“ တမ္ဗပဏ္ဏိမှ မှတ်တမ်း ”




သာသနာ့သမိုင်းမှာ အလွန်ထင်ရှားခဲ့တဲ့ သီဟိုဠ်ခေတ် စံတော်ဝင် အရိယာရဟန္တာပုဂ္ဂိုလ် အများအပြား သီတင်းသုံးနေထိုင်ခဲ့ရာ အိန္ဒိယနိုင်ငံတောင်ဘက် အိန္ဒိယသမုဒ္ဒရာအတွင်း၌ တည်ရှိတဲ့ သီရိလင်္ကာနိုင်ငံသို့ ၂၀၀၇ ခုနှစ်ရဲ့ နောက်ဆုံးရက်တစ်ရက်မှာ ရောက်ရှိလာခဲ့ပါတယ်။ ယခင်က သီဟိုဠ်ကျွန်းလို့ ခေါ်ဆိုကြပြီး ပါဠိစာပေတွေထဲမှာတော့ သီဟဠ၊ တမ္ဗပဏ္ဏိ၊ လင်္ကာဒီပ ဆိုပြီး ခေါ်ဝေါ်ခဲ့ကြတဲ့ ဒီနိုင်ငံကိုရောက်တော့ မထင်မှတ်တဲ့ အတွေ့အကြုံလေးတစ်ချို့က ကိုယ့်အတွက် မှတ်တမ်းလေးတွေ ဖြစ်ခဲ့ပါတယ်။ သေချာတာတစ်ခုက အဲဒါဟာ ဘုရားဖူးမှတ်တမ်း မဟုတ်သလို၊ ခရီးသွားလမ်းညွှန်းမှတ်တမ်းတစ်စောင်လည်း မဟုတ်ခဲ့ပါဘူး။ ပြောနိုင်တာကတော့ ကိုယ့်အတွေ့အကြုံလေးတစ်ချို့နဲ့ ခံစားချက်လေးတွေ ထည့်ထားတဲ့ မှတ်တမ်းလေး တစ်ခုပါပဲ။
ဒီနိုင်ငံကိုရောက်တော့ ပထမဦးဆုံး အလွန်စိတ်ဝင်စားခဲ့တဲ့ အကြောင်းအရာက ပန်းကလေးတွေနဲ့တူတဲ့ ကလေးလေးတွေနဲ့ ပတ်သက်နေခဲ့ပါတယ်။ တကယ်တော့ ကိုယ်နေတဲ့ကျောင်းက တရားရိပ်သာ(Meditation Centre)တစ်ခုပါ။ ဒါကြောင့်လည်း တရားလာအားထုတ်တဲ့ ယောဂီတွေကိုသာ အထူးသဖြင့် တွေ့ရလေ့ရှိပါတယ်။ ဒီကိုရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဆွမ်းစားကျောင်း အပြင်ဘက်က ခုံတန်းတွေပေါ်မှာ အဖြူရောင်တူညီဝတ်စုံတွေ ၀တ်ထားတဲ့ ကလေးလေးတွေကို မိခင်ဖြစ်သူတွေနဲ့အတူ စပြီး တွေ့တွေ့ခဲ့ရတယ်။ သူတို့လေးတွေကလည်း ဒီနိုင်ငံသားမဟုတ်တဲ့ကိုယ့်ကို စူးစမ်းနေတဲ့မျက်ဝန်းနဲ့ အမြဲတန်း လိုက်ကြည့်လေ့ရှိကြတယ်။ ဒါတွေက သိပ်မဆန်းပေမယ့် တွေ့လိုက်တိုင်းလည်း ဒီလိုအချိန် ဒီအဖြူရောင် ၀တ်စုံလေးတွေနဲ့ ကလေးလေးတွေကို ဒီလိုနေရာမျိုးမှာ တွေ့တွေ့နေရတာကတော့ နည်းနည်း ဆန်းနေသလိုပါပဲ။ ဒီကလေးတွေ ဒီကျောင်းကို ဘာလာလုပ်တာလဲပေါ့…လို့ ကိုယ့်ဘာသာကိုယ် တွေးနေမိတယ်။
ပြီးတော့ သူတို့က နေ့တိုင်းလာတာလည်း မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကို တွေ့လိုက်ရင်လည်း ဆွမ်းစားကျောင်းက ပြန်လာတဲ့အချိန် ၇း၃၀ လောက်မှာ အဲဒါက ပုံမှန်အချိန်ပဲ။ ဒီလိုနဲ့… တစ်ရက်မှာတော့ အပြုံးချိုချိုလေးနဲ့ မိခင်ဖြစ်သူအမျိုးသမီးက လာပြီးမိတ်ဆက်ပါတယ်။ သူနဲ့ကပ်ရက်မှာတော့ ကိုယ့်ကိုစူးစမ်းနေတဲ့ မျက်ဝန်းတွေနဲ့ ပြုံးပြလေ့ရှိတဲ့ ကလေးလေးနှစ်ယောက်ကိုလည်း တွေ့လိုက်ရပါတယ်။ အဲဒီနောက် မိခင်ဖြစ်သူက သူ့သားနဲ့သမီးအကြောင်းကို ပြောပြရင်း ကလေးတွေနဲ့ မိတ်ဆက်ပေးပါတယ်။ ရှစ်နှစ်အရွယ်သားငယ်နဲ့ ဆယ်နှစ်အရွယ် သမီးလေးကလည်း သူတို့ရဲ့ မိခင်လိုပဲ ယဉ်ကျေးသိမ့်မွေ့ ကြပါတယ်။ အင်္ဂလိပ်စကားကိုလည်း ပြောနိုင်ကြပါတယ်။ ကလေးတွေကို Sunday School လိုက်ပို့ပေးတာ ဖြစ်ကြောင်း အဲဒီအမျိုးသမီးက ပြောပြတော့မှပဲ သူတို့ဒီကိုလာရတဲ့အကြောင်းရင်းကို အပြည့်အစုံ သိလိုက်ရပါတယ်။ တကယ်တော့ သူတို့ အဓိကလာတဲ့နေရာက ကိုယ်နေတဲ့တရားရိပ်သာကို မဟုတ်ပါဘူး။ ဒီကျောင်းဝင်းရဲ့ကပ်ရက် ဘုန်းတော်ကြီးကျောင်းက Sunday School ကို လာတာဖြစ်ပြီး ဟိုဘက်မှာ လူအရမ်းများနေလို့ ကျောင်းချိန်မစခင် ဒီမှာခဏ၀င်ပြီး ကလေးတွေကို မနက်စာမုန့်ကျွေးရင်း လာဝင် နားတာပါ..လို့ ရှင်းပြတော့မှ သဘောပေါက်သွားတော့တယ်။
