရတဲ့အထိ ယဉ်ပါးနေပြီလေ။ ညဆိုရင်တောင်ပေါ်ကနေ တောင်အောက်ကို ကြည့်မိတော့ လသာသာမှာတောကျွဲရိုင်းအုပ်တွေ ရေသောက်ဆင်းလာတာကိုတွေ့ရပါတယ်။ ရေကန်ထဲမှာလဲ မိကျောင်းတွေ ၃၀-လောက်ရှိတယ်လို့သိရတယ်။ ညရောက်ရင် တောင်အောက်ကို တယောက်ထဲမဆင်းဖို့ကိုလည်း ကျောင်းထိုင်ဘုန်းကြီးက ပြောထားပါတယ်။ တောဝက်အုပ်တို့ ကျားတို့နဲ့ တွေ့မှာစိုးလို့်ပါ။ သူငယ်ချင်းတွေလဲ တောဝက်အုပ်နဲ့ ကြုံဘူးထားတယ်လေ။ အန္တရာယ်တော့မပြုပါဘူး။ တောရိုင်းတွေလို့ပြောပေမယ့် လူတွေကိုအန္တရာယ်ပြုသံတော့ မကြားရပါဘူး။ ကျွန်ုပ်နောက်ဆုံး တွေးတောစဉ်းမိတာက လူတွေကလည်း သူတို့ကို အန္တရာယ်မပြုသလို သူတို့ကလဲ လူတွေကိုအန္တရာယ်မပြုကြတာဟာ လူသားနဲ့ တိရစ္ဆာန်အကြားမှာ မေတ္တာသံတမန်များ ထားကြလေရော့သလားလို့ ကျွန်ုပ်တွေးမိပါတော့တယ်ခင်များ………..။
မြိုင်ရာဇာ ချက်ကြီ

0 comments:

Post a Comment