ဝိညာဉ်ရှိုက်သံ

2-5-2009
နာဂစ်(၁)နှစ်ပြည့် ၀မ်းနည်းခြင်းအမှတ်တရ ခံစားတင်ပြပါသည်။
သူမနှင့်ရင်းနှီးလာခဲ့တာ ကလေးဘ၀ကတည်းက စခဲ့တာပေါ့်။ ပြေးတတ်ခါစ အရွယ်မှာလဲ သူမအနီး၌ပင်ပြေးလွှားဆော့ကစားခဲ့ဖူးတယ်။ သူမနှင့်ကျနော်ဟာ ငယ်ပေါင်းကြီးဖော်တွေဘဲလေ။ အချိန်တွေကြာလာတော့ သူနဲ့ကျနော် သံယောဇဉ်တွေ တဆင့်ပြီး တဆင့် ခိုင်မာလာခဲ့တယ်။ တနေ့ တစ်ခါလောက်မှ သူ့မကို မတွေ့ရမမြင်ရရင် ကျနော်မနေနိုင်လောက်အောင်ပါဘဲ။ ဒီလောက်ထိ ကျနော်သူမကိုချစ်ခဲ့တယ်။ သူမနှင့်အတူ လမ်းတွေလျှောက်ပြီး စကားတွေ ဖောင်ဖွဲ့ခဲ့ဖူးတယ်။ သူ့မကိုကြည့်ပြီး သူမရဲ့အလှကို တ၀ကြီး ခံစားခဲ့ဖူးတယ်။ လရောင်မရှိတဲ့ညတွေမှာပေါ့ သူမအနီးမှာထိုင်ပြီး ချစ်တဲ့အကြောင်းတွေ ရင်ဖွင့်ဖူးခဲ့တယ်။ လရောင်ဆန်းတဲ့ညတွေမှာလည်း သူမရဲ့မျက်နှာပေါ်က လင်းလင်း လက်လက် အပြုံးတွေကို မက်မောခဲ့ဖူးတယ်။ သူမရဲ့ရင်ခွင်ကျယ်ကြီးထဲမှာလဲ မှေးစက်အိပ်ပျော်ခဲ့ဖူးတယ်။ အရွယ်ရောက်လို့ လုပ်ငန်းခွင်ထဲ ၀င်တဲ့အခါမှာလည်း တစ်ယောက်ကို တစ်ယောက် ကူညီရင်း ပျော်ရွှင်စွာ ဘ၀ခရီးဆက်ခဲ့ကြတယ်။
မှတ်မှတ်ရရပေါ့၊ အဲဒီနေ့က (2008)မေလ (2)ရက်နေ့လေ။ အဲဒီနေ့မှာ သူမသစ္စာဖောက်တော့မယ်ဆိုတဲ့ သတင်းကို လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားလို့ပေါ့…။ ကျနော် ဘေးစကားကို မယုံကြည်ခဲ့ပါဘူး။ အဲဒီအကြောင်းတွေကိုမေးဖို့ သူ့မဆီကို ကျနော်သွားခဲ့တယ်လေ။ သူမရဲ့ရှေ့မှာ ကျနော်ခြေစုံရပ်လို့ သူ့မကိုငေးကြည့်နေမိတယ်။ သူမအကြည့်က အေးစက်မာကြောလို့ပေါ့။ ရက်စက်တော့မယ်ဆိုတဲ့ ဟန်ပန်နဲ့ ကျနော့်ကိုလှည့်၍ပင်မကြည့်တော့။ သူမသစ္စာဖောက်တော့မယ်ဆိုတဲ့ သတင်းကို ကျနော် လုံးဝလက်ခံလိုက်ပါပြီ။ ဒါပေမယ့် အခုလောက် သူမရက်စက်လိမ့်မယ်လို့ ကျနော် စိုးစဉ်းမျှမထင်ခဲ့ပါ။ အဲဒီည- အနောက်တောင်အရပ်မှာ မှောင်မဲလို့လာခဲ့တယ်။ အရင်က ခပ်အေးအေး သီချင်းဆိုတတ်တဲ့ လေနုအေးကလည်း သစ်ပင်တွေကို ခပ်ပြင်းပြင်း နမ်းရှိုက်စပြုလာခဲ့တယ်။ ကောင်းကင်ကလည်း ဒေါသကြီးနေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာလို နီမြန်းညို့မှိုင်းနေတယ်။ အဲဒီအချိန်မှာပဲ သူမရဲ့ ရက်စက်မှုကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါတယ်။ သူမရဲ့ ဒေါသလှိုင်းလုံးတွေထဲမှာ ကြမ္မာဆိုးနဲ့အတူ တမလွန်မှ ကျနော့်ရဲ့ ငိုရှိုက်သံတွေဟာလဲ ပဲ့တင်ထပ်လို့ပေါ့….။
“ နင် သိပ်ရက်စက်တယ်။ ငါ့ရင်ဘက်ကို အစိမ်းသက်သက် ခွဲတယ်။ ငါ့ကို ရက်စက်ရုံတင်မကဘူး ငါ့အမေ၊ အဖေ၊ ညီအစ်ကိုမောင်နှစ်မ ဆွေမျိုးသားချင်းနဲ့ ရွာသားအားလုံးကို နာဂစ်ဆိုတဲ့ အရိုင်းအစိုင်းကောင်ကြီးနဲ့ ပေါင်းပြီး ရက်ရက်စက်စက် သတ်ခဲ့တယ်။ ၀ါးမျိုစားသောက်ခဲ့တယ်။ မိကွဲဖကွဲ ဖြစ်အောင်လဲ နင် ရက်စက်တယ်၊ သေကွဲ ရှင်ကွဲဖြစ်အောင်လဲ နင်လုပ်ခဲ့တယ်။ ငါတို့ရဲ့ အိုးအိမ် စည်းစိမ်တွေ နင်ဖျက်ဆီး ခဲ့တယ်။ ငါ့အပေါ်ကို ဒီလောက်ရက်စက်လိမ့်မယ်လို့ မထင်ဘူးဟာ။ နင့်ကို ငါထာဝရ မုန်းလိုက်ပြီ၊ အမုန်းကြီးမုန်းလိုက်ပြီ၊ ဒို့ကို ရက်စက်တဲ့ နင့်ကိုလည်း ဘယ်တော့မှ ကမ္ဘာမကျေဘူး။ အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတာ နင်သိမှာပါ။ အခုတော့ …..နင့်ရဲ့ဘေးမှာ အမုန်းမျက်လုံးများစွာနဲ့ ဒို့ရဲ့ ၀ိညာဉ်ရှိုက်သံတွေကို နင်..နားစွင့်လိုက်စမ်းပါ….။(ပင်လယ်ကြီးကို မုန်းတယ်ဟေ့……လို့ ပဲ့တင်ထပ်နေမှာပါပဲ..။)
လင်္ကာဒီပအရှင်

0 comments:

Post a Comment