ဟုတ်ပါတယ်… ကိုယ်နေတဲ့ ကျောင်းဝင်းရဲ့ဘယ်ဘက်ကပ်ရက်မှာ ဒီနိုင်ငံရဲ့သမ္မတကိုးကွယ်တဲ့ဘုန်းတော်ကြီးကျောင်း ရှိပါတယ်။ အဲဒီကျောင်းကို လေးငါးခေါက်လောက် ရောက်ဖူးပြီး ကျောင်းထိုင်ဆရာတော်နဲ့လည်း စကားပြောဖူးပါတယ်။ Buddhist Channel ဆိုပြီး ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်းအရာများကို ရိုက်ကူးထုတ်လွှင့်တဲ့ TV အစီအစဉ်တွေလည်း အဲဒီကျောင်းထဲမှာ ရှိပါတယ်။ ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေကဏ္ဍတွေကိုလည်း ရိုက်ကူးတဲ့ အသံလွှင့် Studio-ခန်းထဲကို ကိုယ်တို့ကို လိုက်ပြပေးဖူးပါတယ်။ ဒါပေမယ့် အဲဒီကျောင်းမှာ ကလေး ၅၀၀ ကျော်လောက်ကို သင်ကြားပေးနေတဲ့ (သူတို့ဘာသာစကားနဲ့ ဆိုရင်) Daham Pasala လို့ခေါ်တဲ့ ဓမ္မကျောင်း သို့မဟုတ် Sunday School အစီအစဉ် ရှိတယ်ဆိုတာကို တကယ်မသိခဲ့ပါဘူး။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကဖွင့်တဲ့ Sunday School ဆိုတာကိုလည်း အဲဒီအမျိုးသမီးနဲ့ စကားပြောတော့မှပဲ ပထမဦးဆုံး ကြားဖူးခဲ့ရတာပါ။ အလွန်လည်း စိတ်ဝင်းစားခဲ့ပါတယ်။ ဒါကြောင့်လဲ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်မိပါတယ်။ ဒီတော့မှ Sunday School ဆိုတဲ့စနစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတစ်ဝှမ်းလုံးက ဗုဒ္ဓဘာသာကျောင်းသားကျောင်းသူအားလုံးနီးပါး တက်ရောက်သင်ကြားကြတယ် ဆိုတာကို အံ့သြစွာနဲ့ သိခွင့်ရခဲ့ပါတယ်။ (ဒေသခံတွေကတော့ သူတို့ဘာသာစကားနဲ့ Daham Pasala ဓမ္မကျောင်းလို့ပဲ ခေါ်ဝေါ်ကြပြီး နိုင်ငံခြားသားတွေနဲ့ ပြောတဲ့အခါလောက်မှ Sunday School ဆိုတာကို သုံးကြတာပါ)
အမှန်တော့ ဒီသင်ကြားရေးစနစ်ကို စတင်ခဲ့တာက ၁၈၉၅-ခုနှစ်ကတည်းကပါ။ သီရိလင်္ကာနိုင်ငံဟာ ၁၅၀၅-ခုနှစ်ကတည်းက ပေါ်တူဂီနယ်ချဲ့အစိုးရလက်အောက်ကို ရောက်ရှိခဲ့တာ ဖြစ်ပြီး၊ ၁၆၃၈ မှာတော့ ဒတ်ခ်ျ နယ်ချဲ့အစိုးရကလဲ ၀င်ရောက်သိမ်းပိုက်ခဲ့ပါသေးတယ်။ နောက်ပိုင်း ၁၈၇၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိတော့ ဗြိတိသျှအစိုးရလက်အောက်ကို ရောက်ရှိခဲ့ပြန်ပါတယ်။ နယ်ချဲ့အစိုးရတွေရဲ့ လက်အောက် ကျရောက်ခဲ့ပြီး နောက်ပိုင်း ဘာသာရေးနဲ့ပညာရေးနယ်ပယ်မှာ ခရစ်ယာန်ဘာသာ ကြီးစိုးလာခဲ့ပါတယ်။ နယ်ချဲ့အစိုးရ လက်အောက်မှာ မှေးမှိန်လာခဲ့တဲ့ ဗုဒ္ဓဘာသာစာပေ ယဉ်ကျေးမှုတို့ကို ပြန်လည်ထိန်းသိမ်းရန်အတွက် ဗုဒ္ဓဘာသာသံဃာတော်များရဲ့ ကြိုးပမ်းဆောင်ရွက်မှုများ ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အထင်ရှားဆုံးလည်းဖြစ် ဓမ္မကျောင်း သို့မဟုတ် Sunday School ကို စတင် တည်ထောင်ခဲ့သူလည်းဖြစ်တဲ့ ဆရာတော်ကတော့ Ven. Migettuwatte Gunananda ဖြစ်ပါတယ်။ ဆရာတော်ဟာ အခက်အခဲမျိုးစုံ၊ အဖိနှိပ် မျိုးစုံကို ကျော်လွှားပြီး ၁၈၉၅ ခုနှစ်မှာ Galle မြို့၊ ၀ိဇယနန္ဒာကျောင်း (Vijayananda Temple) တွင် ဓမ္မကျောင်း သို့မဟုတ် Sunday School ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဒီသင်ကြားရေးစနစ်ကို တစ်နိုင်ငံလုံးရှိဗုဒ္ဓဘာသာဝင်တွေ တညီတညွတ်တည်း ပူးပေါင်းပါဝင်လာအောင် ဆရာတော်သံဃာတော်များနှင့်အတူ ဒကာ၊ဒကာမများကလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ ဦးဆောင်လှုပ်ရှားသူ လူပုဂ္ဂိုလ်တစ်ဦးကတော့ အမေရိကန်နိုင်ငံသား Colonel Steel Henry Olcott ဖြစ်ပါတယ်။
Colonel Olcott ဟာ ၁၈၈၀ ခုနှစ်မှာ ဒီနိုင်ငံကို ရောက်ရှိလာပြီး မကြာခင်မှာပဲ ၀ိဇယနန္ဒာကျောင်း ဆရာတော် Ven. Migettuwatte Gunananda ကို အကြောင်းပြုကာ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်လာရာမှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဓမ္မကောလိပ်တွေ၊ ဓမ္မကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ သင်တန်းတွေကို နိုင်ငံတစ်ဝှမ်းလုံးမှာ အများအပြား ပေါ်ပေါက်လာအောင် ဦးဆောင် လှုပ်ရှားခဲ့သူအဖြစ်လည်း ဒီနိုင်ငံရဲ့သမိုင်းမှာ ထင်ရှားခဲ့ပါတယ်။ သူ့ရဲ့မှတ်စု အတွဲ (၃) စာမျက်နှာ ၁၄၃ မှာ ရေးသားခဲ့သော “ငါ့မှာ အရေးကြီးသော အကြံအစည်တစ်ခုရှိသည်။ ဤသည်ကား ဗုဒ္ဓဘာသာအတွက် အထူးသဖြင့် ကလေးများအတွက် ဗုဒ္ဓဘာသာပညာရေးကို စတင်ရန်” ဟူသော စာသားဟာ ဗုဒ္ဓဘာသာဝင်များအကြားတွင် ထင်ရှားခဲ့တယ်။
၁၈၉၅ ခုနှစ်က Galle မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကနေ ကိုယ့်အား ကိုယ်ကိုးစနစ်နဲ့ စတင်ခဲ့တဲ့ ဓမ္မကျောင်းတွေဟာ ဆယ်စုတစ်ခုအတွင်းမှာပဲ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပျံ့နှံ့ သွားခဲ့ပါတယ်။ နယ်ချဲ့အစိုးရလက်အောက် ကျရောက်နေစဉ် လွတ်လပ်ရေးမရခင် အစောပိုင်းနှစ်တွေ ကတည်းက ဓမ္မကျောင်းလို့ ခေါ်ကြတဲ့ Sunday School စနစ်ဟာ ဒီနိုင်ငံမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေခဲ့ပါပြီ။ ဘာသာခြား တိုင်းတစ်ပါးသား အစိုးရလက်အောက်အတွင်း အဖိနှိပ်အချုပ်ခြယ်ကြားထဲမှာ Private ကျောင်းအသွင်နဲ့ တစ်နိုင်ငံလုံးမှာ အမြစ်တွယ်သွားအောင် လုပ်ဆောင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စရပ်တစ်ခု မဟုတ်တာတော့ သေချာပါတယ်။ ဒီနေရာမှာ ကိုယ်တို့ သတိထားရမယ့်အချက် ၂-ချက် ရှိပါတယ်။ ပထမအချက်က ဒီနိုင်ငံကို ကြည့်မယ်ဆိုရင် ကိုလိုနီနယ်ချဲ့အစိုးရလက်အောက်ကို နှစ်ပေါင်း ၄၀၀ ကျော်ကြာအောင် ကျရောက်ခဲ့ပြီးတဲ့အချိန်မှာတောင်မှ ဗုဒ္ဓဘာသာ ပညာရေးစနစ်တစ်ခုကို ခိုင်ခိုင်မာမာနဲ့ ဦးမော့လာနိုင်အောင် လုပ်နိုင်စွမ်း ရှိခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်တို့နိုင်ငံကို ကြည့်မယ်ဆိုရင် ကိုလိုနီအစိုးရလက်အောက်ကို မကျရောက်ခင်ကတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဟာ နိုင်ငံရဲ့ အဓိကပညာရေး အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ရပ်တည်နိုင်ခဲ့တာပါ။ ဒါပေမယ့် ကိုလိုနီခေတ်လည်းရောက်ရော ဘုန်းတော်ကြီးသင်ပညာရေးစနစ်လည်း အညွန့်ချိုးခံလိုက်ရတာ ပြန်ပြီးနလံမထူနိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။ (ဒီနိုင်ငံနဲ့ ကိုယ်တို့နိုင်ငံ လွတ်လပ်ရေးရတာ တစ်နှစ်ထဲဖြစ်သလို၊ အဲဒီအချိန်တုန်းက အုပ်ချုပ်ခဲ့တဲ့ ကိုလီုနီအစိုးရဟာလည်း တစ်ခုတည်းရယ်ပါ။)
နောက်ဒုတိယအချက်ကတော့ လူမျိုးခြား Colonel Olcott ပါပဲ။ ဗုဒ္ဓဘာသာဟာ သူရဲ့ဘိုးဘွား အစဉ်အဆက်က ကိုးကွယ်ခဲ့တဲ့ဘာသာမဟုတ်သလို၊ သူရဲ့နိုင်ငံတော်ဘာသာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူက ဗုဒ္ဓဘာသာအတွက် ဘယ်လောက်တောင် ကြိုးစားဆောင်ရွက်ခဲ့သလဲဆိုတာကို သူတည်ထောင်ခဲ့တဲ့ ဓမ္မကောလိပ်တွေ၊ ဓမ္မကျောင်းတွေ၊ သူ့ကို အမှတ်ရကြလို့ ဂုဏ်ပြုကာ ထုလုပ်ထားတဲ့ ကိုလံဘိုမြို့လယ်ရှိ သူ့ရဲ့ရုပ်တုကြီးက သက်သေပြနေဆဲပါ။ သူကတော့ သေဆုံးသွားပေမယ့် သူပျိုးထောင်ပေးခဲ့တဲ့ အရာတွေကတော့ ရှင်သန်ကြီးထွားနေဆဲပါ။ ဒီလိုဆိုရင် ကိုယ်တို့ကျတော့ရော… ဗုဒ္ဓဘာသာဟာ ကိုယ်တို့ဘိုးဘွားအစဉ်အဆက် ကိုးကွယ်ခဲ့တဲ့ဘာသာ၊ ကိုယ်တို့နိုင်ငံရဲ့ အဓိကဘာသာ၊ ပြီးတော့ “အမျိုး၊ဘာသာ၊သာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြပါ” ဆိုတဲ့ သြ၀ါဒကို သိတတ်နားလည်စ အရွယ်ကတည်းက ကြားနေခဲ့ရတာ ယနေ့အထိ အကြိမ်ပေါင်းမနည်းတော့ပါဘူး။ ကြားခဲ့ရတဲ့ အချိန်တိုင်းမှာလည်း ကိုယ်တို့ကတော့ ခေါင်းလေးတညိတ်ညိတ်နဲ့ပေါ့။ ခေါင်းညိတ်ရုံကလွဲပြီး ဘာမှမလုပ်ဖြစ်ခဲ့သေးတဲ့ကိုယ့်အဖြစ်ကို တကယ်လို့ Colonel Olcott သာ တွေ့ရင် ကိုယ့်ကို ဟားတိုက်မှာ သေချာပါတယ်။ ဒါ့အပြင် သူက သူ့နိုင်ငံသား မဟုတ်တဲ့ကလေးတွေအတွက် ဒီလောက်တောင် စေတနာထား လုပ်ဆောင်နိုင်ခဲ့တယ်ဆိုရင် ကိုယ်တို့ကတော့ရော ကိုယ်တို့နိုင်ငံက ကလေးတွေအတွက် ဘာတွေလုပ်ပေးခဲ့ကြပြီးပြီလဲ..။ အင်း…. ဒီအချက်ကတော့ ကိုယ့်အတွက် အလေးအနက်ထားစရာ အချက်တစ်ခုပါပဲ။
ဒီလိုနဲ့ အခက်အခဲတွေကြားက ရုန်းထွက်ဦးမော့ခဲ့တဲ့ ဓမ္မကျောင်း သို့မဟုတ် Sunday School စနစ်ဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ သမိုင်းမှာ ထင်ရှားတဲ့ ဝန်ကြီးချုပ်-Bandranaike ကြောင့် ပိုပြီး အရောင်တောက်ပခဲ့ပါတယ်။ သူ ဝန်ကြီးချုပ်ဖြစ်တဲ့ ၁၉၅၆ ခုနှစ်တွင် ဒီ Sunday School လို့ခေါ်တဲ့ ဓမ္မကျောင်းတွေကို သာသနာရေးဝန်ကြီးဌာနလက်အောက်က ဖွင့်တဲ့ အစိုးရကျောင်းတွေအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပါတယ်။ အတန်းတိုင်းအတွက် သင်ရိုးပြဌာန်းစာအုပ်တွေကိုလည်း သာသနာရေး ၀န်ကြီးဌာနက ရိုက်နှိပ်ထုတ်ဝေပြီး တစ်နိုင်ငံလုံးရှိ ဓမ္မကျောင်းမှ ကျောင်းသားကျောင်းသူများ အားလုံးကို အခမဲ့ ဖြန့်ဝေပေးပါတယ်။ စာမေးပွဲတွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပပေးတာဖြစ်ပြီး စာမေးပွဲနဲ့ ပတ်သတ်တာမှန်သမျှကိုလည်း တာဝန်ယူပြီး စီစဉ်ပေးပါတယ်။ ပြီးတော့ ဓမ္မကျောင်း သို့မဟုတ် Sunday School ၀တ်စုံဆိုပြီးတော့ သီးသန့်သတ်မှတ်ပေးခဲ့သေးတယ်။ ယောင်္ကျားလေးတွေအတွက်က ဒီနိုင်ငံရဲ့ အမျိုးသားဝတ်စုံနဲ့ ဆင်တူတဲ့ လည်ကတုံးရှပ်အင်္ကျင်္ီလက်ရှည်အဖြူနဲ့ လုံချည် အဖြူဖြစ်ပြီး မိန်းကလေးတွေ အတွက်ကတော့ ဒီနိုင်ငံရဲ့ ရိုးရာဝတ်စုံဖြစ်တဲ့ Kandyဆာရီနဲ့ အနည်းငယ်ဆင်တဲ့ (သူတို့အခေါ်) Half ဆာရီ ဆိုတဲ့ အထက်အောက် အဖြူရောင်ဝတ်စုံလေးဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရက အထက်တန်းကျောင်း အောင်လက်မှတ်များလိုပဲ ဓမ္မကျောင်းအောင်လက်မှတ်ကိုလည်း ချီးမြှင့်ခဲ့ကြပါတယ်။
ဒီလိုစနစ်တကျနဲ့ သပ်သပ်ရပ်ရပ်ဖြစ်လာတဲ့ Sunday School စနစ်ဟာ ယခု သမ္မတ Mahinda Rajapaksa လက်ထက်မှာတော့ ပံ့ပိုးမှုတွေ အားပေးမှုတွေ ပိုပြီး အားကောင်းလာခဲ့ပါတယ်။ သမ္မတကိုယ်တိုင်ကလည်း ကလေးတွေကို Sunday School တက်ဖို့ သူ့မိန့်ခွန်းတွေထဲကနေရော အပြင်မှာဆုံတွေ့တဲ့အခါမှာရော အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။ သာမန်အောင်လက်မှတ် အဆင့်သာရှိတဲ့ ဓမ္မကျောင်းအောင်လက်မှတ်ကိုလည်း အဆင့်အတန်းမြှင့်တင်ပေးခဲ့ပါတယ်။ အစိုးရဌာနဆိုင်ရာ အလုပ် ခန့်အပ်မှုမှာ ဒီ Sunday School အောင်လက်မှတ်ဟာ အရေးပါတဲ့ ကန့်သတ်ချက်တစ်ခုအနေနဲ့ လိုအပ်နေပြီး အဲဒါကိုလည်း အစိုးရက တရားဝင်ထုတ်ပြန်ထားကြောင်း ကျောင်းသားမိဘတွေက ပြောပြကြပါတယ်။ (ဒီနေရာမှာ.. တခြားဘာသာခြားတွေအတွက်ဆိုရင်တော့ သက်ဆိုင်ရာ ဘာသာရဲ့ အောင်လက်မှတ်ကို ဆိုလိုပါတယ်လို့ ရှင်းပြကြပါတယ်။) “ အခုဆိုရင် Sunday School အောင်လက်မှတ်ဟာ တက္ကသိုလ်ဆက်တက်မဲ့ ဗုဒ္ဓဘာသာကျောင်းသားကျောင်းသူတွေအတွက် အရေးပါတဲ့ လက်မှတ်တစ်ခု ဖြစ်နေပါပြီး” လို့ အဲဒီမှာ စာသင်ပေးနေတဲ့ သီလရှင်ကြီးတစ်ပါးက ဂုဏ်ယူစွာနဲ့ ပြောတုန်းက ကိုယ့်မှာတော့ သူနဲ့အတူရောပြီး (သူတို့အတွက်) ၀မ်းသာဂုဏ်ယူနေမိတယ်။
ဒီနိုင်ငံကိုရောက်ပြီးနောက်ပိုင်း အပြင်သွားစရာကိစ္စပေါ်ရင် အမြဲလိုလိုလိုက်ပို့ပေးတတ်တဲ့ ဒကာမကြီးက တချို့သော သူ့ရုံးပိတ်ရက်တွေမှာ တခြားမြို့တွေက ဘုရားတွေဆီ လိုက်ပို့ပေးလေ့ရှိပါတယ်။ ကိုယ်တို့ ခရီးထွက်ချိန် တနင်္ဂနွေ မနက်စောစောတွေမှာ ဆိုရင် ဖြတ်ကျော်သွားနေတဲ့ မြို့တွေ ရွာတွေရဲ့ လမ်းဘေးတလျှောက်မှာတော့ ဓမ္မကျောင်းက ကလေးများရဲ့ ၀တ်စုံ အဖြူရောင်တွေ လွှမ်းနေတော့တာပေါ့..။ အဖြူရောင်တူညီဝတ်စုံလေးတွေနဲ့ ကလေးတွေရဲ့ ခြေလှမ်းတွေက လန်းဆန်းတက်ကြွစွာ ဘုန်းတော်ကြီးကျောင်းဆီ ဦးတည်လို့ ..၊ သူတို့လေးတွေရဲ့ မျက်နှာမှာတော့ အပြုံးပန်းတွေဝေလို့..၊ သူတို့အာရုံထဲမှာတော့ သူတို့သွားနေတဲ့ ဘုန်းတော်ကြီးကျောင်းဟာ သူတို့အတွက် စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တတွေ အရောင်မြှင့်တင်ပေးတဲ့နေရာ စံပြပုဂ္ဂိုလ်တွေအကြောင်းကို လေ့လာခွင့်ရမဲ့နေရာ…. ဆိုပြီး ယုံကြည်မှုတွေပြည့်လို့..။ ကားပေါ်ကနေ လှမ်းမြင်နေရတဲ့ ဒီမြင်ကွင်းတွေကတော့ ကိုယ့်အတွက် ကျက်သရေရှိလွန်းလှပါတယ်။ မြို့တွေ၊ ရွာတွေ ဖြတ်သွားတိုင်း အဲဒီလိုမြင်ကွင်းမျိုးကို ကိုယ်က မရိုးနိုင်အောင် လိုက်ငေးနေတော့တာပဲ။ ကားက မြို့တွေရွာတွေကို ကျော်လွန်သွားပေမဲ့လည်း ကိုယ့်အာရုံထဲမှာတော့ အတွေးတွေက တ၀ဲလည်လည်ပါပဲ။ အင်း…ဒီလိုအချိန်မျိုးမှာ ကိုယ်တို့နိုင်ငံက ကလေးတွေရော ဘယ်ဆီကိုများဦးတည်သွားနေကြမလဲ….၊ သူတို့တွေကရော ဘုန်တော်ကြီးကျောင်းတွေကို ဘယ်လို သဘောထားကြမလဲ……..။
တစ်ခါမှာတော့ ရှေးဟောင်းဆင်းတုတော်တွေဖူးရန်နဲ့ ရှေးဟောင်းအဆောက်အဦလေးတစ်ခုကို လေ့လာရန် နယ်မြို့တစ်မြို့ရဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို မိတ်ဆွေတွေက ခေါ်သွားပါတယ်။ ဖြစ်ချင်တော့ ကိုယ်တို့ရောက်သွားတဲ့ အချိန်က Sunday School စာသင်ချိန်ဖြစ်နေပါတယ်။ ဒါနဲ့ ကိုယ်တို့လဲ စာသင်နေတဲ့နေရာကို အရင်သွားပြီး လိုက်ကြည့်ကြပါတယ်။ အဲဒီမှာတွေ့ရတာကတော့ အသက်အရွယ်လိုက် အတန်းတွေ ခွဲခြားထားပါတယ်။ သူငယ်တန်း၊ ပြီးတော့ ၁တန်းကနေ ၁၀တန်းအထိရှိတဲ့အပြင် (Finnal 1 ,2) နောက်ဆုံးနှစ် ၂နှစ် အပါအ၀င် အတန်းတွေကို အဆင့်ဆင့် ခွဲခြားထားတယ်လို့ ဆိုပါတယ်။ ဒီဓမ္မကျောင်း သို့မဟုတ် Sunday School အတွက် သင်ရိုးပြဌာန်းထားတာတွေကတော့
1. Pāli language (ပါဠိဘာသာ)၊
2. History of Buddhism (ဗုဒ္ဓဘာသာသမိုင်းကြောင်း)၊
3. Biography of the Buddha (ဗုဒ္ဓ၀င်)၊
4. Biographies of very famous Buddhist monks, nuns and lay people (ဗုဒ္ဓခေတ် သာဝကကြီးများရဲ့ အတ္ထုပ္ပတ္တိများ)၊
5. Fundamental doctrines of Buddhism (ဗုဒ္ဓဘာသာရဲ့ အခြေခံတရားတော်များ)၊
6. Recitation of Pāli passages and stanzas (ပါဠိတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း)၊
7. Abhidhamma (အဘိဓဓ္မာ)၊
8. Buddhist meditation (ဘာဝနာ တရားပွားများခြင်း) တို့ဖြစ်ကြပါတယ်။ အတန်းစဉ်ကို လိုက်ပြီး သင်ရိုးတွေကို တဖြည်းဖြည်းချင်းမြှင့်ထားပါတယ်လို့ ရှင်းပြကြပါတယ်။ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေအပြင် ဆရာ၊ ဆရာမတွေကလည်း ၀ိုင်းဝန်းကူညီသင်ကြားပေးကြတာ တွေ့ရပါတယ်။ သင်ကြားရေးပိုင်းနဲ့ ပတ်သတ်ပြီး သိရှိရတာ နောက်တစ်ခုကတော့ ၁၉၆၀မှာ ဖွဲ့စည်းတည်ထောင်လိုက်တဲ့ Buddhist Theosophical Society (BTS) ဆိုတာပါပဲ။ အဲဒီအဖွဲ့က သင်ကြားမှုနည်းစနစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆရာဖြစ်သင်တန်း ဖွင့်လှစ်ရေးအတွက် ရည်ရွယ်တာပါ။ နောက်ပိုင်းမှာ Sunday School ကျောင်းသားဟောင်းများကိုလည်း ဆရာများအဖြစ် ထိုသင်တန်းများမှ မွေးထုတ်ပေးခဲ့ပါတယ်။ အစိုးရစာမေးပွဲများမှတဆင့် စဉ်ဆက်မပျက် အကဲဖြတ်ခြင်းဟာ အရည်အချင်းပြည့်ဝတဲ့ ဓမ္မကျောင်းဆရာများ မွေးထုတ်ပေးခြင်းအတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်လို့ ရှင်းပြကြပါတယ်။ သတိထားကြည့်မိသလောက်တော့ ဒီ Sunday School စနစ်ကို ဒီနိုင်ငံက ပညာတတ်လူတန်းစားတွေ အထူးအားပေးကြတာတွေ့ရပါတယ်။ အဲဒီအချက်တွေဟာ ကိုယ့်အတွက်တော့ မှတ်တမ်းလေးတွေ ဖြစ်လို့ပေါ့။
ဒီလိုနဲ့.. နိုဝင်ဘာလရဲ့ ရက်တစ်ရက်မှာတော့ မြန်မာ့သမိုင်းမှာထင်ရှားတဲ့ ကန္ဒီစာချုပ် ချုပ်ဆိုခဲ့တဲ့နေရာ၊ ဒီနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ကန္ဒီ(Kandy)မြို့ ကနေ ကီလိုမီတာ ၂၀လောက်ဝေးတဲ့ နေရာက ခြံကြီးတစ်ခြံသို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီခြံကြီးထဲမှာ ကိုယ်နဲ့ အလွန်ရင်းနှီးတဲ့ မိသားစုတစ်စုနေထိုင်ကြပါတယ်။ သူတို့မိသားစုက စီစဉ်ပြုလုပ်တဲ့ အလှူအတွက် လာဖိတ်ကြတာနဲ့ အဲဒီကိုရောက်ဖြစ်သွားရတော့တယ်။ လာကြိုတဲ့ကားက အလှူလုပ်တဲ့အိမ်ကိုရောက်တော့ မနက် ၉နာရီခွဲလောက်ရှိပါပြီ။ အဲဒီနေ့က တနင်္ဂနွေနေ့ပါ။ ကိုယ်တို့လဲရောက်တော့ အိမ်ရှင်တွေက ထွက်ကြိုနှုတ်ဆက်ကြတာပေါ့။ အဲဒီအိမ်မှာက သားသမီးဆိုလို့ ၁၃နှစ်အရွယ် သမီးလေးတစ်ယောက်ပဲရှိပြီး ကိုယ်နဲ့လဲ အလွန်ရင်းနှီးပါတယ်။ ကိုယ်ရောက်တော့ အဲဒီကလေးမလေးရဲ့ မိဘတွေကို နှုတ်ဆက်ရင်း သူ့ကို မတွေ့တာနဲ့ မေးကြည့်လိုက်တော့ “ဒီနေ့ Sunday School ရှိတယ်လေ..၊ အဲဒီမှာ အစမ်းစာမေးပွဲလေးလည်း ရှိလို့ပါ..၊ ၁၁နာရီ မထိုးခင် တရားပွဲအမီ ပြန်လာပါလိမ့်မယ်” လို့ပြန်ဖြေပါတယ်။
ပုံမှန်အချိန်ဆိုရင်တော့ ဒါက မထူးဆန်းပေမဲ့ အခုလိုအချိန်မျိုးမှာ ဒီစကားကို ကြားရတော့ နဲနဲဆန်းနေသလိုပါပဲလို့ ထင်မိတယ်။ တကယ်တော့ ဒီအလှူက သူတို့မိသားစုအတွက် အလွန်ကြီးကြီးကျယ်ကျယ်နဲ့ ပြုလုပ်ထားတဲ့ အလှူပါ။ ကိုလံဘိုက ဆရာတော်တွေနဲ့ လူတွေတချို့ကိုတောင် ဖိတ်ကြားထားတာပါ။ ပြီးတော့ သူတို့မိသားစုအတွက် ၀မ်းနည်းစရာအကောင်းဆုံး ဖြစ်ခဲ့တဲ့နေ့ကို အမှတ်တရ ပြုလုပ်တဲ့ အခမ်းအနားလေးပါ။ ဒီလိုနေ့မျိုးမှာတောင် အိမ်ရှင်ဖြစ်တဲ့ ကလေးမလေးက Sunday School ကို သွားဖို့ မပျက်ကွက်ခဲ့ဘူး။ မိဘတွေဘက်ကလည်း အားပေးတိုက်တွန်းပြီး ကြည်ကြည်ဖြူဖြူနဲ့ လိုက်ပို့ပေးတာပဲ။ ကိုယ်ကတော့ ဒီအခြေအနေလေးတွေကိုကြည့်ပြီး မိဘတွေဘက်ကရော ကလေးတွေဘက်ကပါ Sunday School အပေါ်ထားတဲ့ လေးနက်မှုတွေကို သိလိုက်ရတော့တယ်။ တကယ်တော့ သင်ကြားရေးစနစ်တစ်ခုမှာ သင်ကြားပြသပေးတဲ့သူတွေသာမက တက်ရောက်သင်ကြားကြတဲ့သူတွေဟာလည်း အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သင်ကြားရေးစနစ်တစ်ခု အောင်မြင်ဖို့ အတွက် ကလေးတွေဘက်က စိတ်ပါဝင်စားမှု အလေးအနက်ထားမှုတွေ လိုအပ်သလို မိဘတွေဘက်လဲ တိုက်တွန်းအားပေးမှု ၊ ပံ့ပိုးမှုတွေလုပ်ပေးဖို့လည်း အထူးလိုအပ်ပါတယ်။
ရောက်ရောက်ချင်း သူ့ကို မတွေ့လိုက်ရပေမဲ့ ဓမ္မကျောင်းကို လေးလေးစားစားနဲ့ မပျက်မကွက်သွားခဲ့တဲ့သူ့အတွက် ကျေနပ်နေမိတယ်။ ပီတိလည်းဖြစ်ရတယ်။ အခမ်းအနားစခါနီးမှာပဲ အဲဒီကလေးမလေး ပြန်ရောက်လာပြီး Sunday School ၀တ်စုံလေးနဲ့ တရားဝင်နာနေတာ တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ အခမ်းအနားပြီးတော့ ကိုလံဘိုလိုက်ပြန်မဲ့ ဆရာတော်တပါးက ခဏလောက်နားချင်သေးတယ် ဆိုတာနဲ့ ချက်ချင်းမပြန်ဖြစ်သေးဘဲ ခေတ္တနားဖြစ်ကြပါတယ်။ ဒါနဲ့ပဲ ကိုယ်နားဖို့အတွက်ပေးထားတဲ့ အခန်းထဲမှာပဲ ပြန်နားရင် တက္ကသိုလ်သင်ရိုးညွှန်းတမ်းထဲက စာတချို့ကို ဖတ်နေလိုက်ပါတယ်။ ဒီလိုနေရင်း တအောင့်လောက်ကြာတော့ အလှူကိုလာတဲ့ (အသက်၁၃နှစ်အရွယ်) ဒီအိမ်ရှင်ရဲ့ တူမလေးက အခန်းထဲဝင်လာပြီး ကိုယ့်ဘေးနားကို ရောက်လာပါတော့တယ်။ ကလေးတွေကလဲ ကိုယ်နဲ့ဆို အတော်ဓာတ်တည့်ကြပါတယ်။ တော်တော်လဲ ခင်ကြတယ်။ (ဒီက ကလေးတွေ အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်ကြတယ်။ တချို့ဆို ကိုယ့်ထက်တောင်သာသေး..။) အခုလဲ ကိုယ့်အနားကို ကပ်လာတဲ့ ကလေးမလေးကလဲ ကိုယ်ဘာစာတွေ ဖတ်နေတယ်ဆိုတာ စပ်စုချင်လို့လေ၊ သူက ကိုယ့်ဘေးနားကနေ စာရွက်ထိပ်က ခေါင်းစဉ်တစ်ခုကို ကြည့်ပြီး Mahasanghika Sect (မဟာသံဃိကဂိုဏ်း) ဆိုပြီး အသံထွက်ဖတ်လိုက်တယ်။ ဒါနဲ့ ကိုယ်က လက်ထဲကဖိုင်ကိုပိတ်ပြီး သူ့ကိုနောက်ချင်တာနဲ့ အဲဒါဘာလဲ..သိလားဟင် လို့ မေးလိုက်ပါတယ်။ ကလေးမလေးကလည်း ချက်ချင်းပဲ သိတာပေါ့လို့ ပြန်ဖြေတယ်။ ဒါဆိုရင် နဲနဲလောက်ပြောပြပါလားလို့ ဆိုတော့ ကလေးမလေးကလည်း အဲဒီဂိုဏ်းနဲ့ ပတ်သတ်တဲ့ အဓိကအကြောင်းအရာတချို့ကို တခါတည်း တတွတ်တွတ်နဲ့ ကိုယ့်ကို ပြောပြပါလေတော့တယ်။
ဒီလိုပြန်ကြားရလိမ့်မယ်လို့ လုံးဝမထင်ထားပါဘူး။ အမှန်တကယ်တော့ အဲဒီကလေးမလေးကို နောက်လိုက်တာပါ။ ဒီဂိုဏ်းအကြောင်း သူဒီလောက်အထိ သိနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ကိုယ်ဆိုရင်လေ သူ့အသက်အရွယ်လောက်တုန်းက မဟာသံဃိကဂိုဏ်းအကြောင်းမပြောနဲ့ အဲဒီနာမည်ကို ကြားတောင် မကြားခဲ့ဖူးဘူး။ မဟာယာန ဆိုတာကိုတာတောင် ဖားအောက်တောရရောက်တော့မှ စပြီးကြားဖူးတာ.. အော်.ဒီလိုလဲရှိပါလားပေါ့… ဒါတောင် အဲဒီတုန်းက မဟာယာနဂိုဏ်းအကြောင်း သေချာမသိခဲ့ဘူး။ (ကိုယ်ကတော့ အဲဒီလောက်ထိကို ညံ့ခဲ့တာပါ။ အင်း….ခုနေများ ကိုယ်တို့နိုင်ငံက သူ့အရွယ်ကလေးတွေကို အဲဒီလိုမေးကြည့်ရင် ဘယ်လိုဖြေကြမလဲ မသိဘူး…။)
အခု ကိုယ့်ရှေ့က ကလေးမလေးက မြို့ကြီးတွေ ကျောင်းကောင်းကောင်းကြီးတွေမှာ နေခဲ့ရသူတစ်ဦးလည်း မဟုတ်ပါဘူး။ ကန္ဒီအလွန် ရွာမြို့လေးတစ်ခုကနေ ကြီးပြင်းလာတဲ့ သာမန်အရပ်သူလေးတစ်ဦးပါ။ ဒါနဲ့ကိုယ်ကလည်း သူ့ကို ဘယ်လိုလုပ်ပြီး ဒီအကြောင်းအရာတွေကို သိနေရတာလဲလို့ မေးလိုက်တော့.. ကလေးမလေးက “ Sunday School မှာသင်ပေးတာလေ” ဆိုပြီး ပြန်ဖြေပါတယ်။ အဲဒီစကားကတော့ ကိုယ့်ရင်ဘတ်ထဲကို တည့်တည့်ကြီး ၀င်သွားသလိုပါပဲ။ ကြည့်ပါဦးလေ..ဒီလိုသာမန်ကလေးတစ်ယောက်ရဲ့ အသိဉာဏ်ထဲကို ဘာသာရေး ဗဟုသုတတွေ စွဲနေအောင် အများကြီး ထည့်သွင်းပေးနိုင်တဲ့ သူတို့ ရွာကျောင်း Sunday School က ဘုန်းတော်ကြီးတွေရဲ့ အရည်အချင်းတွေကို အလွန်လေးစားမိပါတယ်။ ဒီကလေးတွေအတွက် သူတို့ရပ်ရွာက ဘုန်းကြီးတွေ အလွန်တာဝန်ကျေကြတယ်လို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲခံစားရလိုက်ရတယ်။
မွန်းလွဲ၂နာရီကျော်လောက်မှာတော့ ကိုယ်တို့လဲ အဲဒီခြံကြီးကနေ ကိုလံဘိုကို ပြန်လာခဲ့ပါတယ်။ ခြံထဲကမထွက်မီ ကားပေါ်မတက်ခင်လေးမှာတော့ အိမ်ရှင်သမီးလေးက ခြံထဲကပန်းတွေခူးပြီး ပန်းလေးတွေနဲ့ နှုတ်ဆက်ကန်တော့ပါတယ်။ အပြန်လမ်းမှာတော့ လက်ထဲမှာကိုင်ထားတဲ့ ပန်းလေးတွေကိုငေးရင်း နေ့ခင်းက တွေ့ခဲ့တဲ့ စကားပြောခဲ့တဲ့ ပန်းလေးတွေအကြောင်း သတိရနေမိတယ်။ ဒီကပန်းလေးတွေကတော့ လောကကြီးအတွက် အလှဆုံးဖူးပွင့်ကြဖို့ တာစူနေကြပါပြီ။ ကိုယ်တို့နိုင်ငံက ပန်းကလေးတွေကရော……….။ “ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ အဲဒီနိုင်ငံရဲ့ မျိုးဆက်သစ်တွေ လက်ထဲမှာရှိနေပါတယ် ” ဆိုတဲ့စကားကို စာအုပ်တွေထဲမှာ မကြာခဏ ဖတ်ခဲ့ရဖူးပါတယ်။ မျိုးဆက်သစ် ပန်းပွင့်လေးတွေ ခွန်အားအပြည့်နဲ့ လန်းဆန်းမှုအပြည့်နဲ့ ဖူးပွင့်နေတာတွေ့ရရင် တကယ်ကြည်နူးရတယ်။
တစ်ခါတုန်းကတော့ နယ်က ကလေးမလေးတစ်ယောက် သူ့မိသားစုနဲ့ အတူ ကိုလံဘိုကို လာရင်း ကိုယ့်ဆီ အလည်ဝင်လာပါတယ်။ သူလည်း အသက်၁၃နှစ်လောက်ရှိပါပြီး။ (ဒီနိုင်ငံက ကိုယ်ရင်းနှီးတဲ့ ကလေးတွေ ၁၀ယောက်၁၅ယောက်လောက် ရှိတဲ့အထဲမှာ အသက် ၁၃နှစ်အရွယ်က ၄ယောက်ပါတယ်။) ဖြစ်ချင်တော့ အဲဒီကောင်မလေး ကိုယ့်ဆီ လာလည်တဲ့ အချိန်ကလည်း အမေရိကန်သမ္မတလောင်း Barack Obama ရဲ့ ဓာတ်ပုံတွေက သတင်းစာတွေ၊ ဂျာနယ်တွေ၊ အင်တာနက်စာမျက်နှာတွေမှာ ပလူပျံနေတဲ့ အချိန်ပေါ့။ အဲဒါတွေကိုတွေ့တော့ ကလေးမလေးက ကိုယ့်ကိုဘာပြောသလဲဆိုတော့ သူက “ Obamaကို မကြိုက်ဘူး ”တဲ့။ Obama ကို ထောက်ခံသံတွေ ကျွက်ကျွက်ညံနေတဲ့ အချိန်မှာ ဒီကလေးမလေးက မကြိုက်ဘူးလို့ ပြောလိုက်တော့ ကိုယ့်မှာ စိတ်ထဲဇဝေဇ၀ါဖြစ်သွားတယ်။ ဒါနဲ့ ဘာဖြစ်လို့ မကြိုက်တာလဲလို့ သူ့ကိုမေးတော့ သူက “ Hillary Clinton ကို ပိုကြိုက်လို့ပေါ့ ” တဲ့။ ပြီးတော့ သူက Hillary Clinton စကားပြောတဲ့ ပုံစံကို သူအလွန် သဘောကျကြောင်း ကိုယ့်ကိုပြောပြပါသေးတယ်။
အဲဒီလို သူပြောနေတဲ့ ပုံစံကလေးကို ကြည့်ပြီး ကိုယ်ကတော့ ပြုံးနေမိတယ်။ ဒါပေမဲ့ သူဆက်ပြောတဲ့ စကားတွေကြောင့် ကိုယ့်မှာဖြင့် အားရပါးရရီလိုက်မိတယ်။ အဲဒါကတော့ သူက Dr. Kondoliza Rice စကားပြောဟန်ကို ကြိုက်ပါတယ်တဲ့..၊ ဒါပေမဲ့ Dr. Rice က နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ခြေထောက်ကို အမြင့်ကြီး ချိတ်ထိုင်တာကိုတော့ သူကမကြိုက်ဘူးတဲ့။ အဲဒီစကားကိုကြားတော့ ကိုယ့်မှာဖြင့် သဘောကျလိုက်တာ။ စဉ်းစားကြည့်လေ ကလေးမလေးတစ်ယောက် (သို့မဟုတ်) လူငယ်လေးတစ်ယောက်ဟာ TV အစီအစဉ်တွေထဲက ကြော်ငြာမင်းသမီးတွေကို စိတ်ဝင်စားတာထက် လူထုကို ဦးဆောင်နေတဲ့ ပြဿနာတွေဖြေရှင်းပေးနေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို စိတ်ဝင်စားတာ ပိုမကောင်းဘူးလား..။ ရုပ်ရှင်ထဲက မင်းသမီးတွေ ပြောတဲ့ စကားလုံးတွေထက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ ပြောတဲ့ မိန့်ခွန်းတွေကို စိတ်ဝင်စားတာ ပိုမကောင်းဘူးလား…။ စတိတ်ပေါ်က မော်ဒယ်လေးတွေရဲ့ လှုပ်ရှားပုံကို စိတ်ဝင်စားတာထက် ကမ္ဘာကျော်ခေါင်းဆောင်ကြီးတွေရဲ့ လှုပ်ရှားပြုမူပုံကို စိတ်ဝင်စားတာ ပိုမကောင်းပေဘူးလား။ ကိုယ့်တူလေး၊ တူမလေးတွေက TV ဇာတ်လမ်းတွဲတွေထဲက မင်းသား၊ မင်းသမီးတွေကို သဘောကျနေချိန်မှာ ကိုယ့်ရှေ့က ကောင်းမလေးကတော့ ကမ္ဘာ့ခေါင်းဆောင် အမျိုးသမီးကြီးတွေကို အားကျလို့နေတယ်။ ဝေတောင်ဝေဖန် လိုက်သေး။ ကိုယ့်မှာတော့ သူတို့နဲ့ တွေ့လိုက်ရင် စဉ်းစားစရာတွေက ပေါ်ပေါ်လာတော့တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ.. သူတို့လေးတွေနဲ့ တွေ့ဆုံခဲ့ရတာဟာ ကိုယ့်အတွက်တော့ အမှတ်ရစရာကောင်းခဲ့ပါတယ်။
ဒီနိုင်ငံရဲ့ လူဦးရေ ၆၉%က ဗုဒ္ဓဘာသာဝင်၊ ၁၅%က ဟိန္ဒူဘာသာဝင်၊ ၈%က ခရစ်ယာန်ဘာသာဝင်၊ ၇%က မွတ်ဆလင်ဘာသာဝင်တွေ ဆိုပြီးဖော်ပြထားတာ တွေ့ရပါတယ်။ ဒီနိုင်ငံမှာက လပြည့်နေ့တိုင်းကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပေးပြီး အဲဒီနေ့ဆိုရင် ဘုန်းကြီးကျောင်းတွေ ရိပ်သာတွေမှာ ဥပုသ်သီတင်းစောင့်တည်သူတွေ ပြည့်လို့ပေါ့။ ကိုယ်နေတဲ့ ရိပ်သာမှာတော့ ပုံမှန်လပြည့်နေ့ဆိုရင် ဥပုသ်စောင့်တည်သူ ၁၀၀၀ ပတ်ဝန်းကျင်လောက်ရှိပြီး Wesak Poya Day လို့ခေါ်တဲ့ ကဆုန်လပြည့်နေလိုမျိုးမှာဆိုရင်တော့ ၂၀၀၀လောက်ရှိတတ်ပါတယ်။ မနက်၆နာရီလောက်ကတည်းက ရောက်လာကြပြီး ညနေ၅နာရီလောက်မှ ပြန်ကြတာပါ။ တရားပွဲတွေကလဲ ဆက်တိုက်ပါပဲ။ နာမည်ကြီးဆရာတော်တွေကိုလည်း တရားပွဲအတွက် ပင့်ထားလေ့ရှိပါတယ်။ အဓိကကတော့ သီလယူပြီး တရားနာကြပါတယ်။ အဲဒီသူတွေထဲမှာလည်း ကလေးတွေက အမြဲပါလေ့ရှိပါတယ်။ ဧည့်သည်လာတာ အလွန်ရှားတဲ့ ကိုယ့်အခန်းထဲမှာတော့ လပြည့်နေ့တွေဆိုရင် အထူးဧည့်သည်အဖြစ်နဲ့ ကလေးတွေကို တွေ့ရပါလိမ့်မယ်။ တဘက်ကလေးတွေပတ်ထားပြီး အထက်အောက် အဖြူရောင်ဝတ်စုံလေးတွေနဲ့ပေါ့။
လွန်ခဲ့တဲ့ ၆နှစ်လောက်တုန်းက ပြောခဲ့ဖူးတဲ့ ကိုယ့်မိတ်ဆွေရဲ့ စကားလေးတစ်ခွန်းကို ပြန်ကြားယောင်နေမိတယ်..“ ဗုဒ္ဓဘာသာကို ဘာသာရေးတစ်ခုလို ပုံစံမျိုးနဲ့ ကလေးတွေကို သင်ပေးနေလို့ ဘယ်လိုမှ မဖြစ်ဘူး။ ဘာသာရပ်တစ်ခုလို သင်ပေးရမှာ ” လို့ သူ အားရပါးရနဲ့ပြောတုန်းက ကိုယ့်မှာတော့ အဲဒီစကားကို အလွန်သဘောကျပြီး အပြည့်အ၀ထောက်ခံခဲ့ဖူးတယ်။ အခု ဒီနိုင်ငံကို ရောက်ပြီး ဒီက သင်ကြားရေးစနစ်အခြေအနေတွေကို တွေ့လိုက်ရတော့မှ ကိုယ့်ကိုယ်ကိုလည်း အတော်ရှက်မိပါရဲ့။ ကိုယ်တို့မှာတော့ ထောက်ခံလို့ကောင်းတုန်း ၊ ဆွေးနွေးလို့ကောင်းတုန်း ဖြစ်နေတဲ့ အကြောင်းအရာကို ဒီနိုင်ငံက ဘုန်းတော်ကြီးတွေ ၊ ဘာသာရေးခေါင်းဆောင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀လောက်ကတည်းက လက်တွေ့လုပ်ပြခဲ့ကြတာပါ။ ကိုယ်ကတော့ အဲဒီပုဂ္ဂိုလ်တွေကို ဦးညွှတ်ရင်း စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ စကားလေးတစ်ခွန်းကို ကြားယောင်နေမိတယ်.. “ လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” ။။

ဒေါ်ကေတုမာလာ (ဖားအောက်တောရ)
Feb 9 , 2009
(ကမ္ဘာအေးတက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းအတွက် အမှတ်တရ)
ကျမ်းကိုး-
၁။ “Buddhism in Sri Lanka A Short History” By H.R. Perera
၂။ “Educating Buddhist Children in Sri Lanka” Ven. R. Gnanaseeha
၃။ http:// www.localhistories.org/srilanka.html
၎။ http:// www.law.emory.edu/ifl/legal/ srilanka.html
၅။ http:// www.wbf.net.cn/english/BuddhistStudies/844.html

0 comments:

Post a Comment